မျက်ရည်မိုးဖြင့် ပန်းပျိုးကြသူများ

0
552

” သိပ်ဘဝင်မြင့်မနေကြနဲ့
မြန်မာနိုင်ငံက သံဃာ ၃ သိန်း ကျော်မှာ
ပြည်သူတောင်းဆိုလို့ဖြစ်လာတာ
တစ်ပါးမှမပါဘူး”

ဒီစကားကို ဦးသောဘိတ (အလင်္ကာကြယ်)ဆိုတဲ့ ဦးဇင်းတစ်ပါးက သူရဲ့ဖေ့စ်ဘုတ်မှာ တင်ခဲ့တာပါ။ တော် တော်များများ ပြန်ရှယ်ပြီး ဝေဖန်ထား တာတွေ့လို့ စဉ်းစားမိတာလေး ပြောချင် ပါတယ်။

မြန်မာနိုင်ငံ သာသနာတော်ရဲ့ ပရိ ယတ္တိ ပဋိပတ္တိသာသနာပြုလုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်တော်မူ ကြတာဟာ ငယ်ဖြူသံဃာတော်တွေဖြစ်ပါ တယ်။ အဲဒီငယ်ဖြူသံဃာတော်အားလုံး နီးပါးကလည်း ကျေးလက်တောရွာတွေ ကနေ မွေးဖွားလာကြတာပါ။ ဆရာ တော်ဘုရားကြီးများမှစ၍ စာသင်သား ကိုရင်ငယ်လေးများထိ ဘ၀ဇာတ်ကြောင်း ကို ကြည့်မယ်ဆိုရင် တော်တော်များများ ဟာ အသက် ၁၀ နှစ်ဝန်းကျင်မှာ သာသနာ့ဘောင်ကို စတင်ဝင်ရောက် ခဲ့ကြတာ များပါတယ်။

မိမိသာသနာ့ဘောင်ကို စတင်ဝင် ရောက်စဉ်က ၉ နှစ်သားအရွယ်သာရှိပါ သေးတယ်။ တောဓလေ့အတိုင်း မိဘဆွေ မျိုးတွေ ရှင်ပြုပေးလို့သာ ဘုမသိဘမသိ ကိုရင်ဝတ်ဖြစ်ခဲ့တာပါ။ ” ငါကြီးလာရင် ဘုန်းကြီးလုပ်မယ်” ဆိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ကလေးသဘာဝအတိုင်း အိပ်လိုက်၊ ကစားလိုက်၊ ဆွမ်းခံ လိုက်၊ ဘုန်းကြီးသင်ပေးတဲ့ ပရိတ်ကြီးကျက် လိုက်နဲ့ ပျော်လို့သာ လူဝတ်မလဲဘဲ ဆက်နေခဲ့တာပါ။ ရွာမှာ ၂ နှစ်နီးပါး နေရင်း အခြေခံစာလေးတွေ သင်ပြီးတော့ ဆရာဘုန်းကြီးက မြို့စာသင်တိုက်ကို ပို့ဖို့ စီစဉ်ပါတော့တယ်။ အစပထမ ဘုန်း ကြီးက မြို့သွားပြီး စာသင်ရမယ်ဆိုတော့ ပျော်တာပေါ့။ မိဘတွေက ဒီလောက် အရွယ်သားငယ်လေးကို မိဘဆွေမျိုးတို့နဲ့ ဝေးရာမြို့မှာ စာသင်လွှတ်ရမှာ စိတ်မချ ပေမဲ့ ကိုယ့်သားလေး သာသနာ့ဘောင်မှာ အနေမြဲပြီး ဘုန်းကြီးဖြစ်မှာကို စစ်ဗိုလ် ကြီးတွေ၊ ဆရာဝန်ကြီးတွေအဖြစ်ထက် ပိုပြီးမြင်ချင်ပါတယ်။ ဒါကြောင့် ဆရာ ဘုန်းကြီးရဲ့စီစဉ်မှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြပါတယ်။

