MAC ဆီအုန်းကုမ္ပဏီ လုပ်ကိုင်ခွင့် စုံစမ်းစစ်ဆေးရန် တောင်းဆို

0
429

တနင်္သာရီတိုင်းဒေသကြီးတွင် မြေနေရာ အများဆုံး လုပ်ကိုင်ခွင့် ရရှိထားသော မြန်မာအော်တို ကော်ပိုရေးရှင်း MAC သည် ကုမ္ပဏီခွင့်ပြုမိန့်ပါ စည်းကမ်းချက်များအား လိုက်နာခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် အရပ်ဘက်အဖွဲ့အစည်း ရှစ်ဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
တနင်္သာရီတိုင်းဒေသကြီးတွင် လုပ်ပိုင်ခွင့်ချထားပေးသော ဆီအုန်းကုမ္ပဏီများ ဧကအပြည့် အမှန်တကယ်စိုက်ပျိုးခြင်း မရှိခြင်း၊ လုပ်ပိုင်ခွင့်ကို တလွဲအသုံးပြုခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ရှိနေစဉ် ထိုအစီရင်ခံစာထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုအစီရင်ခံစာ၏ အမည်မှာ ‘ဆီအုန်းနောက်ကွယ်-ဆွယ်ယောင်ပြစိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှု များ၏အကျိုးဆက်’ ဖြစ်ပြီး စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM)၊ တောင်ပိုင်း လူငယ်အသင်း (Southern Youth Organization) ၊ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် (Myeik Lawyer Network)၊ အစိမ်းရောင် ကွန်ရက်အဖွဲ့၊ ပနဲတာက ပေါတို့က ပူးပေါင်းရေးသားထားခြင်း ဖြစ်သည်။

MAC သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးရန် မြေနေရာ အများဆုံး ရရှိ ထားသော ကုမ္ပဏီဖြစ်ပြီး စုစုပေါင်း ၁၃၀၀၀၀ ကျော် လုပ်ကိုင်ခွင့်ရရှိထားကြောင်း ထိုအစီရင်ခံစာ တွင် ဖော်ပြထားသည်။
သို့သော်လည်း စုစုပေါင်း လုပ်ကိုင်ခွင့်ရ ဧရိယာ၏ ၃ ရာခိုင်နှုန်း (၃၃၁၅ ဧက) တွင်သာ အကောင် အထည်ဖော်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီဝင်ရောက်လာပြီး နောက်ပိုင်း သစ်တောဧက ၁၆၀၀၀ ခန့်ပြုန်းတီး သွားခဲ့ကြောင်း မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့တွင် ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ကုမ္ပဏီဝင်ရောက်လာပြီးနောက်ပိုင်း သစ်တောပြုန်းတီးခြင်း၊ သဘာဝ အရင်းအမြစ်များ ပျောက်ကွယ် ခြင်းနှင့် ဒေသခံများ၏ စားဝတ်နေရေး ထိခိုက် ခြင်းရှိခဲ့သဖြင့်MAC အနေနှင့် ကုမ္ပဏီခွင့်ပြုမိန့်ပါ စည်းကမ်းချက်များအား လိုက်နာခြင်း ရှိ မရှိ စစ်စမ်းစစ်ဆေးရန် အထက်ပါ အရပ်ဘက်အဖွဲ့အစည်းများ က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးနေသည့်ကာလအတွင်း ကုမ္ပဏီ၏ လုပ်ကိုင်ခွင့်များကို ရပ်ဆိုင်းထားရန်၊ လိုအပ်ပါက စီမံကိန်း လုပ်ကိုင်ခွင့်ကို အလုံးစုံ ပြန်လည် ရုပ်သိမ်းရန်လည်း တောင်းဆိုထားသည်။

MAC ကုမ္ပဏီကို တောင်ကိုရီးယားနိုင်ငံအခြေစိုက် အော်တိုစက်မှု လုပ်ငန်းစု နှင့် စင်ကာပူအခြေစိုက် R&R Pte တို့ ပူးတွဲတည်ထောင်ထားခြင်းဖြစ်သည်။
ယင်းကုမ္ပဏီ၏ ဆီအုန်းလုပ်ကွက်သည် ကော့သောင်းခရိုင် ဘုတ်ပြင်း မြို့နယ်အတွင်း တည်ရှိပြီး ၂၀၁၁ ခုနှစ်တွင် လုပ်ငန်း စတင်ခွင်ပြုခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများအတွက် မြေဧက ၁.၉ သန်းကျော် ချထားပေးခဲ့ပြီး ၂၅ ရာခိုင်နှုန်းသာ အကောင်အထည်ဖော်သေးသည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသည့် ဆီအုန်းပြဿနာများအား ပြည်ထောင်စုအစိုးရနှင့် တိုင်း ဒေသကြီးအစိုးရတို့မှ ကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက အတည်ပြုခဲ့ဖူးသည်။ သို့သော် ယင်းအဆိုကို တိုင်းဒေသကြီးအစိုးရက မည်သို့နောက်ဆက်တွဲ ဆောင်ရွက်နေသည်ကို ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။