ရွှေကြက်မောက်ညရဲ့ ရေကန်ဘောင် ဒီဘိတ်

0
1277

ထိုညက ကျွန်တော်တို့၏ ရွှေကြက် မောက် လက်ဖက်ရည်ဆိုင် စကားဝိုင်းမှာ ခါတိုင်းညတွေထက် နည်းနည်းထူးခြား သည်။ ခါတိုင်းညတွေတုန်းက စကား ဝိုင်းမှာ ခေါင်းစဉ်အမျိုးမျိုးကို ရှုထောင့် အဖုံဖုံမှ တစ်ယောက်တစ်မျိုး ဝိုင်းဝန်း ဆွေးနွေးကြပေမဲ့ ထိုညတွင် ခေါင်းစဉ် တစ်မျိုးတည်းကို ရှုထောင့်အသီးသီးမှ ဝိုင်းဝန်းဆွေးနွေးကြခြင်းဖြစ်သည်။

ထို ကြောင့် စကားဝိုင်းမှာ ဒီဘိတ်တစ်ခုအ သွင်ဆောင်မှန်းမသိ ဆောင်သွားပါတော့ သည်။ ထိုညက ကျွန်တော်တို့ ဝိုင်းဝန်း ဆွေးနွေးကြသောခေါင်းစဉ်မှာ “ရေကန် ဘောင်ကို ဘာအမည်ပေးမလဲ” ဖြစ်ပြီး ခေါင်းစဉ်ကို တည်ပေးမိသူမှာ ကျွန်တော် ဖြစ်ပါသည်။ ဖြစ်ကြောင်းကုန်စင်မှာ ဤ နှယ်တည်း။
ကျွန်တော်တို့ မြိတ်မြို့မှာ အထင်က ရ ရေကန်ကြီးတစ်ကန်ရှိသည်။ ထိုရ ကန်ကြီးမှာ မြို့လယ်ခေါင်၌ တည်ရှိပြီး ၂၁ဧကခန့် ကျယ်ဝန်းသည်။

အဆိုပါ ရေကန်ကြီးကို ဘိုးတော်ဘုရားလက်ထက် (အေဒီ ၁၈၁၅)တွင် မြိတ်မြို့ဝန် ပဲတောင့် စားမင်းက ဘုရားကိုင်အရပ်ရှိ ရှေးမြန် မာမင်းများ လှေပြိုင်ပွဲ ကျင်းပရာ ရေကန် ကြီး တိမ်ကောစပြုနေတာက တစ် ကြောင်း၊ ” ကန်ဟောင်းပျက်လို့ ကန်သစ် ပေါ် ပဲတောင့်ကိုယ်တော် ပြုံးစိပြုံးစိ” ဟူသော တဘောင်အရတစ်ကြောင်း မြို့ မြောက်ဘက်အရပ်ရှိ ကင်းချောင်းကို ပိတ်ပြီး ရေကန်တူးဖော်ခဲ့သည်။

ကန်တူး ဖော်ရာအရပ်၌ ဥဒေါင်းဖို၊ ဥဒေါင်းမတို့ မြူးကြွပျံသန်းနေတာကို အကြောင်းပြု၍ ရေကန်ကို ဥဒေါင်းငှက်ပုံသဏ္ဌာန် တူး ဖော်စေပြီး ” ဥဒေါင်းမင်း” ဟု အမည်ပေး ခဲ့ပါသည် (ရေကန်တူးဖော်ပြီးသည့် နောက် မြို့ဝန်ပဲတောင့်စားမင်းသည် ဘု ရားကြီးလမ်း၌ စေတီတစ်ဆူတည်ထား ကိုးကွယ်ခဲ့ရာ ထိုစေတီမှာ ” ပဲတောင့် စားစေတီ” ဟု အမည်တွင်ခဲ့ပြီး ရေကန် ကြီးပြီးမှ ဖြစ်ပေါ်လာသော ရပ်ကွက်ကို ကန်ကြီးရပ်ကွက်ဟု မှည့်ခေါ်ခဲ့ကြောင်း မှတ်သားခဲ့ရဖူးပါသည်၊ ဤကား စကား ချပ်)။

