အရေးမယူနိုင်က ‘ထော်လာဂျီ မဝင်ရ’ ဆိုင်းဘုတ်များ လာဖြုတ်ပါ

0
571

ထားဝယ်မြို့အတွင်း “ထော်လာဂျီ မဝင်ရ” ဆိုင်းဘုတ်တပ် တားမြစ်ထား သော လမ်းများသို့ ဝင်ရောက်နေသော ထော်လာဂျီများအား အရေးမယူနိုင်က ယင်းဆိုင်းဘုတ်များ လာဖြုတ်သိမ်းပါဟု ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေး မှူးတစ်ဦးက တိုင်းဒေသကြီးရဲတပ်ဖွဲ့ အား တောင်းဆိုလိုက်သည်။

ဧပြီလ ၂၇ ရက်က ထားဝယ်မြို့တွင် ကျင်းပသော တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ၊ ပြည်သူလူထုအခြေပြု အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ထော်လာဂျီမဝင်ရ ဆိုင်းဘုတ်က တော့ ရှိပြီး ထော်လာဂျီကတော့ ဝင်နေ တယ်၊ တကယ်လို့ ဝင်ခိုင်းမယ်ဆိုလည်း ဆိုင်းဘုတ်ဖြုတ်ရမှာပေါ့၊ မဝင်ခိုင်းဘူးဆို လည်း အရေးယူရမှာပေါ့၊ ဒါ နှစ်ခုမှာ တစ်ခုတော့ လုပ်ရမှာပေါ့။ ဝင်လို့ရတယ် ဆိုလည်း ဆိုင်းဘုတ် ဖြုတ်လိုက်ပါ” ဟု အထက်ပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တွေ့ဆုံပွဲတွင် တောင်းဆိုခဲ့သည်။

ထော်လာဂျီမဝင်ရလမ်းများကိစ္စ အား ပြီးခဲ့တဲ့အပတ်က တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီးခဲ့သော်လည်း ညှိနှိုင်းမှု မပြီးပြတ်သေးကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဖြေဆိုခဲ့သည်။
“ထော်လာဂျီ မဝင်ရ”လမ်းများသို့ ထော်လာဂျီ ဝင်ရောက်ပါက ရဲတပ်ဖွဲ့ဝင် ယာဉ်ထိန်းရဲများက ဖမ်းဆီး အရေးယူ ရမည် ဖြစ်သည်။