မိုးစပါးချေးငွေ ယခင်နှစ်ထက် သန်းရှစ်ရာ တိုးမြှင့်လျာထား

0
445

တိုင်းအတွင်း လယ်သမားကို ထုတ်ချေးမည့် မိုးစပါးချေးငွေ ကို ယခင် နှစ်ထုတ်ချေးငွေထက် ကျပ်သိန်း ရှစ်ရာ ကျော် တိုးမြှင့်လျာထားကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် တနင်္သာရီ တိုင်းဒေသကြီးရုံးထံမှ သိရသည်။
ယခုဘဏ္ဍာနှစ် မိုးစပါးချေးငွေ ထုတ်ချေးမည့်ကာလတွင် တိုင်းအတွင်း လယ်ဧက ၁၂၀၀၀၀ ကျော်အတွက် မိုးစပါးချေးငွေ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် (၁၈၀၇၅.၆၀ သန်း) ထုတ်ချေးရန် လျာထားကြောင်း အထက်ပါရုံး တိုင်း ဒေသကြီးမန်နေဂျာ(တာဝန်ခံ) ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

ယခင်ဘဏ္ဍာနှစ်က တိုင်းအတွင်း လယ်ဧက ၁၁၀၀၀၀ ကျပ်သန်းပေါင်း ၁၇၀၀၀ ကျော် (၁၇၁၉၉.၉၀ သန်း) ထုတ်ချေးခဲ့ကြောင်း ဒေါ်လဲ့လဲ့သန်းဌေး က ပြောသည်။

“မနှစ်က (၂၀၁၇ ခုနှစ်က) ထပ် တိုးချေးငွေ ချေးတဲ့သူတွေအပေါ်မှာ မူ တည်ပြီးတော့ ပိုပြီးလျာထားလိုက်တာ” ဟု ၎င်းကဆိုသည်။
ထပ်တိုးချေးငွေဆိုသည်မှာ ချေး ရန်ကြိုတင်လျှောက်ထားသူများ မဟုတ်ဘဲ ငွေထုတ်ချေးသည့်အချိန်မှ လာရောက် လျှောက်ထားသူများ ချေးယူသည့်ငွေ ဖြစ်သည်။

ဒေသအတွင်း လယ်ယာသွင်းကုန် ဈေးနှုန်းကြီးလာခြင်း၊ အလုပ်သမားငှား ရမ်းခဈေးနှုန်းများ မြင့်တက်လာခြင်း တို့ကြောင့် လယ်သမားများကို မိုးစပါး ချေးငွေ ပိုထုတ်ပေးသင့်ကြောင်း ထားဝယ် မြို့နယ် ဇလွန်းကျေးရွာမှ လယ်သုံးဧက ပိုင်ဆိုင်သူ ဦးစံသိန်းက ပြောသည်။

“ကိုယ့်လုပ်အားခမပါဘဲ လယ် တစ်ဧကကို စရိတ် သုံးသိန်းလောက် ကုန်တယ်”ဟု ဦးစံသိန်းက ဆိုသည်။
မိုးစပါးချေးငွေကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်တစ်ဧကကို ကျပ် တစ်သိန်းခွဲနှုန်းဖြင့် တစ်ဦးလျှင် အများ ဆုံး ဆယ်ဧကအထိ ထုတ်ချေးပေးလျက် ရှိသည်။

တိုင်းအတွင်း ယမန်နှစ် မိုးစပါး ချေးငွေကို လယ်သမားအများစု လာ ရောက် ပေးချေခဲ့ပြီးဖြစ်ပြီး ချေးငွေ၏ ၂၂ ဒဿမ ၂၅ ရာခိုင်နှုန်းပေးချေရန် ကျန်ရှိနေသေးကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တနင်္သာရီတိုင်းဒေသ ကြီးရုံး ထံမှသိရသည်။