တဖြည်းဖြည်း ခေတ်ကာလတွေ ရွေ့လျားလာတော့ ရေကန်အမည်မှာ ဥ ဒေါင်းမင်းကန်မှ ပဲတောင့်စားမင်းကန်၊ ထိုမှတစ်ဖန် ရေကန်ဘောင်ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြပြီး ယခု နောက်ဆုံးအမည် ပေါက်မှာ မင်္ဂလာကန်တော်ဖြစ်ပါသည်။ သို့သော် လူအများစုက မူလအမည်နှစ်ခု ဖြစ်သော ဥဒေါင်းမင်းကန်နှင့် ပဲတောင့် စားမင်းကန်ကို မသိသဖြင့် သုံးနှုန်းခြင်း မရှိသလို နောက်ဆုံးအမည်ပေါက်ဖြစ် သော မင်္ဂလာကန်တော်ကိုလည်း စစ်အ စိုးရလက်ထက်က ရေကန်ပြန်ဖော်ပြီး မှည့်ခေါ်ခဲ့သော အမည်မို့ မည်သူကမှ ပြောဆိုသုံးနှုန်းခြင်းမရှိဘဲ နှုတ်ကျိုးနေ ပြီဖြစ်သော ရေကန်ဘောင်ဟူသော အ မည်ကိုသာ တွင်တွင်ကြီးသုံးနှုန်းလျက် ရှိပါသည်။

အဆိုပါ ရေကန်ကြီးမှာ ပြု ပြင်ထိန်းသိမ်းမှုမရှိဘဲ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရသောကြောင့် တဖြည်း ဖြည်းတိမ်ကောစပြုလာရာ ၂၀၁၇၊ ဒီဇင် ဘာလတွင် ပြန်လည်ပြုပြင် အဆင့်မြှင့် တင်ခဲ့ကြပါသည်။ ရှေးဦးစွာ ရေကန်ကြီး ကို မတူးဖော်မီ ကန်အတွင်းရှိ ရေနေ သတ္တဝါလေးများနှင့် ရေကန်၌လာ ရောက်ကျက်စားနေသော ငှက်များကို မြိတ်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိ က ဦးစိုးနိုင်က Survey (စစ်တမ်းကောက်) လုပ်ပေးသလို ကန်အတွင်းရှိ ရေများ ယိုစိမ့်ဆုံးရှုံးမှု မ ရှိရလေအောင် Soil Test (မြေစစ်ဆေး)လုပ်ပြီးမှ တူးဖော်ခဲ့ ကြပါသည်။ ကန်အတွင်းရှိ ရေများ စုပ်ထုတ်ရာ၌လည်း ရေနေသတ္တဝါလေး များ အသေအပျောက် မရှိရလေအောင် ဂရုတစိုက်ဖမ်းဆီး၊ စာရင်းပြုလုပ်ပြီးမှ ရေပုန်းရေကန်သို့ ပို့ဆောင်ခဲ့သည်။

ထို့အပြင် တတ်သိနားလည် ပညာရှင် များက အများပြည်သူ စိတ်လက်ချမ်း သာစွာ အနားယူအပန်းဖြေနိုင်မည့် ရေ ကန်ဒီဇိုင်းတစ်ခုဆွဲပေးသလို ရေကန် ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ရေး ကော် မတီဖွဲ့ရာတွင်လည်း နယ်ပယ်အသီးသီး မှ လူပုဂ္ဂိုလ်များ ပါဝင်နိုင်အောင် လက် လှမ်းမီသလောက် ဖိတ်ခေါ်ခဲ့သည်။ ရေ ကန်ကြီးကို တိုင်းဒေသကြီး ဘတ်ဂျက်ထဲ က သိန်းနှစ်ထောင်၊ စီးပွားရေးလုပ်ငန်း ရှင်များ၏ မတည်အလှူငွေ သိန်းသုံး ထောင်ကျော်နှင့် မြို့သူ။သားများ၏ စုပေါင်းအလှူငွေများဖြင့် ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်ပါသည်။

