သမ္မတ အသစ်အပြောင်းအလဲ

0
493

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ တက်လာပြီး ၂ နှစ်ကြာပြီးနောက် သမ္မတသစ်တစ်ဦးကို ထပ်မံရွေးချယ်လိုက်ပြီ ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ သမ္မတ ဖြစ်လာသော ဦးဝင်းမြင့်၏ ပထမဆုံး မိန့်ခွန်းတွင် ဦးစားပေး လုပ်ငန်းအချို့ကို ပြောဆိုခဲ့သည်။

ယင်းမှာ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်သည်။ ထို့အပြင် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသော ဌာနဆိုင်ရာများကို ကြပ်မတ်ရေး၊ ယိမ်းယိုင်နေသော တရားစီရင်ရေးကို တည့်မတ်ရေး၊ အဂတိလိုက်စားမှု ပိုမိုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေး ကိစ္စ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးတို့ကိုလည်း ပြောဆိုခဲ့သည်။

ဦးဝင်းမြင့်၏ မိန့်ခွန်းသည်သမ္မတ အဖြစ်မှ နုတ်ထွက်သွားခဲ့သော ဦးထင်ကျော် ရာထူးလက်ခံ မိန့်ခွန်းပြောဆိုစဉ်ကထက် ပိုမိုကြာမြင့်ပြီး အသေးစိတ် ပိုဆန်သည်။
ယင်းအပြင် လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးကိုလည်း ဦးစားပေး နံပါတ်တစ်အဖြစ် ရည်ညွန်းပြောဆိုခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ပြီးနောက် မျှော်အလင့်ကြီး မျှော်လင့်ခဲ့သော လူထုမှာ အစိုးရသက်တမ်း ၂ နှစ်အတွင်း စိတ်ပျက်အားလျော့စရာ အချို့တွေ့ ခဲ့ပြီးနောက် ယခုသမ္မတ အသစ်လဲလိုက်ပြီးနောက် မျှော်လင့်ချက်ရောင်ခြည် ပြန် သန်းလာသည်ကို တွေ့ရသည်။

လက်ကျန်သုံးနှစ်သက်တမ်းအတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း ပြင်ဆင်ကြရဦးဖြစ်ရာ အမှန်တကယ်ပြောင်းလဲခဲ့ကြောင်း သက်သေပြ ပြုပြင် ပြောင်းလဲရေးအတွက် အချိန်မှာ များစွာ မကျန်တော့ပါ။ တိုင်းပြည်အခြေအနေကို အမှန်တကယ် ခြေခြေမြစ်မြစ် နားလည်ပြီး ပြုပြင်ပြောင်းလဲသင့်သည်ကို ရဲရဲဝံ့ဝံ့ ပြောင်းလဲနိုင်မှသာ လက်ကျန်သမ္မတ သက်တမ်းအတွင်း သိသာသော အစပျိုးမှု မြင်နိုင်မည်ဖြစ်သည်။

တစ်ပါတီတည်းမှ ဖြစ်သဖြင့် ငဲ့ညှာနေခြင်း၊ ကပ်ဖားရပ်ဖားများ၏ မျက်နှာကို ထောက်ထား၍ ငဲ့ညှာနေခြင်း တို့ဖြင့် အပြောင်းအလဲကို သတ္တိရှိစွာ မလုပ်ဆောင်ပါက ပြည်သူအတွက် ရလဒ်မထွက်ဘဲ အစိုးရသက်တမ်းငါးနှစ်မှာ ဟန်ရေးပြရင်းဖြင့် အချိန်ကုန်သွားမည်ဖြစ်သည်။