မြိတ် အမြန်ရေယာဉ်ဆိပ်များတွင် အများသုံးသန့်စင်ခန်း လိုအပ်

0
409

မြိတ်မြို့၊ ဆိပ်ငယ်ရပ်နှင့်မြို့သစ် ရပ်ကွက်များရှိ အမြန်ရေယာဉ်များ ဝင် ထွက်ရာဆိပ်ကမ်း၌ အများသုံးသန့်စင် ခန်း(အိမ်သာ)များ လိုအပ်နေကြောင်း ခရီးသည်များက ပြောသည်။
ကျွန်းစုမြို့၊ ဘုတ်ပြင်းမြို့၊ တနင်္သာရီ (ပ၀ရွာ)နှင့် အခြားသော ပင်လယ်ရွာ များမှ မြိတ်မြို့သို့ နေ့စဉ်လာရောက် လျက်ရှိသော ခရီးသည်များအတွက် ယင်းဆိပ်ကမ်း၌ အများသုံးသန့်စင်ခန်း မရှိသဖြင့် ဒုက္ခရောက်လျက်ရှိကြောင်း ခရီးသည်များထံမှ သိရသည်။

အိမ်သာရှိသည့် လှေများဖြင့် လိုက် ပါလာသည့် ခရီးသည်များအတွက် အဆင်ပြေသော်လည်း မရှိသည့်လှေများ ဖြင့် လာရောက်သော ခရီးသည်များ အတွက်မူ အခက်တွေ့လျက်ရှိသည်။
“အန္တရာယ်က လွယ်ထားလို့ရတာ မဟုတ်ဘူး”ဟု ကျွန်းစုမြို့မှ အမြန်ရေ ယာဉ်စီးခရီးသည် အမျိုးသားတစ်ဦးက ပြောသည်။

လှေထဲတွင်လည်း အိမ်သာမရှိ ကမ်းပေါ်၌လည်း အိမ်သာမရှိသည့်အ တွက် လှေဆိပ်အနီး ဈေးကြီးရှိ အများ သုံးအိမ်သာသို့ ဆိုင်ကယ်တက္ကစီငှားပြီး သွားရောက်ဖြေရှင်းကြရကြောင်း တက္ကစီ ယာဉ်မောင်း ဦးလှိုင်တင်က ပြောသည်။
“ခရီးသွားလုပ်ငန်းတိုးတက်လာ တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒီဝန် ဆောင်မှုက အခုထိ တိုးတက်မလာသေး ဘူး”ဟု ဦးလှိုင်တင်က မှတ်ချက်ပြုသည်။

ဆိပ်ငယ်ရပ်ရှိ အမြန်ရေယာဉ်ဆိပ်၌ နေ့စဉ်ခရီးသည်ထောင်ချီဝင်ထွက်နေ ပြီး သန့်စင်ခန်းပြုလုပ်ရန် ယင်းနေရာ၌ မြေနေရာ အခက်အခဲရှိနေသော်လည်း စည်ပင်ကော်မတီအနေဖြင့် မဖြစ်မနေ လုပ်ဆောင်မည်ဆိုလျှင် ပူးပေါင်းကူညီ သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ဆိပ်ကမ်းအရာရှိချုပ် ဦးမြတ်စိုးဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မ တီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုကမူ သန့်စင်ခန်း ပြုလုပ်မည့်နေရာသည် မြို့မျက်နှာစာဖြစ် နေသည့်အတွက် ဆိပ်ကမ်းအနီးဝန်းကျင် ရှိ သင့်လျော်အဆင်ပြေမည့် နေရာတစ်ခု ရရှိရန် တိုင်ပင်ပြီး ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးမြတ်ကိုကိုက ပြောသည်။

“မိုဘိုင်းရွေ့လျားပုံစံမျိုးကို အဓိက ထားပြီးလုပ်ဖို့ စဉ်းစားထားပါတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဆိပ်ငယ်တံတားမှ ကျွန်းစု၊ ဘုတ်ပြင်း၊ ချောင်းကဖီး၊ ရေကန်တောင် စသည့်ပင်လယ်ရွာများသို့ အမြန်ယာဉ် ၅ စီးနှင့် မြို့သစ်အမြန် ယာဉ်ဆိပ်မှ တနင်္သာရီနှင့် ပင်လယ်ရွာများသို့ ၄ စီး နေ့စဉ် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။