အ ချိန်ကန့်သတ်ချက်တစ်ခုအတွင်း ပြီးစီး အောင် တက်သုတ်ရိုက် ဆောင်ရွက်ရ သောကြောင့် စက်ယန္တရားအင်အားကို အပြည့်အဝ အသုံးပြုခဲ့ရသည့်အတွက် ငွေသိန်းထောင်ပေါင်းများစွာကို သုံးစွဲ ခဲ့ရခြင်းဖြစ်ပါသည်။ ထိုသို့ ငွေကုန်ကြေး ကျခံပြီး အချိန်မီပြုပြင်ထိန်းသိမ်းခြင်း မရှိပါက များမကြာမီ မီးသတ်ကားများ ရေ ၂၄နာရီ ရရှိနိုင်မည့် ကန်တစ်ကန် ကွယ်ပျောက်သွားနိုင်သလို အများပြည်သူ အပန်းဖြေအနားယူရာ၊ ကျန်းမာရေး လေ့ ကျင့်ခန်း ပြုလုပ်ရာ နေရာလေးတစ်ခု လည်း ပျောက်ကွယ်သွားမှာ သေချာသ လောက်ပင်။ ထိုကြောင့်လည်း ရေကန်ကို မဖြစ်မနေ ပြန်လည်တူးဖော် အဆင့်မြှင့် တင်ခဲ့ရခြင်းဖြစ်ပါသည်။

များမကြာမီ ကျွန်တော်တို့ မြို့လေး မှာ လှပတင့်တယ်သော ရေကန်ကြီး တစ်ကန်ကို မြင်တွေ့ကြရတော့မှာဖြစ် ပါသည်။ ထိုအခါ ရေကန်ကြီးကို အ ထက်မှာဆိုခဲ့သော အမည်လေးခုအနက် တစ်ခုခုကို အများသဘောဖြင့် ရွေးချယ် ကာ ဆိုင်းဘုတ်တင်သင့်ကြောင်းကို သ မိုင်းကြောင်းနှင့်ချီပြီး ကျွန်တော်က ရှင်း ပြသောအခါ ရွှေကြက်မောက် ဝိုင်းတော် သားများက အောက်ပါအတိုင်း ဝိုင်းဝန်း ဆွေးနွေးကြပါသည်။

ကျွန်ုပ်။ ။ လူတစ်ယောက်မှာ ခေါ်စရာအမည်တစ်ခုရှိသလို ရေကန် တစ်ကန်မှာလည်း အတည်တကျ အမည် လေးတစ်ခုတော့ ရှိသင့်တယ်ဗျ။ ဒါ ကြောင့် ရေကန်ကြီး ပြုပြင်ပြီးလို့ ကန်အ မည် ဆိုင်းဘုတ်တင်တဲ့အခါ ရှေ့မှာဆို ခဲ့တဲ့ အမည်လေးခုအနက် ဘယ်အမည်ကို ရွေးချယ်သင့်တယ်လို့ ခင်ဗျားတို့ ထင်သ လဲ။
ဘကြီးဖြိုး။ ။ ကျွန်တော်ကတော့ ရေကန်ရဲ့ မူလအမည်ဖြစ်တဲ့ ဥဒေါင်းမင်း ကန်ကိုပဲ ပြန်မှည့်စေချင်တယ်။ ဒီအမည် က ရှေးဆန်တယ်၊ ကျက်သရေရှိတယ်၊ နောက်ပြီး ဒေါင်းဆိုတာ မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ငှက်တစ်မျိုး မဟုတ်လား။

ကျွန်ုပ်။ ။ ကြည့်လည်းလုပ်ဦး နော်၊ တော်ကြာ ဘကြီးဖြိုးဟာ ပါတီကြီး တစ်ခုရဲ့လော်ဘီလား…ဘကြီးဖြိုး ဘာ လဲ ….ဘယ်လဲလို့ အပြောခံနေရဦးမယ်။
ကိုလေး။ ။ ကျွန်တော့်အထင် ပြောင်းတယ်…ပြောင်းတယ်ဆိုတာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိဖို့တော့ လိုလိမ့်မယ်ဗျ၊ ရေကန်ရဲ့ လက်ရှိအမည် ဖြစ်တဲ့ မင်္ဂလာကန်တော်ကို ဘာကြောင့် ပြန်ပြောင်းချင်ရတာလဲ၊ စစ်အစိုးရခေတ် က ပေးခဲ့တဲ့ အမည်မို့ ပြန်ပြောင်းချင်တာ ဆိုတော့ ဒါ…ခိုင်လုံတဲ့ အကြောင်းပြ ချက်တစ်ခု မဟုတ်လောက်ဘူး၊ ဒါမှမ ဟုတ် အမည်ကြောင့် ကန်က သေးသိမ် သွားလို့လား….တစ်ခုခုပေါ့၊

