မိုးကြောင့် မွန်တွင် ဆားရာသီ အပိတ်စော

0
420

မွန်ပြည်နယ်တွင် ယခုရက်ပိုင်း အတွင်း ရွာသွန်းသည့်မိုးကြောင့် ဆား လုပ်တောင်သူများ ဆားရာသီမကုန်ခင် မှာ ဆားလုပ်ငန်းများ သိမ်းဆည်းနေရ သည်ဟု ပြည်နယ်အတွင်းရှိ ဆားလုပ် တောင်သူများထံမှ သိရသည်။
ရာသီဥတု အခြေအနေ ကောင်းမွန် ပါက ဆားကြမ်းထုတ်လုပ်မှုကို ဒီဇင် ဘာလခန့်မှ မေလကုန်အထိ ထုတ်လုပ် နိုင်သော်လည်း ဧပြီလအကုန် မေလ ဆန်း ပိုင်းတွင် မိုးရွာသွန်းခဲ့သောကြောင့် ဆားလုပ်ငန်းများ စောပြီး သိမ်းဆည်း နေရခြင်း ဖြစ်သည်။

“အခုက လုပ်ငန်းတော်တော်များ များတော့ သိမ်းနေကြပြီ၊ ဖျက်မိုးကြောင့် ဒီနှစ်ဆားအထွက် လျော့ကျဖွယ်ရှိ တယ်”ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတု ဗေဒပစ္စည်း ထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်း (မွန်ပြည်နယ်)ရုံးမှ ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ပြောသည်။
ဆားထုတ်လုပ်ရာသီတစ်ခုလုံးတွင် ရာသီဥတုပုံမှန်ဖြစ်ပါက ဆား ၁၁ ကြိမ်အထိ သိမ်းနိုင်ကြောင်း ၎င်းက ဆက်ရှင်းပြသည်။

“ဒီရက်ပိုင်းအတွင်းမှာ ရွာလိုက်တဲ့ မိုးကြောင့် လုပ်ငန်းတွေ သိမ်းနေကြပြီ၊ ရာသီဥတုအခြေအနေက ဘယ်လိုလာမလဲ မသိတော့ ဆက်မလုပ်ကြတော့ဘူးလေ၊ လုပ်ငန်းစောသိမ်းရတော့ ဆားအထွက် လည်း လျော့တယ်”ဟု ပငဆားကွင်းမှ ဆားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် မွန်ပြည်နယ်အတွင်း၌ ဆားလုပ်တောင် သူ ၇၀ ဦးတို့မှ ဆားကွင်း ဧကပေါင်း ၂၈၃၉ တို့တွင် ဆားကြမ်းထုတ်လုပ် လျက်ရှိကာ ဆားကြမ်းတန်ချိန် ၂၇၀၀၀ ကျော် ထုတ်လုပ်ရန် လျာထားသည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်းထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့ နယ်ရှိ ပင၊ ကရုပ္ပိကျေးရွာ၊ ကျိုက်ခမီ မြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင် ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီး ကျေးရွာတို့တွင် နေလှန်းဆား အများ အပြား ထုတ်လုပ်သည်။
မွန်ပြည်နယ်မှထွက်သည့်ဆား များကို ပြည်နယ်အတွင်းအသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာ ပြည် မန္တလေး ဈေးကွက်နှင့် တနင်္သာရီ တိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်း ဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချ သည်ဟု ပြည်နယ် ဆားလုပ်ငန်းရှင် အသင်းမှ သိရသည်။