ဒေသသားတိုင်းအတွက် ထားဝယ်ခရိုင် ဒေသန္တရ ပထဝီဝင်

0
409

လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတယ်။ ခရီးသွားတွေ များ လာတဲ့ ကျွန်တော်တို့ ထားဝယ်ဒေသကို စိတ်ဝင်စားသူတွေ များလာတာနဲ့အမျှ ဒေသနဲ့ဆိုင်တဲ့ အချက်အလက်တွေကို လည်း စိတ်ဝင်စားလာကြတယ်။
ရင်းနှီးမြှုပ်နှံသူတွေအတွက် အချက် အလက်တွေက သူ့အဆက်အသွယ် နဲ့သူ အလွယ်တကူရနိုင်ပေမယ့် သာမန် ခရီးသွားဧည့်သည်တစ်ယောက်အတွက် တော့ အချက်အလက်တွေရဖို့ ခက်ပါ တယ်။

ခုနောက်ပိုင်း ပညာရေးစနစ်အရ ပထဝီဝင်နဲ့သမိုင်းပညာရပ်ဆိုတာက လည်း လူငယ်တွေ စိတ်ဝင်စားမှုနည်းတဲ့ ပညာရပ် ဖြစ်လာလေသလားပဲ။ အခြေခံ အထက်တန်းကျောင်းတွေမှာ ကိုးတန်းနဲ့ ဆယ်တန်းမှာ ပထဝီဝင်နဲ့သမိုင်းကို သင် ယူခွင့်မရကြတော့ လူငယ်တွေလည်း ကိုယ့်အရပ်ဒေသဆိုင်ရာ ပထဝီဝင်နဲ့သ မိုင်းဆိုတာတောင် မသိတော့ဘူး။ ခု .. ဒီကွက်လပ်ကို ဖြည့်နိုင်မယ့် စာအုပ်တစ် အုပ်ထွက်လာတာတွေ့တော့ ဝမ်းသာ သွားတယ်။

စာအုပ်အမည်က..
“ထားဝယ်ခရိုင် ဒေသန္တရ ပထဝီဝင်”
ထားဝယ်ရေးရာစာအုပ်တွေကို တစ်စိုက်မတ်မတ်ထုတ်ဝေလေ့ရှိလာတဲ့ ပါရမီစာအုပ်တိုက်က ထုတ်တဲ့စာအုပ်ပါ။ စာမျက်နှာ ၅၀ကျော်၊ ရောင်စုံဓာတ်ပုံ အချို့နဲ့..။ စာအုပ်တန်ဖိုးက ကျပ်၁၀၀၀ ဆိုတော့ လူထုကြားထဲ ပျံ့ပျံ့နှံ့နှံ့ ရောက် အောင် ရည်ရွယ်ထားပုံရပါတယ်။

စာအုပ်အဖွင့်မှာ” ..တနင်္သာရီတိုင်း ဒေသကြီးအစိုးရ ဝန်ကြီးဦးဟိုပင်၏ မေတ္တာရပ်ခံချက်အရ ထားဝယ် တက္ကသိုလ် ပထဝီဝင်ဌာနမှ ဒေါက်တာ မေနန်းရီ (တွဲဖက်ပါမောက္ခ)နှင့် ဒေါက်တာကျော်နိုင် (ကထိက)တို့ ပြုစုသောစာတမ်းကို အဓိက အခြေခံကာ သက်ဆိုင်ရာ ပုဂ္ဂိုလ် တို့၏ ခွင့်ပြုချက်ဖြင့် “ကျော်ဦး”က ဖြည့်စွက်တည်းဖြတ်ပြီး ဖိုးဇော် (ထားဝယ်) ၏ ဓာတ်ပုံများဖြင့် ထုတ်ဝေသည်။”လို့ ဖော်ပြထားပါတယ်။

စာအုပ်မှာ သဘာဝပထဝီဝင်၊ လူမှုရေး ပထဝီဝင်၊ စီးပွားရေးပထဝီဝင်၊ ဘာသာရေး အဆောက်အအုံများနဲ့၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ ထားဝယ်ခရိုင် ဆိုင်ရာ အချက်အလက်အချို့ဆိုပြီး အ ခန်းငါးခန်း ပိုင်းခြားဖော်ပြထားတာမို့ သုတေသနပြုလိုသူတွေ၊ အကိုးအကား ပြုလိုသူတွေအတွက် များစွာအထောက် အကူရမှာပါ။
ထားဝယ်ဒေသနဲ့ ပတ်သက်တဲ့အ ဖွဲ့အစည်းတွေ၊ ရင်းနှီးမြှုပ်နှံမယ့်သူတွေ၊ ခရီးသွားတွေ၊ ကျောင်းသူ၊ ကျောင်း သားတွေ လက်ကိုင်ပြုဆောင်ထားသင့်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုချင်ပါတယ်။

လစ်ဟာနေတဲ့ ပညာရပ်ဆိုင်ရာ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးလိုက် လို့ ဝမ်းသာရတဲ့အပြင် ဆက်လက်ပြီး လည်း ဒဏ္ဍာရီမဆန်တဲ့ ထားဝယ်သမိုင်း ရေးရာစာအုပ်တွေ ပြုစုထုတ်ဝေနိုင်ပါ စေလို့ အကြံပြုလိုက်ပါရစေ။