ကျွန်တော် ဆိုလိုတာက ဘာဖြစ်ဖြစ် ပြောင်းစရာ မလိုဘူးဆိုတဲ့ သဘောမဟုတ်ဘူးနော်၊ ပြောင်းဖို့ အကြောင်းပြချက် ခိုင်လုံရင် ပြောင်းပေါ့၊ ဥပမာဗျာ…ကျွန်တော်တို့ မြို့ကို အရင်က ထိုင်းလို မာရိတ်လို့ မှည့်ခေါ်ခဲ့ကြပေမဲ့ အလောင်းမင်းတရား က မြိတ်မြို့လို့ အမည်ပြောင်းခဲ့တယ်၊ ကိုလိုနီခေတ်က MERGUI ၊ဒီဘက် ခေတ်ရောက်တော့ MYEIK ၊ ကိုလိုနီ ခေတ်က အင်္ဂလိပ်အရာရှိတွေ အနားယူ အပန်းဖြေတဲ့ မေမြို့ကို ပြင်ဦးလွင်…စ သည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသလို ပေါ့။ မြန်မာနိုင်ငံမှာရော ကမ္ဘာမှာပါ အ ခုလို အမည်ပြောင်းခဲ့ရတဲ့မြို့တွေ အများ ကြီးပါ၊ အလားတူပဲ ကိုလိုနီခေတ်က အင်္ဂလိပ်လို မှည့်ခေါ်ခဲ့တဲ့ ရန်ကုန်မြို့က လမ်းအမည်တချို့ကို ကာလံဒေသံနဲ့ လိုက်လျောညီထွေမှုမရှိလို့ ဒီဘက် ခေတ်မှာ ပြောင်းလဲမှည့်ခေါ်ခဲ့ကြတယ်။

ဥပမာ..မဂိုလမ်းကို ရွှေဘုံသာလမ်း၊ ဟုမ်း လမ်းကို ပန်းလှိုင်လမ်း၊ မောင်ဂိုမာရီ လမ်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဖ ရေဇာလမ်းကို အနော်ရထာလမ်း၊ ဒါလ ဟိုဇီလမ်းကို မဟာဗန္ဓုလလမ်း၊ စပတ် လမ်းကို ဗိုလ်အောင်ကျော်လမ်း…စ သည်ဖြင့်ပေါ့။ ဒီလိုမှမဟုတ်ဘဲ ရှေ့လူ ပေးခဲ့တဲ့အမည်ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ပြန်ပြောင်းမယ်ဆိုရင် တော့ လေယာဉ်ကွင်းလမ်းလေးဆုံက အဝိုင်းကြီးလို ဖြစ်နေဦးမယ်။ အဘတစ် ယောက်လက်ထက်မှာ အဝိုင်းကြီးလုပ်၊ နောက်အဘတစ်ယောက် လက်ထက်မှာ အဝိုင်းကြီး ပြန်ဖျက်နဲ့။

ဘကြီးဖြိုး။ ။ ရေကန်အမည်ကို အကြောင်းပြချက် မခိုင်လုံဘဲ ပြောင်းချင် တာက ကျွန်တော်မဟုတ်ဘူး၊ သူရို့ ပြောင်းခဲ့တာဗျ၊ ရေကန်ရဲ့ နဂိုရှိပြီးသား အမည်ကိုပြောင်းလို့ ကျွန်တော်က နဂို အမည် ပြန်မှည့်ခေါ်စေချင်တာပါ၊ ဒီရေ ကန်ဟာ တစ်မြို့လုံးနဲ့ သက်ဆိုင်တဲ့ကန်၊ တစ်မြို့လုံးပိုင်တဲ့ကန်၊ အများပိုင်ကန်ဗျ၊ တစ်မြို့လုံးနဲ့ သက်ဆိုင်တဲ့ ရေကန်ကို ကိုယ့်လက်ထက်မှာ ပြန်တူးဖော်ပြီး ကိုယ် ပေးချင်တဲ့ အမည်ပေးတာဟာ တိုင်း ပြည်ကို အာဏာသိမ်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ခုကို ကိုယ့်စိတ် ကြိုက် ပြန်ရေးဆွဲသလိုများ ဖြစ်မနေဘူး လား၊ ဒါကြောင့်လည်း လက်ရှိအမည် ဖြစ်တဲ့ မင်္ဂလာကန်တော်ကို ဘယ်သူမှ လက်ခံသုံးနှုန်းခြင်းမရှိတာပေါ့။

