မြိတ် ကဆုန်ညောင်ရေသွန်းပွဲ အနှစ်မပျောက်စေချင်

0
796

မြိတ်သူ မြိတ်သားများခင်ဗျား . . .
ကျွန်တော်တို့ ဗုဒ္ဓဘာသာတို့ရဲ့ ဘာသာရေးပွဲတော်ထဲကတစ်ခုဖြစ်တဲ့ ကဆုန်ညောင်ရေသွန်းပွဲကို မြိတ်မြို့မှာ စည်စည် ကားကား ကျင်းပလာခဲ့တာဆိုရင် ၇၄ ကြိမ်မြောက် ဖြစ်ပါပြီ။
ကျွန်တော် သိသလောက် အခြားတော်တော်များများ ဒေသတွေမှာတော့ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)မှာပဲ ညောင်ရေသွန်း ပွဲတော်ကို ကျင်းပကြပါတယ်။

ဒါပေမဲ့ မြိတ်မြို့မှာတော့ ညောင်ရေသွန်းပွဲတော်ကို ရပ်ကွက်အသီးသီးက ကဆုန်လပြည့်နေ့အပြင် လဆန်းနှင့် လပြည့် ကျော်တွေအပါအဝင် ၅ ရက်လောက် ကျင်းပကြပါတယ်။
ကဆုန်လပြည့်ဗုဒ္ဓနေ့က ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့မှာဆိုရင် ဂေါတမ ဘုရားရှင် ဘုရားဖြစ်ရန်ဗျာဒိတ်ရခြင်း၊ ဘုရားလောင်းဖွားမြင်ခြင်း၊ ဘုရားအဖြစ်ရောက်ရှိခြင်း၊ မဟာဗောဓိပင်ပေါက်ခြင်း၊ ပရိနိဗ္ဗာန်စံတော်မူတဲ့ နေ့မြတ်လေးပါ။

ရှေ့မီနောက်မီ လူကြီးတွေရဲ့ ပြောစကားအရဆိုရင် မြိတ်ညောင်ရေသွန်းပွဲတော် စတင်ကျင်းပတဲ့နေ့ ဒီပင်္ကရာမြတ်စွာဘုရား ရုပ်ပွားတော်ကို ဘုရားငါးဆူကွင်းထဲမှာရှိတဲ့ ယာယီစံကျောင်းတွင်းကို ပင့်ဆောင်တဲ့ ပထမဆုံးနေ့ (ဘုရား မြေချတဲ့နေ့လို့လည်း ခေါ်ပါတယ်) မှာ မိုးဇလ ဦးထွန်းလွင်တောင် ခန့်မှန်းလို့မရတဲ့ မြိတ်မြို့မှာ မိုးသည်းတဲ့ နေ့တစ်နေ့ပါ။

မြိတ်သူ/သားတွေအတွက် အင်မတန်ကို ဂုဏ်ယူရတဲ့နေ့လေးလည်း ဖြစ်ပါတယ်။
ခေတ်လူငယ်တွေလည်း ကုသိုလ်ရေးအတွက် အင်္ကျီလုံချည်အဖြူရောင် ဆင်တူဝတ်ဆင်ပြီးတော့ ကားကြီးကားငယ် အသွယ် သွယ်နဲ့ ညောင်ရေသွန်းပွဲတော်ကျင်းပခဲ့တာလည်း မြင်ရသူအဖို့ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ယခုနောက်ပိုင်းနှစ်တွေမှာတော့ ညောင်ရေသွန်းပွဲတော်ဟာ တဖြည်းဖြည်းနဲ့ သရုပ်ပျက်လာခဲ့ပါတယ်။
ဒီဘက်နှစ်ပိုင်းမှာ ပိုဆိုးလာတာကို တွေ့ရတယ်။
DJ သီချင်းတွေကို ကျယ်ကျယ်လောင်လောင်ဖွင့်ပြီး မိန်ကလေးတွေ ယောက်ျ;လေးတွေ ကားပေါ်မှာ ကကြတာတွေ၊ ကားပေါ်ကနေပြီး ဘုရားကိုသွန်းလောင်းမယ့်ရေတွေနဲ့ လမ်းသွားလမ်းလာတွေကို လောင်းတာ၊ ရေလောင်းခံထိတဲ့သူတွေက စိတ်ဆိုးပြီး ပြန်ပြောရင်လည်း ကားပေါ်ကနေ လှောင်ပြောင်ကြတာတွေ ဖြစ်လာပါတယ်။
တချို့ကားတွေမှာဆိုရင် ဘုရားသွန်းလောင်းမယ့် ရေပုံးတွေအပေါ်မှာ တက်ကကြတဲ့အထိ ပါပဲ။
နောက်ဆိုရင် အရက်သေစာပါ သောက်စားပျော်ပါးလာမလားဆိုတာ စိုးရိမ်နေရပါတယ်။
ဒီလို လုပ်နေကြတာက ကဆုန်ညောင်ရေ သွန်းပွဲဟာ ညောင်ရေသွန်းပွဲနဲ့ မတူဘဲ သင်္ကြန်ရေလောင်းပွဲလို ဖြစ်နေပါတယ်။

DJ အကတွေကလည်း ညောင်ရေသွန်းပွဲနှင့် အပ်စပ်မှုမရှိဘူးလို့ ထင်ပါတယ်။
ကလေးတွေဆိုရင် “သင်္ကြန်ပြန်ကျတာလား”လို့တောင် မေးနေကြပါပြီ။
ဒါတွေက ကျွန်တော်တို့မျိုးဆက်မှာ ပြုပြင်နိုင်ဖို့လိုပါတယ်။
DJ အကများကတာနဲ့ မြင်တွေ့သမျှ လူတွေကို ရေလောင်းတာတွေက နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်ညောင်ရေသွန်းပွဲ တော်ကို ရုပ်ဆိုးအကျဉ်းတန်စေသလို ဖြစ်နေပါတယ်။

ဒါလေးတွေကို ပွဲတော်ကျင်းပရေး ကော်မတီများနဲ့ တာဝန်ရှိသူလူကြီးများက စည်းကမ်းရှိပြီး ယဉ်ကျေးလှပတဲ့ ဗုဒ္ဓနေ့ အဖြစ် ပြန်လည်အသက်သွင်းဖို့ လိုအပ်နေပါပြီ။ ရေသွန်းလောင်းပြီး ကုသိုလ်ပြုကြမယ့် လူငယ်တွေလည်း ကိုယ်တိုင်ပြုပြင်မှုလေးတွေ လိုအပ်နေပြီလို့ အမုန်းခံတင်ပြ အပ်ပါတယ်။
မြိတ်သူမြိတ်သားများခင်ဗျား . . . .

တန်ဖိုးရှိတဲ့ ဘာသာရေးဓလေ့ကို တန်ဖိုးသိအာင် ပြုမူနေထိုင်ရင်း ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေနဲ့ ကိုက်ညီအောင်ပြုမူပြီး ကုသိုလ်ပြုနိုင်ကြပါစေလို့ အယ်ဒီတာ့ထံ ပေးစာကဏ္ဍကနေပြီး ဆုတောင်းအကြံပြု လိုက်ပါတယ်။
ကိုကျော်လင်းဦး
မြိတ်မြို့