တနင်္သာရီတိုင်း ဗဟိုမဏ္ဍပ် သံချပ်ထိုးခွင့်မပြု – ” သူတို့ဘာတွေလုပ်ထားလို့ ကြောက်နေမှန်း မသိဘူး”

0
477

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ သင်္ကေတတစ်ခုဖြစ်သည့် သံချပ်အဖွဲ့ များကို တနင်္သာရီတိုင်းဒေသကြီး ဗဟို မဏ္ဍပ်တွင် ဖျော်ဖြေခွင့် ပေးမည်မဟုတ် ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တွင် ဖျော်ဖြေရေး ယိမ်းအက ဖွဲ့များနှင့် ပြိုင်ပွဲဝင် ယိမ်းအကဖွဲ့များဖြင့် ဖျော်ဖြေ မည်ဖြစ်ပြီး အချိန်အခက် အခဲရှိသည့် အတွက် သံချပ်ဖျော်ဖြေခွင့် ပြုမည်မဟုတ် ကြောင်း ဦးဟိုပင်က ပြောသည်။

” ဗဟိုမဏ္ဍပ်မှာတော့ သံချပ်ထိုးဖို့ ကို လက်မခံဘူး။ မနှစ်က အတွေ့အကြုံ အရပေါ့လေ။ ဖျော်ဖြေရေးကဏ္ဍတွေက အချိန်စေ့နေလို” ဟု ဦးဟိုပင်က ပြော သည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည့် တနင်္သာရီ တိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု တွင် သင်္ကြန်အတွက် ကော်မတီအစည်း အဝေး လုပ်ဆောင်ရခြင်းမရှိသေးသည့် အတွက် သံချပ် ခွင့်ပြုမပြုကို မဆုံး ဖြတ်ရသေးကြောင်း မြို့နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများထံမှ သိရသည်။

ထားဝယ်မြို့ရှိ ဆောက်လုပ်ရေး မဏ္ဍပ်တွင် သံချပ်ကို ဖျော်ဖြေခွင့်ပြုမည် ဖြစ်ပြီး သံချပ်စာသားကို ကြိုတင်ရမည် ဖြစ်သော်လည်း ဆင်ဆာဖြတ်ခြင်း လုပ် မည်မဟုတ်ကြောင်း ဆောက်လုပ်ရေး မဏ္ဍပ်၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။
” သံချပ်ဆိုတာက ကလိတိတိလေး ရေးတာဆိုတော့ တော်ရုံတန်ရုံက ပြဿနာမရှိပါဘူး၊ ပုဂ္ဂိုလ်ရေးဆန်တဲ့ဟာ တွေဆို စာသားကို ညှိနှိုင်းသွားမယ်” ဟု ဦးဝင်းမင်းထွဋ်က ဆိုသည်။

သင်္ကြန်၏ ရိုးရာဓလေ့ဖြစ်သည့် သံချပ်ကို တနင်္သာရီတိုင်းအဆင့် ဗဟို မဏ္ဍပ်တွင် ဖျော်ဖြေခွင့်မပြုခြင်းမှာ ဆိုးဝါး လှသည်ဟု ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်မှ အားသစ်လူငယ် သံချပ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးဌေးကိုက ဆိုသည်။” သံချပ်ဆိုတာက ပြည်သူ့အသံ ပေါ့၊ ပြည်သူ့အသံကို သူတို့က ကြောက် နေတဲ့ ပုံစံသွားဖြစ်နေတယ်၊ သူတို့ဘာတွေ လုပ်ထားလို့ ကြောက်နေမှန်း မသိဘူး” ဟု ဦးဌေးကိုက ပြောသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်ပွဲတော် ကလည်း ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေခွင့် ပြုခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ပြသည့် သံချပ်ကို တပ်နှင့်အစိုးရကို သွေးကွဲစေနိုင်သည် ဟူသည့် အကြောင်းပြချက်ဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် တိုင်းအုပ်ချုပ်ရေးမှူးတို့က ဆင်ဆာဖြတ်ခဲ့ကြောင်း ဦးဌေးကိုက ဆိုသည်။