ကျွန်ုပ်။ ။ ဒါနဲ့ စကားမစပ် လေယာဉ်ကွင်းဆိုလို့ ပြောရဦးမယ်၊ လေယာဉ်ကွင်းလမ်းဆုံအနီးက သတိ ပေးဆိုင်းဘုတ်တချို့ကို ခင်ဗျားတို့ သတိ ထားမိသလား။ “လေးလမ်းဆုံ ရှိသည်”လို့ သုံးနေရာလား မသိဘူး၊ လမ်းဘေးမှာ သတိပေးဆိုင်းဘုတ်ကြီး တွေ စိုက်ထူထားတယ်လေ၊ တကယ် တော့“လမ်းလေးဆုံရှိသည်”လို့ ရေးရ မှာ၊ အထားအသို မမှန်တော့ လမ်းဆုံ လေးခုရှိသယောင်ယောင် ဖြစ်သွားပါ ရောလား။ တစ်ခါ တုန်းကလည်း မြို့ပြင် ဘက်မှာ လမ်းခင်းတော့ သတိပေးဆိုင်း ဘုတ်ကြီးတွေ ထောင်ထားတယ်။

တစ်နေရာမှာ “ဖြည်းဖြည်းမောင်း”တဲ့၊ နောက်ဓာတ်တိုင် ငါးတိုင်လောက် ရောက်တော့“ဖြေးဖြေးမောင်း” ဖြစ် သွားပြန်ရော… ကြည့်ရတာ ဒီနှစ်ခု အနက် ဘယ်အရာက သတ်ပုံအမှန်လဲ ဆိုတာ မသိလို့ လိုရမည်ရ နှစ်ခုစ လုံးရေးလိုက်ပုံရတယ်၊ တခြား ဝေးဝေး လံလံ ကြည့်စရာမလိုဘူး၊ ကျွန်တော်တို့ နံဘေးက သတိပေးဆိုင်းဘုတ်ကို ကြည့် လိုက်“ဤနေရာ၌ ဆိုင်ကယ် တက္ကစီများ နှင့် ယာဉ်မရပ်ရ”လို့ရေးထားလေရဲ့၊ တကယ်ဆို “ဤနေရာ၌ မည်သည့် ယာဉ်မျှ မရပ်ရ”လို့ လိုတိုရှင်းရေးလိုက် ရင် ပြီးရော မဟုတ်လား။ တချို့တွေ ရှင်းနေတာကို မရှုပ်ရှုပ်အောင် လုပ်ရမှ ကျေနပ်ပုံရတယ်။

ဘကြီးဖြိုး။ ။ အရေးထဲ ရေကန် အမည်ဆွေးနွေးနေပါတယ်ဆိုမှ သတိပေးဆိုင်းဘုတ်က တစ်မှောင့်။

သားပု။ ။ ကဲ ကဲ…ဒါဖြင့် ရှဥ့် လည်းလျှောက်သာ ပျားလည်းစွဲသာ အောင် မူလအမည်တစ်ခုဖြစ်တဲ့ပဲတောင့် စားမင်းကန်လို့ မှည့်ရင်ရော၊ ဒါဆို မူလ တူးဖော်ခဲ့သူကို ဂုဏ်ပြုရာရောက်လို့ အားလုံးလက်ခံသဘောတူမယ် ထင်ပါ တယ်။

ကိုသန်း။ ။ ဒီမှာ…ကျွန်တော့် သဘောပြောရရင် ခင်ဗျားတို့ဘာသာ ကြိုက် ရာအမည်ပေးပြီး ဆိုင်းဘုတ် တင်ကြပါ၊ ဥဒေါင်းမင်းကန်လို့ မှည့် မှည့်၊ ပဲတောင့် စားမင်းကန်လို့ မှည့် မှည့်၊ ဒါမှမဟုတ် လက်ရှိအမည်ဖြစ်တဲ့ မင်္ဂလာကန်တော်ပဲ မှည့်မှည့် ကြိုက်ရာ မှည့်ကြပါ၊ ကျွန်တော်ကတော့ တစ်သက် လုံး နှုတ်ကျိုးနေတဲ့ ရေကန်ဘောင်ဆိုတဲ့ အမည်ပဲ ဆက်ခေါ်မယ်၊ သိမ်တော် ကြီးလို့ ဆိုင်းဘုတ် ဘယ်လောက် တင်တင် တစ်မြို့လုံးက သိမ်ကြီးတောင် လို့ ခေါ်ကြတာပဲ၊ မြို့မအားကစား ကွင်းလို့ ဘယ်လောက်ရေးရေး တစ်မြို့ လုံးက ဘုရားငါးဆူကွင်းလို့ ခေါ်ကြ သလို ဆိပ်ငယ်စည်ပင်ဈေးကို တစ်မြို့ လုံးက တိုက်ဈေးလို့ ခေါ်ကြတာပဲ မဟုတ် လား၊ တကယ်တော့ ဆိုင်းဘုတ်ပေါ်က အမည်က သိပ်အရေးမကြီးပါဘူးဗျာ။

