ဒုံးညောင်မှိုင်းတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မည်

0
444

ကျွန်းစုမြို့နယ်ရှိ ဒုံးညောင်မှိုင်း ကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီး သွားလုပ်ငန်း(CBT) အကောင်အထည် ဖော်မည်ဟု သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ယင်းရွာမှ ကျေးရွာသူ၊ ကျေးရွာ သား ၆ ဦး သည်လည်း ဌာနမှဖွင့် လှစ်သော ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်း တက်ရောက်ခဲ့ပြီးဖြစ်ကာ CBT အကောင်အထည်ဖော်နိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးတိုးလွင်က ဒုံးညောင်မှိုင်း အား CBT အကောင်အထည်ဖော်ဆောင် ရွက်မည့်ရွာအဖြစ် တိုင်းအစိုးရမှ ခွင့်ပြု သတ်မှတ်ပေးရန် ရှိ၊ မရှိကို မတ်လ ၂၉ ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ဝန်ကြီး က ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ဒုံးညောင်မှိုင်းရွာသည် ဆလုံလူမျိုး များအပါအဝင် တိုင်းရင်သားများ စုဝေး နေထိုင်သည့်ရွာဖြစ်ပြီး ဒုံးရေတံခွန်နှင့် ဒုံးဒဟွန်း ကမ်းခြေတို့နှင့်လည်း ခရီး စဉ်တစ်ဆက်တည်း သွားရောက်နိုင် သည့်အပြင် နတ်သမီးရေတွင်းကျွန်း၊ နှစ်ဖက်လှကျွန်းများသို့လည်း အချိန် တိုအတွင်း သွားရောက်နိုင်သော အချက် အချာကျသည့်ရွာ ဖြစ်သောကြောင့် CBT အတွက် အထူးသင့်လျော်သည့်ရွာတစ်ရွာဖြစ်ကြောင်း ဦးတိုးလွင်က ပြောသည်။

ဝန်ကြီး၏ ဖြေကြားချက်အရ တနင်္သာရီတိုင်းတွင် CBT ဆောင်ရွက် ရန် စီစဉ်နေသည့် ကျေးရွာ ၃ ရွာ ရှိပြီး ၎င်းတို့မှာ ထားဝယ်ခရိုင်တွင် စမ်းလှမ်း ရွာ၊ မြိတ်ခရိုင်တွင် ဒုံးညောင်မှိုင်း၊ ကော့သောင်းခရိုင်တွင် မကြုံကလက်တို့ ဖြစ်သည်။