သုံးရက်အတွင်း ဒီရေတောအပင် ခုတ်သူ တစ်ဆယ်ကျော် ဖမ်းမိ

0
399

တနင်္သာရီတိုင်းတွင် သုံးရက်အတွင်း တရားမဝင် ဒီရေတောခုတ်သူတစ်ဆယ် ကျော်ကို ဖမ်းမိခဲ့ကြောင်း တိုင်းသစ်တော ဦးစီးဌာနညွှန်ကြားရေးမှူးကပြောသည်။
မတ်လ ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်အတွင်း ဒီရေတောအပင် ခုတ်သူ ၁၆ ဦးကို ရေဖြူနှင့် မြိတ်မြို့နယ်တို့တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ရေဖြူမြို့နယ် မော်ငန်းကျေးရွာ အနီးရှိ ဟိန္ဇဲချောင်းတွင် တရားမဝင် ဒီရေ တောခုတ်သူ ၁၅ဦးကို ကနစိုသစ် သုံးတန် ကျော်၊ အခြားအပင် ငါးရာကျော် (၅၁၄)နှင့်အတူ မတ်လ ၁၁ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း တိုင်းသစ်တောဦး စီးဌာန ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။
ယင်းဒီရေတောအပင်များ ခုတ်သူ တင်ဆောင်လာသည့် စက်လှေသုံးစီးကို လည်း ဖမ်းဆီးရမိခဲ့ပြီး နှစ်စီးမှာ ဧရာ ၀တီတိုင်းမှ လာရောက်ခုတ်ယူသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အထက်ပါရုံး ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြော သည်။

တစ်စီးမှာ ဒေသခံလှေဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် မြိတ်မြို့နယ် ဘဲမဒီ ကျေးရွာတွင်လည်း တရားမဝင် ဒီရေ တောထင်းခုတ်သူတစ်ဦးကိုလည်း ဒီရေ တောထင်း ၁၄ တန်ကျော်နှင့်အတူ မတ်လ ၉ရက် ဖမ်းမိခဲ့ကြောင်း ဦးကျော်ဇေယျက ပြောသည်။
“ဖမ်းမိတာတွေ အားလုံးကတော့ ဒီရေတောမှာ ခုတ်တဲ့ဟာတွေပဲ”ဟု ၎င်း က ဆိုသည်။
ဒီရေတောများသည် လှိုင်းဒဏ်၊ မုန်တိုင်းဒဏ် စသည့် သဘာဝဘေး အန္တရာယ်များကို တားဆီးပေးသောကြောင့် တရားမဝင် ဒီရေတောခုတ်သူများကို တားဆီးရန် လိုအပ်ကြောင်း တိုင်းပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး က ပြောသည်။

“လူသားတွေရဲ့ အသက်အန္တရာယ် ကို ဒီရေတောတွေက ကာကွယ်မှာ ဖြစ် တာကြောင့် ထိန်းသိမ်းဖို့ လိုအပ်တယ်”ဟု ဦးထွန်းထွန်းဦးကဆိုသည်။
ဖမ်းမိထားသည့် တရားမဝင် ဒီရေ တောခုတ်သူများကို သစ်တောဥပဒေအရ အရေးယူရန် စီစဉ်လျက်ရှိကြောင်း တိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။