ငယ်ဘ၀နွေညများ

0
471

လတန်ခူးရောက်၍ နွေပေါက်ချေပြီ။
ဆောင်းနှောင်းကတည်းက အဖော် ပျောက်ရှာနေတဲ့ ဥဩတွေကတော့ နွေ ရောက်သည့်တိုင် ဆက်လက်တေးသီဆဲ။ နွေရောက်တော့ ကျောင်းတွေ ပိတ်ပါပြီ။ အားလပ်ရက်တွေကို ကျောင်းသူကျောင်း သားတွေ ဘယ်နည်းဘယ်ပုံ အသုံးချ မည်ကို သိချင်လှ၏။ အချို့မိဘများ ကတော့ သူတို့သားသမီးတွေကို ဘာသာရေး သင်တန်းကျောင်းတွေကို ပို့လိုက်ကြလေပြီ။ အချို့ကား ဘာသာ ရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ သင်တန်းများ။

ကျောင်းသူ ကျောင်းသားတွေအ တွက် အားလပ်ရက်မှာ ပြုဖွယ်ပြုရာ ရွေးချယ်စရာတွေက ကျွန်တော်တို့ ငယ် ငယ်ကထက် အဆပေါင်းများစွာ သာ လွန် ကောင်းမွန်လာတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိ။ တစ်ခုသာ စိုးရိမ် မိပါတယ်။ ကလေးတွေ သူတို့ စိတ်ထဲ ရှိရာကို ရှားရှားပါးပါးရတဲ့ သူတို့ အားလပ်ရက်ကလေးမှာ အကောင် အထည် မဖော်လိုက်ရဘဲ မိဘဆွေမျိုး တွေ ကြိုးဆွဲရာကပြီး လူ့အဖွဲ့အစည်း ရဲ့ ခေတ်ရေစီးကြောင်းနောက် ကိုသာ အမျှင်မပြတ် လိုက်နေရမည်ကိုပင်။

နွေရောက်တော့ ငယ်ဘ၀အကြောင်း ပိုစဉ်းစားမိပြန်ရဲ့။ အထူးသဖြင့် ကျောင်း ပိတ်ရက်တွေ။ နိစ္စဓူဝ ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းကနေ လွတ်ထွက်လာပြီး ကိုယ်လုပ်ချင်တာတွေ အကောင်အထည် ဖော်ခဲ့ရတဲ့အချိန်တွေ။ ပြန်တွေးကြည့် လိုက်ရင်တောင် ငှက်တစ်ကောင် လေ ဟုန်စီးနေသလို လွတ်လပ်နေလေရဲ့။
ကျောင်းဆိုလို့ ကျောင်းက နှစ်ခု အကြောင်း ပြောရဖို့ ရှိမယ်။ တိုတို ပြောရရင် အခြေခံပညာကျောင်းနဲ့ တက္ကသိုလ် ကျောင်းအားလပ်ရက်တွေ အကြောင်းပေါ့။

မှတ်မှတ်ရရ ၆ တန်း ၇ တန်းရောက် တော့ အားလပ်ရက်တွေမှာ ဟင်းသီး ဟင်းရွက်တွေ စိုက်သဗျ။ ကျွန်တော်တို့ အိမ်ရှေ့က ရဲရင့်ချောင်းဆိုတာ ဟိုးတုန်း က အကျယ်ကြီး။ မိုးကုန်လို့ ရေနည်း လာပြီဆို ချောင်းကမ်းပါးတစ်လျှောက် နုန်းတင်မြေနုတွေပေါ်မှာ ကျွန်တော် ဟင်းသီးဟင်းရွက်တွေ စိုက်ပါလေရော။ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ပဲတောင့် ရှည်၊ ဟင်းနုနွယ်၊ ဘူးသီး အစုံပါလေရဲ့။ အရင်းအနှီးကတော့ သိပ်မလို။ ပေါက် တူးတစ်လက်၊ ထွန်ခြစ်တစ်ခုရှိရင် ဖြစ်ပါပြီ။ မျိုးစေ့ကတော့ စီးပွားဖြစ် စိုက်ကြတဲ့ ခြံတွေမှာ ပတ်ပြီးတောင်း ပေါ့။

ဒုက္ခအရောက်ဆုံးက ရေလောင်းပုံး ဝယ်ရတဲ့ကိစ္စ။ အိမ်ကပေးတဲ့ အလွန့် အလွန်နည်းပါးတဲ့ (အိမ်က မပေးနိုင် လို့ မပေးတာပါ) မုန့်ဖိုးကို ချွေတာ စုဆောင်းပြီး ရေလောင်းပုံး နှစ်လုံး ဝယ်နိုင်တဲ့ နှစ်တွေဆို အပျော်ဆုံးလေ။ ချောင်းထဲက လက်နဲ့ယက်ပြီး ဖော်ထား တဲ့တွင်းထဲကနေ ရေလောင်းပုံး နှစ်လုံးကို ထမ်းပိုးနဲ့ထမ်းပြီး အပင်တွေ အပေါ်ကို ရေလောင်းချလိုက်ရတဲ့ အခိုက်အတန့် ဆိုတာ ဘ၀မှာ အရသာ အရှိဆုံး။ တန်ဖိုး အရှိဆုံး။ ပျော်တပြုံးပြုံး အဖြစ်ဆုံး။