ဒီလိုနဲ့ မြို့မှာ စာသင်ရင်း တစ်နှစ် ပြီးတစ်နှစ် ကျော်လွန်လာခဲ့ပါတယ်။ က လေးဘ၀အရွယ်မှာ သာသနာ့ဘောင်မှာ ပျော်ရွှင်ခဲ့ပေမဲ့ အသက် ၁၈ နှစ်၊ ၁၉ နှစ် ထဲရောက်လို့ စိတ်ကစားတဲ့အရွယ် ရောက်တဲ့အခါမှာတော့ သာသနာဘောင် မှာ နေထိုင်ရတာကို ငြီးငွေ့လာပါတယ်။ ပရိယတ္တိစာပေတွေ သင်ယူကျက်မှတ်ရ တာ ငြီးငွေ့လာသလို ဝိနည်းစည်းကမ်းနဲ့ ကျောင်းတိုက်စည်းကမ်းတွေရဲ့ကြားမှာ စိတ်က မွန်းကြပ်လို့ လာပါတယ်။ အမှန် တကယ် မိမိစိတ်အလိုအတိုင်းသာလုပ် ရလျှင် အခုလိုမပျော်ရွှင်တော့တဲ့အချိန် မှာ တန်းပြီးလူဝတ်လဲလိုက်မိမှာပါ။ ဒါ ပေမဲ့ တကယ်လူဝတ်လဲမယ်ဆိုပြီး ကြံ လိုက်တော့ မိဘမျက်နှာ၊ ဆရာသမားရဲ့ မျက်နှာ၊ ပစ္စည်း ၄ ပါးထောက်ပံ့နေတဲ့ ရဟန်းဒကာမတို့ရဲ့မျက်နှာနဲ့ မိမိရဲ့ ရဟန်းအဖြစ်ကို မျှော်လင့်ထားကြတဲ့ ဆွေမျိုးမိတ်ဆွေတို့ရဲ့ မျက်နှာတွေ အစီအရီအတွေးထဲ ပေါ်ပေါက်လာပါ တော့တယ်။

၁၈ နှစ် ၁၉ နှစ်ဆိုတဲ့အရွယ်ဟာ လူဝတ်ကြောင်လူငယ်တွေအတွက် တကယ်ကဲလို့၊ ပျော်လို့၊ ဆိုးလို့ ကောင်း တဲ့အရွယ်ပါ။ ဒါပေမဲ့ ၁၈ နှစ်အရွယ် ကိုရင်တစ်ပါးအတွက်တော့ အပြစ်မဟုတ် တဲ့ လူဝတ်လဲခြင်းကိစ္စအတွက်တောင် စိတ်အလိုမလိုက်နိုင်ဘဲ ဦးနှောက်နဲ့ချင့် ချိန်ပြီး မိမိရဲ့ အလိုဆန္ဒတွေကို အဆုံး သတ်စေဖို့ ကြိုးစားနေရပါပြီ။ အရွယ် ရောက်ပြီးသား ဆရာတော်တွေ လူဝတ် လဲတာရှိပေမဲ့ ၁၈နှစ် ၁၉ နှစ် ဝန်းကျင် ကိုရင်ပျို၊ ရဟန်းပျိုအရွယ်မှာ လူဝတ် လဲသွားကြတာ ပိုပြီးများပါတယ်။ မိမိနဲ့တူ မူလ တန်းကို အတူတက်ခဲ့တာ ၂၇ ပါး ရှိပါတယ်။ နောက် ၅ နှစ်ကြာပြီး သာမဏေကျော် ဒုတိယအဆင့် လုပ်ချိန် မှာတော့ အဲဒီ ၂၇ ပါးထဲက ၇ ပါးသာ ကျန်ပါတော့တယ်။ သုံးလေးပါးခန့် အခြားစာသင်တိုက်ကို ပြောင်းသွားတာ ကလွဲရင်ကျန်တဲ့ ၁၀ ပါးကျော်က လူဝတ်လဲသွား ကြတာပါ။

မိမိတို့ သာမဏေကျော် ဒုတိယဆင့် တက်တဲ့နှစ်စမှာ မူလတန်းက အတူနေ ခဲ့တဲ့ သူငယ်ချင်းတစ်ပါး လူဝတ်လဲသွား ခဲ့ပါတယ်။ သူငယ်ချင်းက စာအရမ်းတော် ပြီး ပထမငယ်တန်းမှာ တစ်နိုင်ငံလုံး တ တိယဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူပါ။ သူ လူဝတ်လဲတော့မယ်ပြောလို့ သူငယ်ချင်း တွေ ဝိုင်းတားခဲ့ပေမဲ့ မရခဲ့ပါဘူး ။ ဒီလို ၁၈ နှစ် ၁၉ နှစ်အရွယ်မှာ စိတ်ကစားပြီး လူထွက်ချင်စိတ်ပေါက်တာက ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ ဒါပေမဲ့ သူက စိတ် အလိုလိုက်ပြီး လူဝတ်လဲသွားခဲ့တာဟာ နောင်က်က ထောက်စရာကြည့်စရာ မျက် နှာမရှိခဲ့ လို့ပါ။

