မွန်ပြည်နယ် မြို့နယ် ၈ ခုတွင် အတက်ရောဂါကု လုပ်ငန်းတိုးချဲ့မည်

0
491

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ မြို့နယ်တို့တွင် အတက်ရောဂါ ကုသပြုစုစောင့်ရှောက်မှုလုပ်ငန်း တိုးချဲ့မည်ဖြစ်ကြောင်း ဦးနှောက်နှင့် အာရုံကြော ဆေးကုဌာနထံမှ သိရသည်။ မွန်ပြည်နယ်တွင် အတက်ရောဂါ ကုသပြုစုစောင့်ရှောက်မှုလုပ်ငန်းကို ၂၀၁၅ ခုနှစ်မှစ၍ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ပြီး ကျန် ၈ မြို့နယ်ကို ၂၀၁၈ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်ထိ လုပ်ငန်း ဆောင်ရွက်သွားမည်ဟု ဦးနှောက်နှင့် အာရုံကြောဆေးကု ဌာနစီမံချက်မန်နေဂျာပါမောက္ခ ဒေါက်တာစမ်းဦးက ပြောသည်။

မွန်ပြည်နယ်တွင် လူ ၁၀၀၀တွင် အတက်ရောဂါ ၁ ဒသမ ၆ ဦးခန့်ရှိကြောင်း အထက်ပါဌာနမှ သိရသည်။
“ဒီရောဂါက ဆေးသောက်ရင်ပျောက်သွားသလို အမြဲဆေးသောက်ရတဲ့ ရောဂါတစ်ခုလည်း ဖြစ်တယ်၊ ကျွန်တော်တို့ ကုသပြီး ဆေးပေးခဲ့တဲ့မြို့နယ် ၂ ခုမှာတော့ သေဆုံးတာမရှိဘူး၊ ဆေးမပေးခင်က ဒီရောဂါနဲ့ ပတ်သက်ပြီး သေဆုံးမှုရှိတယ် လို့တော့ ကြားတယ်”ဟု ၎င်းက ပြောသည်။

အတက်ရောဂါ ကုသပြုစုစောင့် ရှောက်မှုလုပ်ငန်းကို မွန်ပြည်နယ်ရှိ ကျေးလက်အောက်ခြေအထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး အစိုးရဆေးရုံ၊ ဆေးခန်းတို့တွင်လည်း ဆေးဝါးများကို အခမဲ့ပေးသွားမည်ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာစမ်းဦးက ဆက်ပြော သည်။ ၎င်းပြင် အတက်ရောဂါရှိသူများ ၏၇၀/၈၀ ရာခိုင်နှုန်းသည် ဆေးကုသမှု စနစ်တကျ မှန်မှန်ခံယူမှသာ ပုံမှန်အတိုင်း နေထိုင်နိုင်ကြမည်ဟုလည်း ပြောသည်။

ပြည်သူများအကြား လွဲမှားသည့် အယူအဆများ၊ ကျန်မာရေးဗဟုသုတနည်းပါးခြင်းများ၊ လူမှုရေးနှင့် စီးပွား ရေးဆိုင်ရာ အခက်အခဲများကြောင့် ဆေးကုသမှုခံယူရန် နှောင့်နှေးကြန့်ကြာသဖြင့် ကုသမှုနှင့် အလှမ်းဝေးကွာလျက်ရှိကြောင်း ဦးနှောက်နှင့် အာရုံကြောဆေး ကုဌာနက ပြောသည်။ အတက်ရောဂါကုသမှု စီမံချက်လုပ်ငန်းကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အားလုံးတို့တွင် ၂၀၁၈ ခုနှစ်မှ စတင်အကောင် အထည်ဖော်သွားမည်ဟု သိရသည်။