ပြန်သိမ်းမြေဧက တစ်သိန်းခွဲ နီးပါးအား စိုက်ပျိုးရန်လျှောက်နိုင်၊ ရွာနီးစပ်တွင် ဒေသခံ ဦးစားပေးမည်

0
444

တနင်္သာရီတိုင်းအတွင်းရှိ မြေဧက တစ်သိန်းခွဲနီးပါးအား စိုက်ပျိုးရေးလုပ် ငန်း လုပ်ကိုင်လိုသူများ စုံစမ်းလျှောက် ထားနိုင်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဧပြီလ ၂၅ရက်က ထုတ်ပြန် ခဲ့သည်။
ယင်းမြေများမှာ ယခင်ဒေသ အာ ဏာပိုင်များက ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများအား စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် ချထားပေးခဲ့သည့်အနက်မှ သတ်မှတ်ကာလအတွင်း စိုက်ပျိုးခြင်းမရှိ ၍ လုပ်ပိုင်ခွင့် ပြန်လည် ရုပ်သိမ်းထားပြီး သည့် မြေများဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

ယင်းမြေများတွင် စိုက်ပျိုးရေးလုပ် ငန်း လုပ်ကိုင်ရန် စိတ်ပါဝင်စားသော ဒေသနေ ပြည်သူများ၊ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ လုပ်ကိုင်လိုသည့် မြေတည်ရှိရာ မြို့နယ်လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများ တွင် စုံစမ်းမေးမြန်း၍ ၂၀၁၂ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့်အညီ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

“(ရွာနီးစပ်တွေမှာ)အပြိုင် လျှောက် လာမယ်ဆိုရင်တော့ ဒေသခံကို ဦးစား ပေးမယ်ပေါ့။ ကုမ္ပဏီတွေက လမ်းဖောက် နိုင်တယ်၊ တံတားဆောက်နိုင်တယ်၊ ဒီတော့ ရွာနဲ့ရပ်နဲ့ ဝေးတဲ့နေရာမှာ လုပ်နိုင်တယ်ပေါ့”ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
ထုတ်ပြန်ချက်အရ ထားဝယ်ခရိုင် တွင် ဧက ၄ ထောင်နီးပါး၊ မြိတ်ခရိုင် တွင် ဧက ၉သောင်းနီးပါး၊ ကော့သောင်း ခရိုင်တွင် ဧက ၅သောင်းခွဲကျော်တို့ကို လျှောက်ထားနိုင်မည် ဖြစ်သည်။

လက်ရှိလက်ငုတ်လက်ရင်း စိုက် ပျိုးမြေများအတွက်ပင် ပိုင်ဆိုင်မှု အထောက် အထား မရရှိသေးသည့်အချိန်တွင် စိုက်ပျိုးမြေနေရာအသစ်များ လျှောက်ထား နိုင်ရေးမှာ အခက်အခဲများစွာ ရှိနေကြောင်း တိုင်းအတွင်း စိုက်ပျိုးရေးလုပ်ကိုင်သည့် ဒေသခံတောင်သူအချို့က ပြောကြသည်။

ဥပဒေအရ လျှောက်ထားရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၌ ပုံစံ(၁)များပင် မရှိသည့် အခြေအနေတွင် ယင်းသို့ မြေနေရာအသစ်အတွက် စုံစမ်း လျှောက်ထားနိုင်ရေးမှာ ဒေသခံများ အတွက် အလှမ်းကွာလွန်းကြောင်း တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု တာပလပ်ရွာသားတစ်ဦးက ပြောသည်။