တိတ်တခိုး ရင်ဖွင့်ကမ္ဗည်း ရေးထိုးကြသူများ

0
708

ဆယ်ကျော်သက်အရွယ်မှသည် အိမ်ထောင်မကျမီစပ်ကြား လူငယ် လူရွယ်တိုင်းနီးပါး တစ်နေရာရာတွင် ရင်ဖွင့်စာ တိတ်တိတ်ကလေး ရေးခဲ့ဖူး လိမ့်မည်။
ရင်ဖွင့်စာများကို စာသင်ခန်းများ၊ ပန်းခြံများ၊ ဘုရားဝင်းများ စသည့် အများနှင့်သက်ဆိုင်သော နေရာများတွင် တွေ့ရတတ်ပါသည်။ စာသင်ခန်း နံရံမှာ၊ စာသင်ခုံမှာ၊ ပန်းခြံခုံတန်းမှာ၊ ဘုရားစောင်းတန်းတစ်နေရာတွင်၊ သစ်ပင်၊ ဝါးပင် တစ်ပင်ပင်မှာ…။

ရင်ဖွင့်စာအမျိုးအစားကား အမျိုး မျိုးအထွေထွေ။
တချို့က ဖွင့်မပြောရဲသည့် တိတ် တခိုးချစ်ရသူကို ရည်ရွယ်။ ” …. ကို အရမ်း ချစ်တယ်”ဟူသည့် ရင်ဖွင့် စာမျိုးကား အများဆုံးဟု ဆိုရမည်။
ကိုယ်တိုင်က ယင်းသို့သော ရင် ဖွင့်စာ မရေးဖူးဟုဆိုသည့် ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်နေ အသက် ၁၉ နှစ်ရှိ မောင်ဆူးဝေယံထွန်းကတော့ သူ့သူငယ် ချင်းများက ကောင်မလေးတစ်ဦးဦးအား ချစ်သည့်အကြောင်းများ ရေးကြသည်ကို တွေ့ဖူးကြောင်း ပြောလာသည်။

“ကိုယ်ကိုယ်တိုင် ဖွင့်ပြောမရဲဘူး ဆိုရင် ရေးထားတဲ့ စာတွေကို အဲကောင်မ လေးက တွေ့စေချင်တဲ့ရည်ရွယ်ချက်နဲ့ ရေးကြတယ်လို့ထင်တယ်။ အခြားနေရာ တွေမှာ ပြောဖို့ အဆင်မပြေလို့ ဒီလို ရင်ဖွင့်ကြတယ်လို့ ထင်တယ်”ဟု မောင်ဆူးဝေယံထွန်းက ဆိုသည်။
အချို့ကဗျာရူးစာရူးလေးများက လည်း မိမိတို့ဖန်တီးထားသော စာစုနှင့် ကဗျာလေးများ အများဖတ်ရှုနိုင်ရန် (သို့မဟုတ်) ရည်ရွယ်သူ တွေ့ရှိပါစေ ရန်အလို့ငှာ အများမြင်သာသည့်နေရာ များတွင် တိတ်တဆိတ် ရေးထားတတ် လေသည်။

ဆယ်တန်း
“ရှေ့ကသင်ပုန်း
သင့်အပြုံးသာမြင်
မရှုံးဘယ်မှာ ရှိတော့ခင်”။
စသဖြင့်သော ၃ ကြောင်း ကဗျာ လေးများလည်း အများနှင့် သက်ဆိုင် သော နံရံတစ်ခုခုတွင် တွေ့ရတတ်ပါ သည်။
ရေးသည့် စာရေးကိရိယာကား ဘောပင်၊ မင်ဖျက်ပင်၊ ခဲတံ စသဖြင့်။
အချို့ကား သစ်ပင်၊ စာသင်ခုံ စသည့် တို့တွင် ကွန်ပါစူးချွန်၊ ခဲတံချွန်ဓါး စသည်တို့ဖြင့် ရေးထွင်းထားတတ်သည်။ ယင်းစာများသည် တိုးတိတ်တိတ် ရင်ဖွင့် ကမ္ဗည်း စာအဖြစ် အချိန်ကာလ အတိုင်း အတာတစ်ခုထိ ရှိနေတတ်ပါသည်။

