အတာစားခံရသူများ

0
1581

သင်္ကြန်ကျတိုင်း အတာစားခံရသူ ရှိစမြဲဖြစ်သည်။ သင်္ကြန်အတက်နေ့နှင့် မွေးနေ့နံနှင့် တိုက်ဆိုင်နေသူတိုင်းသည် ယင်းနှစ်အတွက် အတာစားခံရသူ ဖြစ်လေပြီ။ ယခုနှစ်တွင် ဧပြီလ ၁၆ ရက် တနင်္လာနေ့၌ သင်္ကြန်တက်သဖြင့် တနင်္လာသားသမီးတိုင်း အတာစားခံရ သူများ ဖြစ်လေသည်။တချိန်ကဆိုလျှင် ယင်းသို့ အတာ စားခံရလျှင် ယင်းတစ်နှစ်တာ အတွက် အချိန်မရွေး ကံဆိုးမိုးမှောင် ကျနိုင်သည့် နှစ်အဖြစ် မှတ်ယူတတ်သည်အထိ အယူ ရှိ ခဲ့သည်။

အသက်အရွယ်ကြီးသူတို့က မိမိတို့ ကိုယ်တိုင် အတာစားခံရလျှင် တစ်နှစ် ပတ်လုံးအနေအထိုင် အသွားအလာ ဆင်ခြင်ကြသကဲ့သို့ မိမိတို့မိသားစုဝင် သားသမီးများ အတာစားခံရပါကလည်း အနေအထိုင် အသွားအလာ ဆင်ခြင် ကြရန် ယနေ့အထိ ကြပ်မတ်ကြဆဲဖြစ် သည်။
အတာစားခံရသော ကလေးများကို သင်္ကြန်မကျမီပင် သိပ်မဆော့ခိုင်းတော့။ လူရွယ်များကိုလည်း သာမန်ထက် အလည်အပတ်လျှော့ရန် သတိထားရန် ပြောတတ်ကြမြဲ။

ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက် နေ အသက် ၅၆ နှစ်အရွယ်ရှိ ဒေါ်ခင်စန်း ကြူသည်လည်း အတာစားသူတို့ ကံဆိုးတတ်သည်ဟူသော ငယ်ငယ်က တည်းက ကြားခဲ့ဖူးသည့် မိဘတို့ပြော စကားကို အခုအချိန်အထိ လက်ခံထား ကြောင်း ဖွင့်ဟသည်။ ” သမီးဆိုင်ကယ်နဲ့ လမ်းထွက်တဲ့ အချိန် စိတ်ပူနေရတယ်။ ဒီနှစ်က သမီး အတာသင့်နေတာဆိုတော့ ပိုပြီးတော့ စိတ်ပူနေတာပေါ့။ အတာသင့်ရင် ကံဆိုးတယ်ဆိုပြီး ရှေးလူကြီးတွေ ပြောပြထားတာဆိုတော့ အဲဒါကြောင့် စိတ်ပူတာပေါ့” ဟု ဒေါ်ခင်စန်းကြူက ပြောသည်။

အယူသည်းသူအချို့ဆိုလျှင် အတာ စားခံရသည့် သားသမီးများအား သင်္ကြန် တွင် လုံးဝထွက်မလည်ရန် တားမြစ် သည်အထိ။သင်္ကြန်အတွင်းဆိုလျှင် အတာ စားခံရသူများအတွက် ရည်ရွယ်ကာ အတာအိုး (အုန်းညွှန့်၊ သပြေ စသည့် အောင်အတိတ် အောင်နမိတ်နှင့်သက်ဆိုင်သောအရွက်များပန်းများထည့်ထား သော လည်ပင်းရှည်မြေအိုး) ထိုးပေး ကြသည်မှာလည်း ယခုအချိန်အထိ ရိုးရာ မပျက်သေး။

ထို့ပြင် အတာစားခံရမှုမှ သက်သာ စေရေး သင်္ကြန်အတွင်း အတာမုန့်အဖြစ် သင်္ကြန်ထမင်း၊ မုန့်လက်ဆောင်း၊ အအေး စသည်တို့ကို အိမ်တွင်ကျွေးမွေး၊ ဘုန်းကြီးကျောင်းလှူဒါန်းခြင်းများကို ပြုလုပ်နေတတ်သည်မှာလည်း အချို့ အရပ်ဒေသတွင် အစဉ်အလာ မပျက် သေး။” အမြဲတမ်း အတာသင့်တဲ့နှစ် တိုင်းဆိုသလို အတာမုန့်လှူပေးတာ၊ အတာအိုးထိုးတာတို့ လုပ်ပေးပြီးရင်တော့ စိတ်ထဲမှာ ပေါ့သွားတယ်။ စိတ်ပူတာ မျိုးမရှိတော့ဘူး။ စိတ်ပြေသွားတယ် ပေါ့နော်။ အလှူမလုပ်ဖြစ်ရင် ဘယ်လို ခံစားရမလဲဆိုတာတော့ မပြောတတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ နှစ်တိုင်း မိသားစု ဝင်တစ်ယောက်ယောက်မှာ အတာသင့် ရင် အတာမုန့် မဖြစ်မနေလုပ် နေလို့ပါ” ဟု ဒေါ်ခင်စန်းကြူက ပြောသည်။

