ထားဝယ်စကိတ်အဖွဲ့ ဆုငါးဆု ဆွတ်ခူး

0
618

မြန်မာစကိတ်အသင်း(MSA)က ကျင်းပပြုလုပ်သည့် စကိတ်ပြိုင်ပွဲတွင် ထားဝယ်စကိတ်အဖွဲ့က ဆုငါးဆု ဆွတ် ခူးနိုင်ခဲ့သည်။

ရန်ကုန်မြို့တွင် ကျင်းပသည့် အသက် ၁၈ နှစ်အောက် အငယ် တန်းစကိတ်ပြိုင်ပွဲ ထားဝယ်ကစား သမား ၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဆုငါးဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကစားသမားများအား လိုက်လံ ပို့ဆောင် ပေးခဲ့သည့် အားကစားသမား မိဘတစ်ဦးဖြစ်သူ ဦးသန်းဝင်းက ပြောသည်။

ပြိုင်ပွဲတွင် စကိတ်အားကစား နည်း ၅ မျိုး ယှဉ်ပြိုင်ခဲ့ရာ Speed Racing ကစားနည်းတွင် ထားဝယ်ကစားသမား များက ပထမဆုနှင့် ပဉ္စမဆု၊ Slalom (အလှစီး)တွင် ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆုတို့ အသီးသီး ဆွတ်ခူးနိုင်ခဲ့ပြီး နှစ်သိမ့်ဆုများလည်း ဆွတ်ခူးနိုင်ခဲ့ ကြောင်း ဦးသန်းဝင်းက ပြောသည်။

ယင်းစကိတ်ပြိုင်ပွဲကို မတ်လ ၂၇ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး တနင်္သာရီ၊ မကွေး၊ ဧရာဝတီ စသည့် တိုင်းနှင့် ပြည်နယ်ခြောက်ခုခန့်က လာရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

စကိတ်အားကစားနည်းကို မြန်မာ နိုင်ငံတွင် အားကစားနည်းတစ်ခုအဖြစ် မသတ်မှတ်သေးသဖြင့် တိုင်းအတွင်း စကိတ်အားကစားပြိုင်ပွဲ မကျင်းပဖြစ် သေးကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။