ကျွန်ုပ်။ ။ ဒီလိုတော့ ယတိပြတ် ပြောလို့ မရဘူးလေ၊ ခင်ဗျားတို့ ကျွန် တော်တို့ နှုတ်ကျိုးနေတဲ့ အမည်ကို ခေါ် တာလည်း ခေါ်ပေါ့၊ ဒါပေမဲ့ ရေကန်ကြီး တစ်ကန်ကို ငွေကျပ် သိန်းထောင်ပေါင်း များစွာ အကုန်ကျခံ မွမ်းမံပြင်ဆင်ပြီး ကာမှ အမည်လေးတစ်ခုသတ်သတ်မှတ် မှတ်ရွေးပြီး ဆိုင်းဘုတ်တင်ပေးသင့်တာ ပေါ့။ ဒါမှ တခြားဒေသက အလည် အပတ် လာသူတွေအနေနဲ့ ရေကန် အမည်ကို လူတကာကို လျှောက်မေး နေစရာ မလိုတော့ဘူးမဟုတ်လား ၊ နောက်ပြီး ဒီရေကန်ဟာ အင်းလျား ကန်လို တစ်နိုင်ငံလုံးက သိတဲ့အထင်က ရ ရေကန်တစ်ကန် မဟုတ်ဘူးလေ။

ဘကြီးဖြိုး။ ။ ဒါဖြင့်လည်း ကန်အမည်ကို ရွေးကောက်ပွဲလုပ်ဗျာ၊ သမိုင်းတစ်လျှောက်တွင်ခဲ့တဲ့ အမည်လေး ခုအနက် ထောက်ခံမဲအများဆုံးရတဲ့ အမည်ကို အတည်ပြုပြီး ဆိုင်းဘုတ် တင်ကြပေါ့။

ကျွန်ုပ်။ ။ ဘကြီးဖြိုးအကြံ ကောင်းပါတယ်၊ ဒီမိုကရေစီလည်း ကျ ပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲ အထွေ ထွေကုန်ကျစရိတ် ဘယ်သူက ပေးမလဲ။
ညက တဖြည်းဖြည်း အိုမင်းရင့် ရော်လာချေပြီ။ သို့သော် ကျွန်တော်တို့ ၏ ရေကန်အမည်ပေးရေး ဒီဘိတ်ကြီး ကား သောင်မတင်ရေမကျနှင့် အချေ အတင် ဆွေးနွေးနေရတုန်းပင်။ လက်ဖက်ရည် ဆိုင်ထဲမှာလည်း ကျွန်တော်တို့ တစ်ဝိုင်းမှလွဲ၍ မည်သူမှ မရှိတော့ပေ။ ထိုကြောင့် ကျွန်တော်က နောက်နေ့မှ ဆက်လက် ဆွေးနွေးရန် ပြောပြီး အိမ်ပြန်ရန် ပြင်စဉ်တစ်ချိန်လုံး စကားတစ်ခွန်းမှ ဝင်မပြောဘဲ ငိုက်မြည်း နေသယောင်ယောင်နှင့် တစ်ဝိုင်းလုံးပြော သမျှ အသာနားစွင့်နေသော ပုဂ္ဂိုလ် တစ်ဦးက တစ်ခွန်းတည်းနှင့် ရေကန် ဘောင် အမည်ပေးရေး ဒီဘိတ်ကို ယခုလို ပုဒ်မ ချပေးလိုက်ပါသည်။

“တကယ်တော့ ခင်ဗျားတို့ ခရုခါး တောင်းကျိုက် ဖမ်းနေကြတာပဲ၊ နှင်းဆီ ပန်းကို ဘာအမည်ပေးပေး မွှေးမြဲမွှေးနေ မှာပါဗျာ” ဟူ၏။