ကမ်းမွန်ငါးဖမ်းကာလ ၁၅ ရက် ထပ်တိုးပေးရန် တောင်းဆိုမည်

0
414

မေလအတွင်း ကမ်းမွန်ငါးဖမ်းကာ လအား ၁၅ ရက်ထပ်တိုးပေးရန် တောင်း ဆိုသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ က ပြောကြားသည်။
ယခုနှစ်တွင် ငါးသားပေါက်ရာသီ ဖြစ်သည့် ငါးမဖမ်းရရာသီကို မေလ ၁၆ ရက်မှ ဩဂုတ်လ ၁၅ ရက်အထိ မြန်မာ့ရေပြင်တွင် ပြည်တွင်းပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်များ အားလုံး ကို ငါးမဖမ်းရန် ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တားမြစ် ထုတ် ပြန်ထားသည်။

ယင်းကဲ့သို့ တားမြစ်ထုတ်ပြန်ပြီး နောက် လုပ်ငန်းအမျိုးအစားအလိုက် ငါးဖမ်းရေယာဉ်များအနက် မိုးရာသီတွင် လုပ်ငန်း ရပ်နားထားသော ဝိုင်းချုပ်ပိုက်၊ အင်္ဂလန်ကျားပိုက်၊ ကင်းမွန်နှင့် မြုံး (ကဏန်း) ရေယာဉ်များအား လုပ်ငန်း ရပ်နားစေပြီး ကျန်ရှိသည့် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းအမျိုး အစားအလိုက် ငါးဖမ်းရေယာဉ်စီးရေ၏ ၂၀ ရာခိုင်နှုန်းကို မေလ ၁၆ ရက်မှစပြီး ငါးဖမ်းဆီးခွင့်ပြုမည်ကို ပြန်လည်ထုတ် ပြန်ထားကြောင်း မြိတ်ခရိုင်ကင်းမွန်လုပ် ငန်းရှင်များအသင်းမှ သိရသည်။

ခွင့်ပြုပေးမည့် ငါးဖမ်းရေယာဉ် စီးရေ၏ ၂၀ ရာခိုင်နှုန်းတွင် ကင်းမွန် ငါးဖမ်းလှေများ ပါဝင်ခြင်း မရှိပေ။
ယင်းကြောင့် ကင်းမွန်ငါးဖမ်း ကာလ ရက်ထပ်တိုးပေးရေး တောင်းဆို ရန် စီစဉ်ရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက ပြောသည်။
မေလ ၁၆ ရက်မှ ဩဂုတ်လ ၁၅ ရက်အထိ သတ်မှတ်ထားသည့်အတွက် ကင်းမွန်းငါးဖမ်းကာလ နောက်ဆုံးလ ဖြစ်သည့် မေလတွင် လတစ်ဝက်သာ ငါးဖမ်းဆီးခွင့်ရခဲ့ခြင်း ဖြစ်သည်။
“ဌာနက ထွက်လာတဲ့စာအရ လ တစ်ဝက်ပဲပေးတဲ့အတွက် အခက်အခဲဖြစ် နေရတယ်”ဟု ဦးမင်းမင်းထွန်းက ဆိုသည်။

ကင်းမွန်ဖမ်းခွင့်ကို မေလကုန်အထိ ခွင့်ပြုရန်နှင့် ဇွန်၊ ဇူလိုင်၊ ဩဂုတ် သုံးလ ကို ပိတ်ပေးရန် တောင်းဆိုသွားမည်ဟု ဦးမင်းမင်းထွန်းက ဆိုသည်။
လက်ရှိတွင် ကင်းမွန်လုပ်ငန်းစု များတွင် လိုအပ်ချက်များနှင့် အခက်အခဲ များရှိနေသည့်အတွက် ငါးသားပေါက် ရာသီအား ဒေသစံနှုန်းအလိုက် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့အား သတ်မှတ် ပေးသင့်ကြောင်းကို ဧပြီလ ၁၆ ရက်က ပြည်ထောင်စုဝန်ကြီး စိုက်ပျိုးရေး မွေး မြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသို့ အသနားခံစာ တင်ပြထားကြောင်း မြိတ် ခရိုင်ကင်းမွန်လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးသန်းထွန်းဦးက ပြော ပြသည်။

ယင်းအသနားခံစာအပြင် မေလ အတွင်း ကင်းမွန်းငါးဖမ်းကာလ ၁၅ ရက်ထပ်မံတိုးပေးနိုင်ရန် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အထိ တောင်းဆိုစာများကို ယခုလအ တွင်း ပေးပို့သွားမည်ဖြစ်ကြောင်း မြိတ် ခရိုင်ကင်းမွန်လုပ်ငန်းရှင် များအသင်းမှ သိရသည်။

မြိတ်ခရိုင်တွင် ကမ်းမွန်ငါးဖမ်းလှေ လုပ်ငန်း လုပ်ကိုင်နေကြသည့် စုစုပေါင်း ခန့်မှန်းလှေ အစီးရေ ၈၀၀ စီး ဝန်းကျင် ခန့် ရှိကြောင်း မြိတ်ခရိုင်ကင်းမွန်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။