ရလာတဲ့ ဟင်းသီးဟင်းရွက်တွေကို အိမ်က ချက်စားတာက များပါတယ်။ စိုက်တာကလည်း မများဆိုတော့ တစ်ခါ တလေ အိမ်နီးနားချင်းတွေ ဝေတန်ဝေ။ မှတ်မှတ်ရရ ၈တန်းနဲ့ ၉ တန်းနှစ်မှာတော့ စိုက်တာ ဧကဝက်လောက် ရှိသွားတယ်။ ထွတ်တာကလည်း အတော်များတော့ ဈေးကိုပို့ပြီး ရောင်းရတယ်။ ရတဲ့ပိုက်ဆံ က ကိုယ့်မုန့်ဖိုးပေါ့။
ငယ်ငယ်က ပိုက်ဆံအများဆုံးသုံးခဲ့ တာက စာအုပ်ဆိုင်မှာပါပဲ။ စာအုပ်ဝယ် တာမဟုတ်။ စာအုပ်ငှားခပါ။ တစ်ခါတ လေ စာအုပ်ငှားခ မရှိလို့ ဒါမှမဟုတ် တစ်အုပ် တစ်ရက်ငှားခ ၁၅ ကျပ်ပေး ရတဲ့ စာအုပ် ၃ အုပ်ကို ၄၅ ကျပ်အစား၊ ၃၀ ကျပ်ပဲ လျှော့ယူတဲ့ ရပ်ကွက်ထဲက “မြင့်မြင့် စာပေ”ကို ကျေးဇူးတင်ရသေး တယ်။
ကျောင်းပိတ်ရက်တွေ အကုန်လုံးနီး ပါးကို စာအုပ်ဖတ်ပြီး ကုန်ဆုံးစေပါ တယ်။ ဖတ်တာမှ ထမင်းမေ့ ဟင်းမေ့။ ကျွန်တော့် အိမ်နောက်ဖေးမှာ သီဟိုဠ် ပင်တစ်ပင် ရှိတယ် (ခုတော့မရှိတော့)။ အဲဒီ သီဟိုဠ်ပင်ပေါ်မှာ လင့်စင်တစ်စင် ဆောက်ထားတယ်။ အဲဒါကျွန်တော် စာအုပ်ဖတ်တဲ့ နေရာပေါ့။

နောက်တစ်ခုကတော့ ကျွန်တော့် စိုက်ခင်းထဲက အပင်တွေကြား။ အပင် တွေကြားမှာ ပက်လက်ကုလားထိုင်အ ဟောင်း တစ်လုံးချပြီး စာထိုင်ဖတ်နေရတဲ့ အခိုက်အတန့်ဟာ ဘ၀မှာ ရခဲ့သမျှထဲက အချိုမြိန်ဆုံး။ ညနေမိုးချုပ်တဲ့အထိ ရေ ချိုးဖို့ အမေ လာအော်ယူရတဲ့အထိ ခြင်အကိုက်ခံပြီး စာထိုင်ဖတ်နေတတ် တာမျိုး။
စာအုပ်ဖတ်တယ်ဆိုလို့ စာကြီးပေ ကြီးတွေ ဖတ်တယ် မထင်လေနဲ့။ ကာတွန်း၊ ရုပ်ပြတွေက အများစု။ တက္က သိုလ်ရောက်မှ ရသစာပေနဲ့ စာကြီး ပေကြီး တချို့ စဖတ်ဖြစ်တာပါ။

မြိုင်ရာဇာတွတ်ပီဟာ ကျွန်တော့် မိတ်ဆွေ အရင်းကြီးပေါ့။ သူက ကျွန်တော့်ကို မြန်မာပြည်တစ်နံ တစ်လျားက သစ်တောတွေဆီ ခေါ်သွား တယ်။ လူ့ဘ၀ ဇာတ်စုံအဖုံဖုံကို ပြဇာတ်ကသလို ကပြတယ်။ ဟာသ တွေကို တင်ဆက်တယ်။ ရိုးသားမှုရဲ့ အရေးကြီးပုံကို လှစ်ပြတယ်။ ပြီးတော့ အရေးကြီးဆုံးအနေနဲ့ သဘာဝ သယံ ဇာတတွေကို ဘယ်လို တန်ဖိုးထား ထိန်းသိမ်းရမလဲဆိုတာ သူ့ဘ၀နဲ့ ရင်း ပြီး သရုပ်ဆောင်ပြခဲ့တယ်။
မူလတန်းတုန်းက ကျွန်တော့်နွေည တွေဟာ သိပ်ပြီးတော့ စိတ်ဝင်စားစရာ ကောင်းတယ်ရယ်လဲ မဟုတ်။ တစ်ခါ တစ်ခါ ကြယ်တွေကိုကြည့်ပြီး မသေး မျှင်အကြောင်း စဉ်းစားတယ်။ စိတ်ကူး ထဲမှာ ဗိုက်ကလေးကို မင်္ဂလာဆောင် ပေးတယ်။ ပြီးတော့ အပင်တွေအကြောင်း တွေးတယ်။

