မွန်တွင် ယခုနှစ်နွေရာသီ ကျေးရွာ ၃၀ ကျော် ရေရှားနိုင်

0
443

မွန်ပြည်နယ်တွင် ယခုနှစ် နွေရာ သီကာလအတွင်း မြို့နယ် ၅ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၇ ရွာရေရှားပါးမှု ကြုံတွေ့နိုင်သည်ဟု မွန်ပြည်နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ခန့်မှန်းထားသည်။
ယမန်နှစ် နွေရာသီကာလက မြို့ နယ် ၇ မြို့နယ်ရှိ ကျေးရွာ ၅၀တွင် ရေ ရှားပါးမှု ကြုံတွေ့ခဲ့ရသည်။

“ဒီနှစ်မှာ ရေရှားပါးတဲ့ ကျေးရွာ တွေ လျော့နည်းသွားမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဘဏ္ဍာနှစ်ထဲမှာ ကျေးလက် ကနေပြီး မြေသားရေကန်တွေ တူးဖော် ပေးထားတယ်၊ ရေတွန်းပို့တဲ့ စနစ်တွေ လုပ်ထားတယ်၊ အခုအချိန်ထိ ရေရှားနေ တဲ့သတင်းတွေ မကြားသေးဘူး၊ မြို့နယ် တိုင်းမှာ ရေတွေတော်တော် ကျန်နေသေး တယ်၊ မြို့နယ်တိုင်းမှာ ရေဖြန့်ဝေရေး လုပ်ငန်းတွေ ကြိုတင် ပြင်ဆင်ထားပါ တယ်”ဟု မွန်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမျိုးကြည်က ပြောသည်။

ရေရှားပါးသည့် ကျေးရွာအများစု သည် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် ကျေးရွာများနှင့် ကွင်းရွာများဖြစ်ပြီး မွန် ပြည်နယ်တွင် ဧပြီလနောက်ဆုံးအပတ် ခန့်မှစ၍ ရေရှားတတ်ကြောင်း ဦးမျိုးကြည် က ပြောသည်။
ရေရှားပါးမည်ဟု ခန့်မှန်းထား သည့် ကျေးရွာများသည် ရေတွင်းရေကန် များ တူးဖော်၍မရသည့် ကျေးရွာများ ဖြစ်ကြောင်း အထူးသဖြင့် ပေါင်မြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ရေရှားပါးမည်ဟု ခန့်မှန်းထားသည့် နေရာများ ဖြစ်သည်။

“မနှစ်ကဆိုရင် မတ်လမှာကတည်း က ပေါင်မြို့နယ်တို့ဘီးလင်းမြို့နယ် တို့မှာ ရေတွေ ရှားနေပြီး၊ ဒီနှစ်ကတော့ ဘာမှမကြားသေးဘူး၊ ကျွန်တော်တို့က ရေလှူဖို့ကို ကြိုတင်ပြင်ဆင်ထားပါ တယ်” ဟု ပေါင်မြို့နယ် ရေလှူရေးအဖွဲ့မှ ကိုဇော်က ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ရေပေးရေးလုပ်ငန်းများ အတွက် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၃၈ ဒသမ ၂၅၂ ရရှိထားပြီး ရေရှားပါးသည့် ကျေးရွာများတွင် ရေတွင်းတိမ်၊နက်များ၊ လက်တူးတွင်းများ၊ မြေသားရေကန်များ စုစုပေါင်းလုပ်ငန်းပမာဏ ၄၆ခုကို အ ကောင်အထည်ဖော်ဆောင်ရွက်ထား သည်ဟု ပြည်နယ်ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနစာရင်းအရ သိရသည်။