သူ့ရဲ့ မူလဥပဇ္ဈာယ်ဆရာတော်ဟာ နာမည်ကြီးရိပ်သာတစ်ခုရဲ့ ဆရာတော် ဖြစ်ပြီး တောရွာက ဆရာဘုန်းကြီးတွေလို တပည့်အပေါ်မှာ လေးလေးနက်နက်စိတ်
ဝင်တစားမရှိခဲ့ပါဘူး။ မိဘနှစ်ပါးမှာ မယ်တော်က သူငယ်ငယ်လေးတည်းက ဆုံးပါးသွားခဲ့ပြီး ခမည်းတော်က နိုင်ငံ့ တာဝန် ရပ်ဝေးရပ်ဖျားကို ရောက်နေခဲ့ပါ တယ်။ လူထွက်ချင်တဲ့ စာသင်သားပျို လေးတွေရဲ့အလိုဆန္ဒကို ဥပဇ္ဈာယ်ဆရာ တို့ရဲ့ဩဝါဒနဲ့ မျက်နှာတော်တွေ၊ မိဘ နှစ်ပါးရဲ့ တောင်းဆိုမှုနဲ့ မျက်ရည်တွေက ရပ်တန့်ပစ်နိုင်စွမ်းရှိပါတယ်။ အဲဒီသူ ငယ်ချင်းမှာတော့ မိဘဆရာသမားတို့ရဲ့ တောင်းဆိုမှုနဲ့ ထောက်စရာမျက်နှာမရှိခဲ့ လို့ သူ့ရဲ့ စိတ်အလိုအတိုင်း သူ့ဆုံးဖြတ် ချက်သာ အတည်ဖြစ်ခဲ့ပါတော့တယ်။

တကယ်ဆို အဲဒီသူငယ်ချင်း လူ ထွက်ခဲ့တဲ့နှစ်မှာပဲ သူငယ်ချင်းအရင် မိမိက လူထွက်ချင်ခဲ့တာပါ။ လုံးဝမပျော် တော့တဲ့အဆုံးမှာ မယ်တော့်ကို ဖုန်းထဲ ကနေ ဖွင့်ပြောခဲ့ပါတယ်။ မိမိက လူထွက် ချင်တဲ့အကြောင်း ပြောပြီးတဲ့အဆုံးမှာ မယ်တော့်ရဲ့ ငိုသံကို ကြားခဲ့ရပါတယ်။” ငါ့ကြောင့် ငါ့မယ်တော်ငိုနေပါလား” ဆိုတဲ့အသိက ကိုယ်ဟာကိုပြန်ပြီး ဝမ်း နည်းစေခဲ့လို့ မယ်တော်နဲ့အတူလိုက်ပြီး ငိုကျွေးမိပါတယ်။ အဲဒီတုန်းက ငိုရင်းနဲ့ မယ်တော်ပြောခဲ့တာက” ဒီသားလေး တစ်ယောက်တည်းကို ငယ်ငယ်လေးက တည်း ကခွဲပြီး မြို့ပို့ခဲ့ရတာ နောက်ဆုံး ဒီလိုဖြစ်ဖို့အတွက်လား ဒါ့ကြောင့် ဒီစကောစ ကအရွယ်ကို မရောက်စေချင် တာ။ ၉ နှစ် ၁၀ နှစ်အရွယ် ပြန်ငယ် မှာဆိုလည်း ငယ်၊ အသက် ၄၀ – ၅၀ ထိရောက်သွားမှာဆိုလည်း ရောက် သွားလိုက်စမ်းပါ။ ဒီစကောစကအရွယ် ကို မဖြစ်စေချင်ဘူး” လို့ ပြောပြီး ဆက်ငိုနေခဲ့တာပါ။ မယ်တော်ရဲ့ငိုသံက မိမိရဲ့ဆန္ဒကို အကောင်အထည်ဖော်ခွင့် မရအောင် အနုနည်းနဲ့ ဟန့်တားခဲ့ပါ တယ်။

