လူနာတင်ယာဉ် အခြားကိစ္စတွင် မသုံးစွဲရ

0
444

လူနာတင်ယာဉ် စည်းကမ်းချက် ၁၉ ချက် အတည်ပြု

တနင်္သာရီတိုင်းအတွင်းရှိ လူနာ တင်ယာဉ်များကို လူနာတင်ဆောင်ခြင်း မှအပ အခြားကိစ္စရပ်များတွင် မသုံး စွဲရန် အပါအဝင် စည်းကမ်းချက် ၁၉ ချက်ကို အတည်ပြု သတ်မှတ်လိုက် သည်။
မတ်လ ၁၇ ရက်က ကျင်းပသည့် ပထမအကြိမ် အရေးပေါ်လူနာတင်ယာဉ် အဖွဲ့များ ဖိုရမ်တွင် တိုင်းအတွင်းရှိ လူနာတင်ယာဉ် အဖွဲ့ပေါင်း ၉၂ ဖွဲ့က အတည်ပြု သတ်မှတ်လိုက်ခြင်း ဖြစ် သည်။

အရေးပေါ်လူနာတင်ယာဉ်အင်္ဂါရပ် နှင့် မညီသည့် မသမာလုပ်ငန်းများ လုပ်ဆောင်မှုရှိလာသည့်အတွက် အဆို ပါ စည်းကမ်းချက်များကို အဆိုပြုတင် သွင်းခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အရေးပေါ်လူနာတင်ယာဉ် ကွန်ရက် ကိုယ်စားလှယ် ဦးနိုင်မျိုးသွင်က ဆို သည်။
လူနာတင်ယာဉ်အချို့က သေဆုံး သူ (လူသေ) တင်ဆောင်မှုများရှိနေပြီး ထားဝယ်ဆေးရုံကြီးကို လူနာပို့ပြီး အပြန်တွင် အိမ်သုံး ကုန်စုံပစ္စည်း( ဆန်၊ ဆီ)များ ပြန်တင်သွားသည့် ဖြစ်စဉ်များ လည်းရှိနေကြောင်း ၎င်းက ပြောသည်။

“အရေးပေါ်လူနာတင်ကားတွေ အသုံးပြုပြီး တရားမဝင်အလုပ်တွေ လုပ်နေတာရှိလို့ ဒီစည်းကမ်းချက်ကို ထည့်လိုက်တာ”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။
အထက်ပါ စည်းကမ်းချက်အပြင် လူနာတင်ယာဉ်များ အသုံးပြုနိုင်သည့် အသံ၊ လူနာတင်ဆောင်ထားခြင်းမရှိဘဲ အချက်ပြမီးဖွင့်ခြင်း အသံအသုံးပြု မောင်းနှင်ခြင်း မလုပ်ရန်၊ အသင်းက သတ်မှတ်ထားသည့် တူညီဝတ်စုံ ဝတ်ဆင်ရန်၊ လူနာတင်ယာဉ် ဝန်ထမ်း များ အခြေခံ ရှေးဦးသူနာပြုစုခြင်း သင်တန်း တက်ရောက်ပြီးဖြစ်ရမည် အစရှိသည့် စည်းကမ်းချက် ၁၉ ချက်ကို အတည်ပြု သတ်မှတ်ခဲ့ကြ သည်။

အဆိုပါ စည်းကမ်းချက်များ လိုက် နာမှု ရှိ/မရှိ စိစစ်ကြပ်မတ်နိုင်ရေး အတွက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း ပေးရန် ပြီးခဲ့သည့် မတ်လ ၅ ရက်က ခရိုင်အုပ် ချုပ်ရေးမှူးထံ တင်ပြထားပြီး မကြာမီ ဖွဲ့စည်းနိုင်မည်ဟု မျှော်လင့် ကြောင်း ၎င်းက ဆိုသည်။
စစ်ဆေးရေးအဖွဲ့များတွင် ရဲတပ် ဖွဲ့၊ ကျန်းမာရေး၊ သာသနာရေး၊ အရေး ပေါ်လူနာတင်ယာဉ်အဖွဲ့များ ပါဝင်မည် ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်း ချက်များကို ဖောက်ဖျက်ပါက ကျူးလွန် သည့်ပြစ်မှုအလိုက် သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တိုင်းအတွင်းရှိ လူနာတင်ယာဉ် အဖွဲ့များက သတ်မှတ်လိုက်သည့် စည်းကမ်းချက်များက ပြည့်စုံသည်ဟု ထင်ကြောင်း ကော့သောင်းခရိုင် လူနာ တင်ယာဉ်ကွန်ရက် ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းခိုင်က ဆိုသည်။
“ဒီစည်းကမ်းချက်တွေက တိုင်းထဲ က စည်းကမ်းမဲ့ လူနာတင်ယာဉ်အသင်း တွေကို ထိန်းနိုင်မယ်လို့ ယူဆတယ်”ဟု ဦးမင်းခိုင်က ပြောသည်။
မြိတ်ခရိုင်အတွင်း လူနာတင်ယာဉ် ကို အခြားကိစ္စများတွင် သုံးစွဲမှုမရှိသေး သော်လည်း လက်ရှိသတ်မှတ်သည့် စည်းကမ်းချက်များက အတိမ်းအစောင်း မရှိဘဲ လုပ်နိုင်မည်ဖြစ်ကြောင်း မြိတ်ခ ရိုင် လူနာတင်ယာဉ်ကွန်ရက် ကိုယ်စား လှယ် ဦးအင်သန်းက ဆိုသည်။

