တနင်္သာရီအစိုးရ တရားစွဲဆိုထားမှု တနင်္သာရီဂျာနယ်ဘက်မှ သက်သေခံ ခြောက်ခုတင်သွင်း

0
423

သရော်စာဖော်ပြမှုကြောင့် တနင်္သာရီ တိုင်းအစိုးရက တရားစွဲဆိုထားသည့် အမှုကို မတ်လ ၁၂ ရက်က စစ်ဆေးရာ စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က စုစုပေါင်း သက်သေခံခြောက်ခု တင်သွင်း ခဲ့သည်။
တိုင်းဒေသကြီး အစိုးရကိုယ်စား တရားစွဲဆိုခဲ့သည့် တရားလို ဦးအေးလူ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်ရုံး ချိန်းက စတင်စစ်ဆေးခဲ့စဉ်က သက် သေခံနှစ်ခု တင်သွင်းခဲ့ပြီး မတ်လ ၁၂ ရက် ရုံးချိန်းတွင် သက်သေခံ ၄ ခု နှင့် သိသာရန် ၁ ခုကို မြို့နယ် တရားရုံး ထံ တင်သွင်းခဲ့ကြောင်း ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် မြန်မာ နိုင်ငံရှေ့နေများကွန်ရက် နာယကအဖွဲ့ ဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ပြောသည်။

“အားရ ကျေနပ်တယ်ပေါ့နော့၊ ဒီလို အမှုတွေစစ်တဲ့ဟာမျိုးတွေမှာ စွပ်စွဲ ခံရသူဘက်က သက်သေခံ တင်သွင်း ဖို့ဆိုတာ အင်မတန် ခက်ခဲတယ်၊ အင်မတန် အထောက်အထား တစ်ရပ် အနေနဲ့ ခြေခြေမြစ်မြစ်ရှိမှ သက်သေခံ အဖြစ် တရားရုံးများက လက်ခံလေ့ ရှိတယ်”ဟု ၎င်းက ပြောသည်။
နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ ၅ အမှတ် ၁၇ တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာ သည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန်အတွက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးလူက ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့သည်။

တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံးသရော်စာ ဖော်ပြမှုနှင့်ပတ်သက်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုသွား ရန် ဒီဇင်ဘာလ ၂၁ ရက်က မြို့နယ် တရားရုံးက ဆုံးဖြတ်ခဲ့သည်။
အဆိုပါအမှုမှ တရားလို ဦးအေးလူ ကို စစ်ဆေးမှုပြီးဆုံးခဲ့ပြီး နောက်ထပ်ရုံး ချိန်းကို မတ်လ ၂၂ ရက်တွင် ပြန်လည် ချိန်းဆိုထားကြောင်း ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။
“အဲဒီနေ့မှာတော့ တရားလိုပြသက် သေကို စစ်ဆေးဖို့ ချိန်းဆိုထားတာ ဖြစ် ပါတယ်”ဟု ဦးကျော်မြင့်က ပြောသည်။

တရားလိုဘက်က တရားလိုပြသက် သေ ၂ ဦးကို တင်သွင်းထားပြီး စွပ်စွဲခံရ သည့် တနင်္သာရီဂျာနယ်ဘက်က သက် သေတင်သွင်းမည့် လူဦးရေကို မညှိနှိုင်း ရသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။
သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) အရ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မ ဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက် စေသော အရေးအသားနှင့် လူ့အခွင့်အ ရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကျဉ်ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေအနည်း ဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမည်ဖြစ်သည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက် ထက်အတွင်း မီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦဖေမြင့်က မဏ္ဍိုင်ကြီး ၄ ရပ်နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည့် သတင်းမီဒီယာများ လွတ်လပ်စွာ လုပ် ခွင့်၊ အခြားမဏ္ဍိုင် ၃ ရပ်ကို စောင့်ကြည့် ဝေဖန်ထောက်ပြခွင့်ရှိကြောင်း ပြောဆို မှုကို ဖော်ပြထားသည့် မြန်မာ့အလင်း သတင်းစာကိုလည်း သက်သေခံအဖြစ် တင်သွင်းထားကြောင်း ဦးအောင်သိန်းက ဆိုသည်။

ယမန်နှစ်က တနင်္သာရီအပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား) ရေးသား ထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့် သံဆောင်းပါးကိုလည်း ဒယ်လ်ကို သတ္တု တွင်းကုမ္ပဏီက တရားစွဲဆိုခဲ့ဖူးသည်။
တပ်မတော်ကို ဝေဖန်သော သရော် စာတစ်ပုဒ် ထည့်သွင်းဖော်ပြမှုကြောင့် တပ်မတော်က The Voice Daily သ တင်းစာကို ယမန်နှစ်အတွင်း တရားစွဲဆိုခဲ့ ဖူးပြီး နောက်ပိုင်းတွင် ပြန်လည်ကျေ အေးခဲ့သည်။