ကော့သောင်းမြို့ ပိတောက်ရွှေဝါ ရပ်ကွက်နေ ဒေါ်သီ၏သားသည်လည်း ယခုနှစ် အတာစားခံရသဖြင့် ဘိုးစဉ် ဘောင်ဆက် လုပ်ဆောင်ခဲ့သည့်အတိုင်း အတာအိုးများ ထိုးပေးရန်ရှိကြောင်း ဒေါ်သီကပြောသည်။” အယူအဆဆိုတော့ ဟုတ်တာ မဟုတ်တာထက် လုပ်ပေးသင့်တာလုပ် ပေးရမှာပဲလေ၊ အတာထိတဲ့နှစ်ဆို အိမ်မှာ အတာသင်္ကြန်အိုး သုံးအိုးထိုး ပေးတယ်။ ဒါလဲဘာကြောင့်လဲ အတိ အကျမသိပေမဲ့ အဖိုးဖွားတွေလက်ထက် ကတည်းက လုပ်ကြတော့ ကိုယ့်လက် ထက်မှာလည်း လုပ်ဖြစ်တယ်၊ အဓိက အိမ်ကမိသားစုတွေအန္တရာယ်ကင်းရှင်းဖို့ပဲလေ” ဟု ဒေါ်သီက ပြောသည်။
သို့သော် ယင်းစိုးရိမ်ပူပန်မှုများ သည် ယခင်ကကဲ့သို့ တစ်နှစ်ပတ်လုံး စိတ်ပူနေမှုမျိုးကား မရှိကြတော့။

မိသားစုဝင်များ အတာစားခံရက သင်္ကြန်အတွင်းတွင် သာမန်နှစ်များထက် ပိုဂရုပြုသတိထားဖြစ်ကြောင်း ကော့သောင်း မြို့၊ အောင်သုခရပ်ကွက်နေ ဦးမျိုးမင်း က ပြောသည်။” သားတို့သမီးတို့အဝေးကြီး မလည်ကြနဲ့၊ သားတွေဆို ဘီယာအရက် တွေ မသောက်ဖို့ဆုံးမတယ်၊ ဒါပေမဲ့ ကိုယ့်ကွယ်ရာဆိုတော့စိတ်ပူတယ်” ဟု ဦးမျိုးမင်းကပြောသည်။သင်္ကြန်ပြီးလျှင်ကား အတာစားခံရ မှုက အားလုံး မေ့မေ့ပျောက်ပျောက်။

ခေတ်ကာလ ရွှေ့လျားလာသည်နှင့် အမျှ အချို့လူငယ်များက အတာစား သည်ကိုပင် အယုံအကြည်လျှော့ပါး လာကြပြီ ဖြစ်သည်။
အတာစားသည့်အခါ လူကြီးမိဘ များက ယနေ့တိုင် အတာအိုးထိုးပေး လေ့ရှိပြီး အတာစားခံရသူ တစ်နှစ်တာ ကံဆိုးမည်ဆိုသည်ကိုတော့ ယုံကြည်မှု မရှိကြောင်း မြိတ်မြို့ ကန်ဖျားရပ်နေ အသက် ၃၅ နှစ်အရွယ် မငြိမ်းငြိမ်းက ပြောသည်။” သင်္ကြန် ၃ ရက်မှာ သိကြားမင်းက ဘယ်ရက်ဆင်းတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ သိကြားမင်း(တက်တဲ့နေ့)ကြောင့် ကံဆိုးတယ်ဆိုတာ မျိုးလည်း မယုံဘူး” ဟု ၎င်းက ဆိုသည်။

သင်္ကြန်တွင်း ကောင်းတာလုပ်လျှင် ကောင်းမည်ဖြစ်ပြီး ဆိုးတာလုပ်လျှင် ဆိုးမည်ဟုသာ မငြိမ်းငြိမ်း ယုံကြည်နေ သည်။
သရက်ချောင်းမြို့နယ် ကနက်သီရိ ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မချိုချိုပြုံးသည်လည်း ယခုနှစ် အတာ စားခံရသည်။ သူမ၏မိဘများက အတာ မုန့်လှူမည်၊ အတာအိုးထိုးရမည်ဟု ပြောလာသည်။” ကိုယ်ကလုပ်ခိုင်းတာ မဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကိုယ်ဆို မလုပ်လည်းရ တယ်၊ လုပ်လည်းရတယ်။ စိတ်ထဲမှာ ဘာမှ မရှိဘူး။ အတာသင့်နေတယ်ဆို တာလည်း သင်္ကြန်တွင်းမှာ လေးငါးရက် လောက်ပဲ စိတ်ထဲမှာ နဲနဲ စနိုးစနောင့် ဖြစ်တာ။ သင်္ကြန်ပြီးသွားရင် သတိ တောင်မရတော့ဘူး” ဟု မချိုချိုပြုံးက ပြောသည်။

အတာစားခံရသဖြင့် ကံနိမ့်နေ သည်၊ ဘေးအန္တရာယ် ကျရောက်တတ် သည်၊ ဟိုမသွားရ၊ ဘာမလုပ်ရဟူသည့် ပတ်ဝန်းကျင်ပြောစကားများကို ကြားရသော်လည်း စိတ်ထဲ မည်သို့မျှ မခံစားရကြောင်း ချိုချိုပြုံးက ပြောသည်။

” ကိုယ်ကိုယ်တိုင်ကတော့ အတာ စားတယ်ဆိုတာ ဓလေ့တစ်ခုအနေနဲ့ လုပ်ကြတာလို့ပဲမြင်တယ်။ ထူးပြီးစိတ်ပူ နေတာလဲမရှိဘူး” ဟု မချိုချိုပြုံးက ဆိုလေသည်။