ဘီးလင်းသကြားစက်ရုံ ပြန်လည်ပတ်မည်

0
568

မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်း သကြားစက်ရုံကို ပြန်လည် လည်ပတ် ထုတ်လုပ်သွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

ယင်းစက်ရုံသည် နှစ် ၅၀ ကျော် ကြာ တစ်နေ့လျှင် ကြံတန်ချိန် (၁၅၀၀) ကြိတ်ဝါးထုတ်လုပ်လာရာမှ ဒေသခံ ကြံစိုက် တောင်သူများ ကြံစိုက်ပျိုးမှု လျော့နည်းလာခြင်းကြောင့် ၂၀၁၁- ၂၀၁၂ ခုနှစ် ကြံစိုက်ရာသီတွင် စက်ရုံ လည်ပတ်မှု ရပ်နားခဲ့သည်။
ယင်းနောက် ၂၀၁၅ ခုနှစ်မှစကာ ယင်းစက်ရုံကို Super One Dragon Co,Ltd က ငှားရမ်းခဲ့ပြီး ငှားရမ်းခ တစ်နှစ်လျှင် ကျပ် ၂၅ သန်း နိုင်ငံတော် က ရရှိသည်ဟု အထက်ပါ ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ဆက်ပြောသည်။

စက်ရုံကို ငှားရမ်းထားသည့် Super One Dragon Co,Ltd က စက် ရုံလည်ပတ် ထုတ်လုပ်နိုင်ရန်နှင့် ဒေသခံ ကြံစိုက်တောင်သူများ အဆင်ပြေနိုင် စေရန်အတွက် လက်ရှိ ကြံစိုက်ပျိုးထုတ် လုပ် ရရှိနိုင်မှုအပေါ် မူတည်၍ တစ်နေ့ လျှင် တန် ၃၀၀ ကြိတ်ဝါးထုတ် လုပ်နိုင် သည့် သကြားစက်အား အသစ်တည် ဆောက်၍ ၂၀၁၈ ခုနှစ် မတ်လ ၃ ရက် မှစကာ စမ်းသပ် လည်ပတ်လျက် ရှိသည် ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။
” လာမယ့် ၂၀၁၈-၂၀၁၉ ခုနှစ် ကြံစိုက်ရာသီမှာ စက်စွမ်းအားပြည့် လည်ပတ် ထုတ်လုပ်သွားမယ်၊ စီးပွား ဖြစ် လည်ပတ် ထုတ်လုပ်ဖို့ လျာထား တယ်”ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

ဘီးလင်းသကြားစက်ရုံ၏ လက်ရှိ လည်ပတ်နေသည့်အခြေအနေ၊ နိုင်ငံ တော်မှ အကျိုးဖြစ်ထွန်းခဲ့မှု အခြေအနေ နှင့် သကြား စက်ရုံ၏ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အခြေအနေကို မတ်လ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင်လည်း ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက မေးမြန်းဆွေးနွေးခဲ့သည်။

ယင်းသို့ မေးမြန်းစဉ် မွန်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီးက နောက်ပိုင်းတွင် တန် ၂၀၀၀ ထိ ထုတ်လုပ်နိုင်မည့် စက်ရုံအဖြစ် တိုးချဲ့ ဆောင်ရွက်သွားမည်ဟု ဖြေကြားသည်။