တက္ကသိုလ်တက်တဲ့ သုံးနှစ်မှာ ကျွန်တော် အင်္ဂလိပ်စာ နည်းနည်းလေ့လာ ဖြစ်တယ်။
ရပ်ကွက်ထဲက ကျောင်းဆရာ ဟောင်းကြီးက ကျောင်းတက်ပြီး အိမ် ပြန်လာတဲ့ ကျွန်တော်တို့ကို အင်္ဂလိပ်စာ အခမဲ့ သင်ပေးတယ်။ ဆရာ့ကြောင့် ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ကအကြောင်း တွေကို စာအုပ်တွေထဲမှာ ဖတ်ရတာနဲ့ လက်တွေ့ဘ၀မှာ ဖြစ်ပျက်နေတာတွေကို ဆက်စပ် စဉ်းစားမိတယ်။ ဆရာ့ကြောင့် နိုင်ငံတကာသတင်းတွေကို ဟင်းရွက် ရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ ရေဒီယိုတစ်လုံး ဝယ်ပြီး နားထောင်ဖြစ်ခဲ့ပါရဲ့။ ဆရာကြီးမြသန်းတင့် ဘာသာပြန်တဲ့ လေရူးသုန်သုန်လို၊ ဆရာနေဝင်းမြင့် ဘာသာပြန်တဲ့ ရွှေပြည်တော်မျှော်တိုင်း ဝေးလို၊ ဆရာမ ခင်ခင်ထူးရဲ့ မအိမ်ကံ လို၊ ဆရာမကြီး ဂျာနယ်ကျော် မမလေး ရဲ့ “သွေး” သူလိုလူလို စာတွေဖတ် ဖြစ်တော့ လူ့လောကကြီး အကြောင်းကို ပိုခံစား တတ်လာတယ်။ ပိုနားလည်လာ တယ်။

သူငယ်ချင်းတွေ စုမိရင်တော့ အိမ် ရှေ့က “ရေကန်တောင်” တောင်တန်းကြီး ပေါ်တက်ကြ။ ချောင်းကုန် မြောင်းကုန် ရေကန် ကုန်အောင်သွားပြီး ရေကူးကြ။ သူ့အယူအဆ ကိုယ့်အယူအဆ လောက သဘာဝ နိယာမတွေအကြောင်း၊ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ ကိုးကွယ် မှု၊ ယုံကြည်မှုတွေအကြောင်း ဆွေးနွေး ကြ ငြင်းခုန်ကြ။ လသာတဲ့ ညတွေဆို ဂစ်တာတီးတတ်တဲ့ သူငယ်ချင်းတွေကို မြှောက်ပေးပြီး သီချင်းတွေ ဟစ်ကြ။ တစ်ခါများ အဟစ်ကောင်းလို့ ခဲနဲ့ အပေါက်ခံရတာ မှတ်မိပါသေး။
အို… လွမ်းစရာ့ နွေညများ။

ခုခေတ်ကလေးတွေကို ပြန်ကြည့် တော့ အပေါ်ကပြောသလို တစ်ခုခုကို စိတ်ထဲက စိုးရိမ်မိလာတယ်။ ကလေး တွေ သူတို့ စိတ်ထဲရှိတာတွေကို ရှားရှား ပါးပါးရတဲ့ သူတို့ အားလပ်ရက် ကလေးမှာ အကောင်အထည် ဖော်ခွင့်မရ လိုက်မှာကို။ သဘာဝ တရားကြီးကို မထိတွေ့ မခံစားလိုက်ရဘဲ လူ့အဖွဲ့ အစည်းရဲ့ ပုံစံသွင်း ကြိုးဆွဲရာကိုပဲ လိုက်ကနေပြီး တကယ့် လူ့ဘောင် လောကရဲ့ တန်ဖိုးရှိတဲ့ အနှစ် သာရ တရားတွေကို ထိတွေ့ခွင့် သင်ယူခွင့် ခံစားခွင့် မရလိုက်မှာကို စိုးရိမ်မိပါရဲ့။