သိပ်မကြာခင်မှာပဲ ခမည်းတော်နဲ့ ရဟန်းဒကာဒကာမတို့ မြို့လိုက်လာပြီး သာသနာ့ဘောင်မှာ မြဲစေချင်တဲ့အ ကြောင်းတွေကို နည်းအမျိုးမျိုးနဲ့ ပြောခဲ့ ပါတယ်။ တောသူတောင်သားတို့ရဲ့ ရိုး သားပွင့်လင်းမှုက သူတို့ပြောတဲ့စကား လုံးတွေကို နားထောင်တဲ့သူအတွက် ပိုပြီးလေးနက်စေခဲ့ပါတယ်။ သူတို့ကို စတွေ့ တဲ့အချိန်ကစပြီး ပြန်သွားတဲ့ အချိန်ထိ စကားတစ်ခွန်းမှမိမိပြန်မပြော နိုင်ခဲ့ပါဘူး။ တကယ်ပါ။ ခေါင်းခါခေါင်း ငြိမ့် သာလုပ်ရင်း မိမိရဲ့ဝမ်းနည်းခြင်းတွေ မျက်ရည်အဖြစ် မပြောင်းလဲစေဖို့ စကား သံတွေတိတ်ပြီ အားတင်းခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဆရာမိဘတွေ ဆွေမျိုးမိတ်ဆွေတွေရဲ့ တောင်းဆိုတိုက် တွန်းမှုတွေနဲ့ မိမိရဲ့သာသနာအသက်ကို အားတင်းရင်း ရှေ့ဆက်ခဲ့ပါတယ်။ အ ရွယ်ရောက်လို့ ကိုယ့်ဟာကို ထိန်းနိုင်တဲ့ အချိန်မှာတော့ သာသနာ့အတွက် အလုပ်လုပ်ရင်း မိမိကိုယ်တိုင် သာသနာ့ ဘောင်မှာ ပျော်ရွှင်စွာ နေထိုင်လာနိုင်ပါ တယ်။ မိမိနည်းတူ ဆရာမိဘတွေ ဒကာဒကာမ ဆွေမျိုးမိတ်ဆွေတွေရဲ့ တောင်းဆိုတိုက် တွန်းမှုကြောင့် သာသနာ့ဘောင်မှာ ဆက်နေဖြစ်ရင်း သာသနာအတွက် အရေးပါတဲ့ ဆရာတော် ကြီးတွေအထိ ဖြစ်သွားတဲ့ သံဃာတော် များကို မိမိတွေ့ဖူးပါတယ်။

အဓိကပြောချင်တာက ဦးသော ဘိတ (အလင်္ကာကြယ်)ပြောတဲ့ သံဃာ ၃ သိန်းကျော်မှာ ပြည်သူတွေတောင်း ဆိုလို့ ဘုန်းကြီးဖြစ်လာတာ တစ်ပါးမှ မပါဘူး ဆိုလို့ပါ။ ဆရာသမားတွေ၊ မိဘဆွေမျိုး တွေရဲ့ တောင်းဆိုမှုကြောင့် ဘုန်းကြီးဖြစ် သွားကြတာ အများကြီးပါ။ ဒီလိုဆိုရင် ဦးသောဘိတပြောတဲ့ ပြည်သူ တွေထဲမှာ အဲဒီမိဘဆရာတွေ ဒကာ ဒကာမဆွေမျိုးတွေက အကျုံးမဝင် လို့လား။ ဒါမှမဟုတ် အဲလိုတောင်းဆို တိုက်တွန်းမှုတွေကြောင့် ဘုန်းကြီးဖြစ် သွားတဲ့ သံဃာတော်တွေကို သူ့တစ် သက်မှာ တကယ်ပဲ တစ်ပါးတစ်လေမျှ ကို မတွေ့ဖူး၊ မကြုံဖူး၊ မကြားဖူးခဲ့ လို့များလား။တကယ်ကို သူမတွေ့ဖူး၊ မကြုံဖူးလို့ အခုလိုပြောခဲ့တာဆိုရင်လည်း ဆရာမိဘတွေ၊ ဒကာ ဒကာမတွေရဲ့ တောင်းဆိုတိုက်တွန်းမှုကြောင့် ဘုန်း ကြီးဖြစ်သွားတဲ့ သံဃာတော်တွေများစွာ ရှိကြောင်း သိစေချင်ပါတယ်။ သံဃာ ၃ သိန်းကျော်လုံး မဟုတ်တောင်မှ သူပြော သလို တစ်ပါးမှမရှိဘူးဆိုတာ မဟုတ်တဲ့ အကြောင်း သူ့ကို သိစေချင်ပါတယ်။

သိပ်ပြီး ဘဝင်မြင့်မနေနဲ့ဆိုပြီး ခပ် ရိုင်းရိုင်းပြောခဲ့တဲ့ မြန်မာနိုင်ငံက သံဃာ ၃ သိန်းကျော်ထဲမှာ သီလ၊ သမာဓိ၊ ပညာဂုဏ်တွေ နှိုင်းတုဖို့ခက်အောင် ကြီးမား တော်မူကြတဲ့ ပရိယတ်၊ ပဋိပတ်အကျော် အမော်ဆရာတော်ကြီးတွေ ပါဝင် တယ်ဆိုတာကိုလည်း စေတနာအပြည့် အဝနဲ့ တကယ်ကို ထပ်ဆင့်သိစေချင်ပါ သေးတယ်….။