တိုင်းအစိုးရနှင့်MOA လက်မှတ် ထိုးပြီးပါက မြိတ်ဟိုတယ် သင်တန်း ကျောင်း စဆောက်မည်

0
417

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်MOA လက်မှတ်ထိုးပြီးပါက ဟိုတယ်သင်တန်းကျောင်း ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သင်တန်းကျောင်းဘုတ်အဖွဲ့မှ သိရသည်။
မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ်တွင် သင်တန်း ကျောင်းဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက စတင်စီစဉ်ခဲ့ပြီး ကျောင်းဆောက်လုပ်မည့် မြေနေရာမှာ စားကျက်မြေဖြစ်နေသည့်အတွက် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရကြောင်း အထက်ပါ ဘုတ်အဖွဲ့မှ သိရသည်။

စားကျက်မြေအား ဖယ်ရှားခွင့်ပြုရန် တိုင်းအစိုးရအဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြထားခဲ့ရာမှ ခွင့်ပြု ချက်ရခဲ့ပြီးဖြစ် ကြောင်း စီမံ / ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောပြသည်။ “ဆောက်လုပ်ခွင့်လည်း ပြုလိုက်ပါပြီ MOA ထိုးဖို့ လုပ်နေ တယ်” ဟု ဝန်ကြီး ဦိးဖြိုးဝင်းထွန်းက ပြောသည်။
MOA လက်မှတ်ထိုးမည့် အချိန်အတိအကျကို ပြောဆိုနိုင်ခြင်း မရှိသေးပေ။

သင်တန်းကျောင်းဆောက်လုပ်ရန် တိုင်းအစိုးရက ခွင့်ပြုချက်ပေးလိုက်ပြီးဖြစ်ကာ ဘုတ်အဖွဲ့နှင့် တိုင်းအစိုးရတို့ လက်မှတ် ရေးထိုးပြီးမှ စတင်ဆောက်လုပ်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်းကျောင်း ဘုတ် အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ အဆိုပါ သင်တန်းကျောင်းသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း ပထမဦးဆုံး ဆောက်လုပ် ခြင်းဖြစ်ပြီး ဆွစ်ဇလန်နိုင်ငံ လုပ်ငန်းရှင်များ စုပေါင်းပြီး လှူဒါန်းငွေဖြင့် ဆောက်လုပ်မည်ဖြစ်ကာ ကနဦးတွက်ချက်မှုအရ ဒေါ်လာတစ်သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်းထံမှ သိရသည်။

ယင်းသင်တန်းကျောင်းအပြင် Three Star အဆင့်ရှိ ဟိုတယ်တစ်လုံးကို ပူးတွဲတည်ဆောက်သွားရန် စီစဉ် နေကြောင်း ဟိုတယ်နှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးသင်တန်းကျောင်း ဘုတ်အဖွဲ့မှ သိရသည်။ သင်တန်းကျာင်းဆောက်လုပ်ပြီးစီး ပါက ဟိုတယ်ခရီးသင်တန်းများကို ရန်ကုန်မြို့တွင် သွားရောက်သင်ကြားနေရသည့် အခက်အခဲမှ ဖြေရှင်းနိုင်မည်ဖြစ်ပြီး သင်တန်းကျောင်းတွင် အခမဲ့ တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း ဘုတ်အဖွဲ့ထံမှ သိရသည်။