“ကိုယ်တစ်ချိန် ဒီနေရာ ပြန်ရောက် ဖြစ်ခဲ့ရင် ကိုယ်ရေးထားတာရှိသေးလား ဆိုတာမျိုး ပြန်ခံစားရတဲ့ဖီလင်လေး ကလည်း တစ်မျိုးပဲ”ဟု အသက်၃၀ အရွယ်ခန့်ရှိ ကော့သောင်းမြို့သူ မသဇင်ခိုင်က ဖွင့်ဟသည်။
န၀မတန်းကျောင်းသူအရွယ်ကစ စာရေးခုံ၊ သစ်ပင်တို့တွင် မင်ဖျက်ပင်၊ ခဲတံချွန်ဓါး စသည်တို့ဖြင့် တော်တော် များများ ရေးဖြစ်သည်ဆိုသော ရေဖြူ မြို့နယ် ကျောက်ထောင့်ကျေးရွာ အသက် ၂၁ နှစ်အရွယ် မမို့သဇင်အေးကလည်း အခြားသူတစ်ဦးဦးက ကိုယ့်နာမည်ကို ရေးထားသည်မျိုးတွေ့က ဝမ်းနည်း ဝမ်းသာ ခံစားရတတ်ကြောင်း ဖွင့်ဟသည်။
“ကိုယ့်နာမည်တပ်ပြီး ရေးထားတာ တွေ့ရင် ဝမ်းနည်းသလိုလို ဝမ်းသာသ လိုလို ခံစားရတယ်။ ကိုယ့်နာမည်လေးနဲ့ သတိတရ ရေးထားတာတွေ့ရင်တော့ ပျော်တယ်။ တစ်ခါ ခွဲရတော့မယ်ဆိုတော့ ဝမ်းနည်းသွားတယ်” ဟု မမို့သဇင်အေး က ပြောသည်။

ကျောင်းတွင် မိမိချစ်သည့် ကောင်မလေးအား ချစ်သည့်အကြောင်း၊ ကိုယ့်သူငယ်ချင်းက မည်သည့်ကောင် မလေးကို ချစ်နေကြောင်း ကျောင်း အိမ်သာတွင် ရေးခဲ့ဖူးသည်ဆိုသော ကော့သောင်းမြို့ အောင်သုခရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ်ရှိ ကိုဝေလွင်တစ် ယောက်ကား ယခုအသက်အရွယ်တွင် ယင်းအပြုအမူမျိုး မလုပ်ဖြစ်တော့ဟု ဆိုသည်။
“ခုချိန်တော့ မလုပ်ဖြစ်တော့သလို ပြန်တွေးလည်း ပေါတောတော ဖြစ်နေ သလိုပဲ”ဟု ကိုဝေလွင်က ပြောသည်။
ယင်းသို့ တိုးတိတ်တိတ် ရင်ဖွင့် ကမ္ဗည်း ထိုးခဲ့ဖူးသူအချို့က လက်ရှိတွင် ဖေ့ဘုတ်ပေါ်တွင် ရေးလာကြသည်။
“အခုတော့Facebook ခေတ်ဆို တော့ Facebook မှာပဲ ရေးဖြစ်တယ်။Facebook မှာက တစ်ခုခုရေးလိုက်ရင် အောက်မှာ ကွန်မန့်တွေပြန်ပေးကြ တယ်ဆိုတော့Facebook မှာရေးရတာ ပိုပျော်တယ်။ ခုံတွေမှာ ရေးတာက လူသိတာနည်းတယ်။ မြင်တဲ့သူလည်း နည်းတယ်”ဟု ရေဖြူမြို့နယ် ကျောက်ထောင့် ကျေးရွာမှ မမို့သဇင်အေးက ပြောသည်။

အချို့ကား အထက်ပါ အများနှင့် သက်ဆိုင်ရာနေရာများတွင် ရင်ဖွင့် ကမ္ဗည်း ထိုးကြသည်ကို ကိုယ်တိုင်မလုပ် သကဲ့သို့ သူတစ်ပါး လုပ်သည်ကိုလည်း သဘောမကျဟု ဆိုပါသည်။
“မရေးဖူးဘူး၊ သူများရေးတာတွေ တော့မြင်ဖူးတယ်၊ ဘာလို့မရေးလဲ ဆိုတော့ ဆေးသုတ်ထားတဲ့နံရံတွေဆို ညစ်ပတ်သွားမှာစိုးလို့လေ၊ သူများ ရေးတာမြင်ရင်လည်း ရူးကြတယ်လို့ပဲ ခံစားရတယ်”ဟု ကော့သောင်းမြို့နေ မမေဇင်က ပြောသည်။

မည်သို့ဆိုစေ ဆိတ်ကွယ်ရာတွင် တိတ်တိတ်ကလေး ရင်ဖွင့်တတ်သူတို့ ခုချိန်ထိ ရှိနေဆဲပင်။
“Civil မှ T. H . A ကို ချစ်တယ်”
“နိဗ္ဗာန် မရောက်ခင်အထိ ချစ် နေပါရစေ’ ဟူသည့် ချစ်သူ့နောက် ကွယ်မှ ရင်ဖွင့်စာများ အများနှင့် သက်ဆိုင်သော နေရာများတွင် တိတ် တခိုး ရင်ဖွင့်ရေးသားနေကြဆဲပင် ဖြစ်ပါသည်။

“စိတ်ညစ်စရာကောင်းသော နေ့ရက်များ အမြန်ဆုံး ကင်းဝေးရ လိုပါ၏။ (E.E)”ဟူသော ဆုတောင်း စာလေးများလည်း ပန်းခြံလေးများထဲ တွေ့နေရဆဲ။