အသက် ရှစ်နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သည်ဟု ယူဆရသူကို တရားစွဲဆို

0
577

ထားဝယ်မြို့ ထိန်သစ်ရပ်ကွက်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ် ကို ခိုးယူကာ မုဒိမ်းပြုကျင့်ခဲ့သူဟု ယူဆ ရသူကို မတ်လ ၂၃ ရက်က ထားဝယ် ခရိုင် တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက် နံနက်က အသက်ရှစ်နှစ်အရွယ် မိန်းက လေးငယ်တစ်ဦး ပျောက်ဆုံးကာ မုဒိမ်း ကျင့်ခံခဲ့ရပြီး အဆိုပါ မုဒိမ်းမှုကျူးလွန်သူ ဟု ယူဆရသူ ထိန်သစ်ရပ်ကွက်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသားကို အခင်းဖြစ်ပြီး နှစ်ရက်အကြာ ဖေဖော် ဝါရီ လ ၂၃ရက်တွင် ဖမ်းမိခဲ့သည်ဟု ထားဝယ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ဆိုသည်။

ကျူးလွန်သူဟု ယူဆရသူ အမျိုး သားကို ကာယကံရှင် မိန်းကလေးငယ်နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ချို့၏ ထွက်ဆိုချက်များအရ ဖမ်းဆီးနိုင်ခဲ့သည် ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
အခင်းဖြစ်သည့်နေ့က အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်သည် နေအိမ်အောက်ရှိ ကွပ်ပျစ်တွင် ဖခင် ဖြစ်သူနှင့်အတူ အိပ်နေစဉ် နံနက် ၃ နာရီခန့်တွင် ပျောက်ဆုံးသွားပြီး မိသား စုဝင်များက လိုက်လံရှာဖွေရာ ၎င်းနေ အိမ်နှင့် တစ်အိမ်ကျော်ရှိ အိမ်မရှိသည့် ခြံဝင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်း ခြံဝင်းအတွင်းရှိ ငှက်ပျော တောတွင် မိန်းကလေးငယ်ကို တွေ့ခဲ့ရ ပြီး မိန်းမအင်္ဂါမှ သွေးများထွက်နေသဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံသို့ တင်ပို့ခဲ့ရာ အဓမ္မပြုကျင့်ခံရသည်ကို သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
“ကာယကံရှင် မိန်းကလေးကိုယ် တိုင်က သူ့ကို ပွေ့ချီသွားချိန်မှာ ခေါင်း စွပ်(ကျူးလွန်သူ မျက်နှာကို ဖုံးထား သည့်ခေါင်းစွပ်)နဲ့ ဝါးလုံးတန်းငြိပြီး ခေါင်းစွပ်လန်ထွက်သွားချိန်မှာ မျက်နှာ ကိုမြင်ပြီး အတိအကျ ပြောနိုင်တယ်”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ရဲစခန်းတွင် လူ ၁၀ ဦးကို ရပ်ခိုင်း ပြီး ကာယကံရှင် မိန်းကလေးကို ရွေး ချယ်ခိုင်းရာ အဆိုပါ အမျိုးသားကိုပင် ရွေးချယ်ပြခဲ့ပြီး အခင်းမဖြစ်မီ နာရီပိုင်း အလိုတွင် အခင်းဖြစ်သည့် ခြံဝင်းအနီး တွင် ယင်းအမျိုးသား ရပ်နေသည်ကို ခြံဝင်း အနီးနေထိုင်သည့် အမျိုးသမီးတစ်ဦးက မြင်ခဲ့ကြောင်း ရဲအရာရှိက ဆိုသည်။
အသက် ၈ နှစ်အရွယ် မိန်းကလေး ကို နေအိမ်တွင် အိပ်ပျော်နေစဉ် ခိုးယူ ကာ အဓမ္မပြုကျင့်ခဲ့သူကို ရာဇသတ်ကြီး ပုဒ်မ- ၃၇၆ (မုဒိမ်းမှု)၊ ၃၆၃ (လူခိုးမှု) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။