သမ္မတ အပြောင်းအလဲ တနင်္သာရီအတွက် ဘာထူးမလဲ

0
518

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် ရာထူးမှ နုတ်ထွက်သွားသည်။ ယင်း သတင်းကို စကြားစဉ်က တနင်္သာရီ တိုင်းသားတစ်ဦး အနေဖြင့် “သတင်း ထူး”တစ်ခုထက် ပိုရင်မခုန်မိပါ။
တနင်္သာရီတိုင်းသားတစ်ဦးအတွက် မလွမ်းလောက်သောကြောင့် ဖြစ်ပါ သည်။
ရိုးအေးလွန်းသော၊ စတက်စဉ်မှ နုတ်ထွက်သည်အထိ တနင်္သာရီတိုင်းသို့ တစ်ကြိမ်မျှ မလာဖူးခဲ့သော သမ္မတ ဦးထင်ကျော် နေရာတွင် ဒုတိယ ဦးထင် ကျော် (ဦးထင်ကျော်ကဲ့သို့သော သမ္မတ တစ်ဦး) ထပ်ပေါ်လာလိမ့်မည် ဟုသာ သဘောပိုက်မိသောကြောင့် ဖြစ်သည်။

သို့သော် ယင်းနေ့တွင်ပင် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် လည်း သူ၏ ရာထူးမှ နုတ်ထွက်ကြောင်း သတင်းဆက်တိုက် ထွက်ပေါ်လာသော အခါ “တနင်္သာရီတိုင်းအတွက် ထူးခြား နိုင်သည့် သတင်း” အဖြစ် စတင် ရင်ခုန် မိပါတော့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အဘယ်ကြောင့် ရာထူးမှ နုတ်ထွက် သနည်း။ တစ်ခွန်းတည်း ဖြေရလျှင် သမ္မတလုပ်ရန် ဖြစ်သည်။ သို့မဟုတ်က ရာထူးမှ နုတ်ထွက်စရာ အကြောင်းမရှိ။

ဦးဝင်းမြင့်သည် လက်ရှိအာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်သကဲ့သို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အားထား ရသူတစ်ဦး မဟုတ်ပါလော။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြင့် တာန်ထမ်းခွင့်မရချိန်တွင် ဗဟိုအတွင်းရေးမှူးအဖွဲ့သည် ပါတီ၏ လုပ်ပိုင်ခွင့်ရှိဆုံးအဖွဲ့ဟု ဆိုနိုင်သည်။

သို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်အားထားရသည့် (NLD)ပါတီ ၏ ထိပ်တန်းခေါင်းဆောင် ဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည် ကို ပြည်သူတို့ မအံ့ဩသကဲ့သို့ သူ သမ္မတ ဖြစ်လာမည်ဆိုက အံ့ဩဖွယ် မရှိ။

ဦးဝင်းမြင့် မရည်ရွယ်ဘဲ သမ္မတ ဖြစ်လာမည်လော။ ဖြစ်နိုင်ပါသည်။
ဦးဝင်းမြင့်သည် လက်ရှိတွင် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်နှင့် အသား ကျ (လူကြိုက်များ) နေသည်။ အစိုးရ အဖွဲ့အား စောင့်ကြည့်ထိန်းညှိမှုအပိုင်း တွင် လူထု၏ အပြစ်ဆိုသံ (ကျယ်လောင် စွာ) မကြားရ။ သူ၏လွှတ်တော်အတွင်း ဆုံးဖြတ် ပြောဆိုချက်အချို့က လူထု ဆန္ဒနှင့် ဟပ်မိနေတတ်သည်။ သို့ဆို လျှင် အဘယ်ကြောင့် သမ္မတရာထူး ဘက် ရွှေ့မည်နည်း။

သမ္မတဦးထင်ကျော် အကြောင်း အမျိုးမျိုးကြောင့် အနားယူတော့မည့် အချိန်တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးဝင်းမြင့်အား သမ္မတ တင်မြှောက်ခြင်း က ပြည်တွင်းအုပ်ချုပ်ရေး ယန္တရား အတွက် ယုံကြည်စွာ မျက်နှာလွှဲထား နိုင်လိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပြည်ပဆက် ဆံရေးကို ပိုမိုအားစိုက် လုပ်ဆောင်နိုင် လိမ့်မည်။ လွှတ်တော်အစုအဖွဲ့တွင်ကား ပါတီမှ ကိုယ်စားလှယ်များ ကြီးစိုးထား နိုင်သဖြင့်များစွာ စိုးရိမ်ဖွယ်မရှိဟု တွက်ဆနိုင်သည်။
ဦးဝင်းမြင့် ရည်ရွယ်ချက်ရှိရှိ သမ္မတ ဖြစ်လာသလော။ ပို၍ ဖြစ်နိုင် ပါသည်။

ဦးဝင်းမြင့်အား ယခုအချိန်တွင် သမ္မတ ခန့်အပ်မည်ဟု ကြိုတင် စီမံ ထားနိုင်ပါသည်။ (NLD)အစိုးရ စတက်ချိန်တွင် ဦးဝင်းမြင့်က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြင့် တာဝန်ယူကာ ပြည်ထောင်စုသာမက တိုင်းနှင့်ပြည်နယ် တို့မှ အစိုးရအဖွဲ့အနေအထား၊ လွှတ် တော်အနေအထားတို့ကို လက်လှမ်းမီ သမျှ စူးစမ်းမည်။ ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ နိုင်ငံရေးအဝန်းအဝိုင်းနှင့် လူထုကြား အခြေအနေကို အကဲခတ် စောင့်ကြည့် စောကြောမည်။
အဘယ်ကြောင့် ထိုသို့ပြုမည် နည်း။ သမ္မတ တန်းလုပ်၍ မရလော။

