ရှစ်လအတွင်း ခွင့်ပြုလုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်း ထက်ဝက်ပါ

0
387

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ (TRIC) ဖွဲ့စည်းပြီး အချိန်ရှစ်လအတွင်း ခွင့်ပြုခဲ့သည့် လုပ် ငန်း ၈ခုအနက် ဟိုတယ်လုပ်ငန်း ထက် ဝက်ပါဝင်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေး မှူးက ပြောသည်။

စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ ငွေကျပ်သန်းပေါင်း ၁၈၂၀ ကျော်ကို ခွင့်ပြုခဲ့ပြီး ဟိုတယ်လုပ်ငန်းလေးခု၊ ရောင်စုံကွန်ကရစ်လုပ်ငန်းတစ်ခု၊ ရော် ဘာအချောထည်လုပ်ငန်းတစ်ခု၊ မှိုင်းခံ ရော်ဘာလုပ်ငန်းတစ်ခု၊ အလှကုန်နှင့် လူသုံးကုန်လုပ်ငန်းတစ်ခုကို အတည်ပြု မိန့်များ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ထပ်မံ၍ လုပ်ငန်း ၁၃ ခုကို စိစစ်နေပြီး ဟိုတယ်လုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းအများဆုံးဖြစ် ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ထွန်းထွန်းက ပြောသည်။
“မြေယာပိုင်ဆိုင်မှု ကိစ္စတွေကို စိစစ်နေတာတွေ ရှိတယ်”ဟု ဒေါက်တာ ထွန်းထွန်းက ပြောသည်။
အမေရိကန်ဒေါ်လာ ၅ သန်း (သို့မ ဟုတ်)ငွေကျပ် သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုနိုင်သည့် တိုင်းဒေသကြီးဝန်ကြီးချုပ် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (TRIC) ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်က ဖွဲ့စည်းခဲ့သည်။

RICတွင် ရင်းနှီးမြှုပ်နှံခွင့်အတည် ပြုမိန့်ရရှိပါက တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ဝင် ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များရှိ သည်။
တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါး သည့် ဇုန်အဖြစ် သတ်မှတ်ထားသည့် သရက်ချောင်းမြို့နယ်၊ ပုလော၊ တနင်္သာ ရီနှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်း နှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ၇ နှစ်သတ်မှတ်ထားသည်။

ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေ သအဖြစ် သတ်မှတ်ထားသည့် ထား ဝယ်မြို့နယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်း စု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်း မြို့နယ်များတွင် ရင်းနှီးမြှုပ်နှံပါက ဝင် ငွေခွန် ကင်းလွတ်ခွင့်ကို ၅ နှစ် သတ် မှတ်ထားသည်။