ယင်းကြောင့် ဗဟိုမဏ္ဍပ်တွင် မဖျော်ဖြေတော့ဘဲ ထားဝယ်မြို့အတွင်းရှိ ဆောက်လုပ်ရေးမဏ္ဍပ်၊ NLD မဏ္ဍပ်၊ သရက်ချောင်းမြို့ရှိမဏ္ဍပ်နှင့် အခြား ဖိတ်ကြားထားသည့် နေရာများတွင် သွားရောက်ဖျော်ဖြေခဲ့ကြောင်း ၎င်းက ဆိုသည်။ဒီမိုကရေစီအစိုးရဟု ကြွေးကြော် ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ဗဟိုမဏ္ဍပ် တွင် သံချပ်ထိုး ခွင့်မပြုခြင်းအပေါ် ဝေဖန်မှုများ ရှိနေသည်။

ပြီးခဲ့သည့် တပ်မတော် အစိုးရ လက်ထက် ၁၉၉၆ ခုနှစ်ခန့်ကပင် အလှ ပြယာဉ်များနှင့်အတူ သံချပ်ပြိုင်ပွဲများ ကျင်းပပေးလေ့ရှိပြီး ဗဟိုမဏ္ဍပ်တွင် ” မြို့မမောင်” သံချပ်အဖွဲ့ အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း ထားဝယ် မြို့မှ ဦးသိုက်ထွန်းက ပြောသည်။အရပ်သားတစ်ပိုင်းအစိုးရဟု ခေါ်ကြသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ၂၀၁၃ ခုနှစ်က ဗဟို မဏ္ဍပ်တွင် ဖျော်ဖြေခွင့်ပေး ခဲ့ဖူးသည်ဟု ဗဟိုမဏ္ဍပ်တွင် သံချပ်ထိုးခဲ့ဖူးသည့် ထားဝယ်ခရိုင် တက္ကသိုလ် ကျောင်းသား များသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းလွင်ဦး က ပြောသည်။

” ကျွန်တော်တို့ဆန္ဒကို စည်းကမ်း ရှိရှိ ပြောဖို့ကိုတောင် ခွင့်မပြုဘူးဆိုတော့ မေးခွန်းမေးစရာတွေ ဖြစ်လာတယ်။ အစိုးရအနေဖြင့်ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်နေတယ်ဆိုတာ တကယ်ပဲ လားပေါ့” ဟု ကိုမင်းလွင်ဦးက ဆိုသည်။မျက်မှောက်ခေတ် ဝတ်စား ဆင် ယင်ထုံးဖွဲ့မှုများ၊ အပြောင်းအလဲနှင့် အစိုးရ၊ ဌာနဆိုင်ရာများ၏ ချွတ်ချော် နေမှုများကို ဟာသနှောကာ ပြက်လုံး ထုတ်အရွှန်းဖောက် ပြောပြထောက်ပြမူ များပါဝင်သည့် သံချပ်အဖွဲ့များကို ခွင့်မပြုခြင်းကြောင့် သံချပ်အဖွဲ့များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာ သည်ဟု ကော့သောင်းမြို့ရှိ လောကနတ် သံချပ်အဖွဲ့ခေါင်းဆောင် ဦးရွှေရိုးက ပြောသည်။

မွန်ပြည်နယ်တွင်မူ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သံချပ်ဖျော်ဖြေမည့် အဖွဲ့များအနေဖြင့် ၎င်းတို့၏ အစီ အစဉ်ကို တင်ပြရမည်ဖြစ် သော် လည်း သံချပ်စာသားကို တည်းဖြတ်မည်မဟုတ် ဘဲ ခွင့်ပြုပေးမည်ဟု ပြောဆိုထားသည်။

မန္တလေးတိုင်း၊ မန္တလေးမြို့တွင်မူ မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် သံချပ် ပြိုင်ပွဲ ကျင်းပမည် ဖြစ်သည်။