စည်းကမ်းချက်များ လိုက်နာစေရန် မြိတ်ခရိုင်အတွင်းရှိ အဖွဲ့များနှင့် တွေ့ ဆုံညှိနှိုင်းပြီး တစ်တိုင်းလုံးတပြေးညီ ဖြစ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်အတွင်းရှိ ရွှေဘုန်းပွင့် နာရေး ကူညီမှုအသင်း(အရေးပေါ်လူနာ တင်ယာဉ်) ဥက္ကဋ္ဌ ဦးအောင်မြတ်သူက ပြောသည်။
“ရန်ကုန်သွားပြီး လူနာပို့တယ်၊ ပို့ပြီး ပြန်လာတဲ့အချိန်ကျတော့ တစ်ချို့ ကျတော့ ပစ္စည်းပစ္စယတွေ ဝယ်ပြီးတော့ တင်လာတာတို့ ဘာတို့ မလိုတဲ့ ပြဿ နာတွေ တိုးဂိတ်တွေမှာ ပြဿနာကြုံရ တာတို့ ဘာတို့ဖြစ်မှာစိုးလို့ ကြို ပြီးတော့ စည်းကမ်းချက်အနေနဲ့ ထည့်ထား တာဗျ”ဟု ဦးအောင်မြတ်သူက ဆိုသည်။

ပထမဆုံးအကြိမ် ကျင်းပသည့် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ဖိုရမ် တွင် မြို့နယ် ခရိုင်အလိုက် စာတမ်း ပြုစုခြင်း၊ လူနာတင်ယာဉ် အဖွဲ့များ သဘောတူညီချက်ဖြင့် လိုက်နာရန် စည်းကမ်းချက်များ သတ်မှတ်ခဲ့ကြောင်း ဖိုရမ်ဖြစ်မြောက်ရေး စီစဉ်သည့် ကလျာ ဏမိတ္တပရဟိတ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအောင်သူရလင်းက ဆိုသည်။
တိုင်းလူနာတင်ယာဉ်အဖွဲ့များဖို ရမ်က ခရိုင်အလိုက်ထွက်ရှိလာသည့် စာတမ်းများကို စုစည်းကာ အချက် ၁၁ ချက်ပါ သဘောထား ထုတ်ပြန်ချက် ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း ဒေသကြီးလွှတ်တော်ထံ ပေးပို့ တင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောထားထုတ်ပြန် ချက်တွင် တိုင်းဒေသကြီးအတွင်းရှိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့များအား ကျန်းမာရေး ဆေးပစ္စည်းများ ကူညီပေး နိုင်သော အစီအစဉ်များ လုပ်ဆောင်ပေး ရန်၊ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့များ ၏ ယာဉ်အန္တရာယ် ဘေးကင်းစွာ သွား လာနိုင်ရေးအတွက် ယာဉ်လိုင်စင်(သို့)တိုင်းအတွင်း အသိအမှတ်ပြုမှုများ လုပ် ဆောင်ပေးရန် အစရှိသည့်အချက်များ ပါဝင်သည်။

အဆိုပါဖိုရမ်တွင် ခရိုင်ကွန်ရက် များ၊ တိုင်းအဆင့်ကွန်ရက်များကို အကြမ်း ဖြင်းဖွဲ့စည်းနိုင်ခဲ့ပြီး တိုင်းအတွင်းရှိ လူနာတင်ယာဉ် အဖွဲ့များ၏ ဖုန်းနံပါတ် များကို ထုတ်ပြန်သွားရန်ရှိကြောင်း ဦးအောင်သူရလင်းက ဆိုသည်။
အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ များ အကြိုဖိုရမ်နှင့် ဖိုရမ်ကို မတ်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ထားဝယ် မြို့၌ နှစ်ရက်တာ ကျင်းပခဲ့ပြီး တိုင်း အတွင်းရှိ အရေးပေါ်လူနာတင်ယာဉ် အဖွဲ့ ၉၂ ဖွဲ့ တက်ရောက်ခဲ့ပြီး စာတမ်းစုစုပေါင်း ၆၂ စောင်ကို ဖတ်ကြား တင်သွင်းခဲ့ကြောင်း သိရ သည်။