သတင်းအချက်အလက် ရယူနိုင်မှု တွင် သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မတူပါ။
ဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းစဉ်က တနင်္သာရီတိုင်းသို့ ၂ ကြိမ် ရောက်သည်။ နှစ်ကြိမ်စလုံး တိုင်းတွင်း (NLD) ပါတီဝင်များနှင့် လူသိရှင်ကြား တွေ့ဆုံသည်။ သမ္မတဆို လျှင် (အခြေခံဥပဒေအရ ပါတီတာဝန် ထမ်းခွင့်မရသဖြင့်) ယင်းသို့တွေ့ဆုံ သတင်းယူရန် မဖြစ်နိုင်ပါ။
ဦးဝင်းမြင့် တနင်္သာရီတိုင်းသို့ ရောက်စဉ် ပါတီဝင်များသာ တွေ့ဆုံ ခွင့်ရသည် မဟုတ်ပါ။ ဒေသအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ကလည်း တွေ့ဆုံစကားပြောခွင့် (အနည်းဆုံး တိုင်းတွင်း အခင်းအကျင်း ကို စာအိတ်ဖြင့် ပေးခွင့်) ရခဲ့ကြသည်။

ယင်းသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်နေသေး၍သာ ရသောအခွင့် အရေးဟု ဆိုနိုင်သည်။ လူထုမှ သမ္မတ ကို ဆက်ဆံပုံ၊ သတင်းအချက်အလက် ပေးနိုင်ပုံနှင့် လွှတ်တော်ဥက္ကဋ္ဌကို ဆက်ဆံ ပုံ၊ သတင်းအချက်အလက်ပေးနိုင်ပုံ မတူနိုင်ပါ။
သမ္မတတစ်ဦးကို ၎င်း၏လုံခြုံရေး အရ ကာရံ စည်းခြားထားမှုများကြောင့် တွေ့ဆုံနိုင်ရန် အခွင့်အလမ်း နည်းပါး ခြင်းကြောင့် သော်လည်းကောင်း၊ နိုင်ငံ၏ အထွတ်အထိပ်ပုဂ္ဂိုလ်တည်း ဟူသော စိတ်ခံစားချက်အရ သော်လည်း ကောင်း ပွင့်လင်းစွာ ပြောဆိုရန်၊ သတင်းအချက်အလက်ပေးရန်မှာ လွှတ် တော်ဥက္ကဋ္ဌနှင့် များစွာ ကွာဟပါသည်။
ယင်းအခင်းအကျင်းများကို ကြို တင်တွက်ဆကာ ဦးဝင်းမြင့် သမ္မတရာထူး တန်းမယူဘဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြင့် သတင်းအချက်အလက် စုဆောင်း စောကြောခဲ့သည်ဆိုလျှင် မဖြစ်နိုင်ဟု မည်သူငြင်းနိုင်အံ့နည်း။
ဦးဝင်းမြင့်သာ သမ္မတ ဖြစ်လာ ခဲ့သော် . . .၊

တနင်္သာရီတိုင်းသို့ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌအဖြစ် ၂ ကြိမ်တိုင်တိုင် ရောက်ခဲ့၊ သတင်းအချက်အလက် စု ဆောင်းဖူးခဲ့သူက တနင်္သာရီတိုင်းကို မည်သို့ အကဲဖြတ်မည်နည်း။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း စဉ်က လက်ခံရရှိ ကြားသိထားနိုင်သော တိုင်းတွင်းသားတို့၏ ရင်ဖွင့်စာများ အပေါ် မည်သို့ အရေးတယူပြုမည်နည်း။
များစွာ ပုံအောမျှော်မှန်းထားပြီးမှ တစုံတရာမျှ၊ နယ်ပယ်ကဏ္ဍ တစ်ခုခု တွင်မျှ အဆာမပြေ၊ ဆူညံနေသော လူထု ၏အသံကို သမ္မတသစ်မှ မည်သို့ ကြားနာ ဆုံးဖြတ်လေမည်နည်း။
ဦးဝင်းမြင့် သမ္မတ ဖြစ်လာပါစေဟု ဆုတောင်းမိသည်။ တနင်္သာရီတိုင်း၏ စနက်ကို တွေ့ရှိပြီးဟု ယူဆရသည့် သမ္မတအသစ်က တိုင်းသားတို့၏ ရင် ထဲမှ လိပ်ခဲတည်းလည်း ပြဿနာအထုံး များကို အမြန် ဖြေရှင်းဖယ်ရှားနိုင် လိမ့်မည်ဟု ယုံကြည်မိသောကြောင့် ဖြစ်သည်။

ရင်ခုန်ရပါသည်။ သမ္မတသစ်မှ တစ်ခုခုကို မည့်သို့မည်ပုံ ကိုင်တွယ် ဖြေရှင်းတော့မည်ကို တွေ့မြင်ရတော့ မည်ဟု မျှော်လင့်ရင်ခုန်ရပါသည်။
တနင်္သာရီတိုင်းသားတို့ လက်ရှိ အစိုးရကို ပုံအပ် ချစ်ခဲ့ကြောင်း ၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို ထောက်ခံခြင်းဖြင့် သက်သေပြခဲ့ပြီး ဖြစ်သည်။
တနင်္သာရီတိုင်းကို သမ္မတသစ်မှ မည်သို့မည်ပုံ ပြန်ချစ်ပြမည်ကို တွေးဆ ကာ အမှန်ပင် ရင်ခုန်မိပါသည်။