ရေရှားချိန် ကော့သောင်းတစ်မြို့ လုံးသုံးအတွက် ယင်းဝါကန်တွင် ရက်နှစ်ဆယ်စာ ရေအသင့်ရှိ

0
384

နွေရာသီ ရေပြတ်လပ်မှုကြုံပါက ကော့သောင်းတစ်မြို့လုံး ရက်ပေါင်း နှစ် ဆယ်စာ အသုံးပြုနိုင်သည့် ရေပမာဏ ယင်းဝါ ရေလှောင်ကန်အတွင်း အဆင် သင့်ရှိကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ မှူး ဦးနေမျိုးက ပြောသည်။

အဓိက ရေရှားပါးနိုင်သည့် မြို့ပေါ် ရပ်ကွက် ၁၀ ရပ်ကွက်၏ ရေသုံးစွဲနှုန်းမှာ တစ်ရက်လျှင် ရေဂါလံ ၁၃ သိန်း ရှိပြီး ယင်းဝါ ကန်တွင် သိုလှောင်ထားသည့် ရေပမာဏမှာ ဂါလံသိန်းပေါင်း ၂၈၀ ဝန်းကျင်ရှိကြောင်း ဦးနေမျိုးက ဆိုသည်။

“အခုလောလောဆယ် ယင်းဝါ ရေလှောင်ကန်ကတော့ သူ့တစ်ကန် တည်း သုံးမယ်ဆိုရင် မြို့အတွက်ရက် ၂၀ နီးပါးတော့ ထိန်းထားနိုင်တဲ့ အနေ အထားရှိပါတယ်” ဟု ၎င်းက ဆိုသည်။လက်ရှိတွင် ယင်းဝါရေလှောင် ကန်က ရေကို ရွှေဇင်ယော်ရပ်ကွက်တစ် ခုတည်းကိုသာ ဖြန့်ဝေလျက်ရှိပြီး အခြား ရပ်ကွက်များကမူ အဝိစိရေကို သယ်ယူ ရောင်းချသည့် ရေကားများထံမှ ဝယ်ယူ သုံးစွဲလျက်ရှိသည်။

” အကယ်၍ ဒီယင်းဝါကန်က ရေ ပြတ်သွားရင်တောင် ၁၄ မိုင်နဲ့ ၇ မိုင်က စိမ့်စမ်းရေတွေကို ရေသယ်ယာဉ်တွေနဲ့ အစားထိုးဖြည့်ပေးဖို့ ပြင်ဆင်ထား တယ်” ဟု ဦးနေမျိုးက ပြောသည်။

ကော့သောင်းမြို့တွင် ပုံမှန်အားဖြင့် မတ်၊ ဧပြီနှင့် မေလများတွင် ရေရှားလေ့ ရှိသည်။