ထားဝယ်မြို့ရှိ ပရိုဘောက်ကားများ ရပ်နားမည့်နေရာ ရွှေ့မည်

0
450

ထားဝယ်မြို့ ၂၇ တောင် ရပ်တော်မူ ဘုရားရှေ့တွင် ရပ်နားကြသည့် ပရို ဘောက်ကားများကို ဆိပ်ကမ်းသာ ပန်းခြံ ရှေ့သို့ မတ်လ တတိယပတ်အတွင်း ပြောင်းရွှေ့မည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ များမှ ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ပရိုဘောက်ကားများ ဘုရားရှေ့တွင် ရပ်နားမှုကြောင့် ဘုရားဖူးလာသည့် ကားများရပ်နားရန် အခက်အခဲဖြစ်နေ သည့်အတွက် ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်ကော်မတီ အတွင်းရေးမှူး က ဆိုသည်။
“ဘုရားဖူးယာဉ်တွေ အလာများ ချိန်မှာ ဒီကားတွေကြောင့် ရပ်နားဖို့နေရာ မရှိတော့ဘူး”ဟု စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးက ပြောသည်။

အဆိုပါ ကားများပြောင်းရွေ့ရပ် နားရန် ပြီးခဲ့သည့် မတ်လ ၁၂ ရက်က သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားပြီး ပြောင်းရွှေ့ပြီးပါက စည်းကမ်းတကျ ဖြစ်စေရန် ဆက်လက်ကြီးကြပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ပရိုဘောက်ကားများက သရက်ချောင်းမြို့နယ်အတွင်းရှိ ပဲဒက်၊ အောက်သရက်ချောင်း၊ ကနက်သီရိ၊ ကတွဲ အစရှိသည့် ရွာများနှင့် ထားဝယ် မြို့သို့ နေ့စဉ်ပြေးဆွဲနေသည်။

လက်ရှိပြောင်းရွှေ့ခိုင်းမည့် နေရာ တွင် ကားရပ်နားရန် အဆင်ပြေပါက အများနည်းတူပြောင်းရွှေ့ ရပ်နားမည် ဖြစ်ကြောင်း ပရိုဘောက်ယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးစိုးမြင့်က ဆိုသည်။
“ကျွန်တော်ကတော့ သိပ်မကြိုက် ဘူး၊ ကားရပ်နားဖို့ နေရာကောင်းကောင်း ရမယ်ဆိုရင်တော့ တစ်မျိုးပေါ့” ဟု ဦးစိုးမြင့်က ပြောသည်။

ရပ်တော်မူဘုရားအရှေ့နေရာနှင့် စည်ပင်ဈေးကြီးအနီးတစ်ဝိုက်တွင် ပရို ဘောက်ကားများ အပါအဝင် ထားဝယ် ခရိုင် မြို့နယ် ၄ ခုမှ ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ယာဉ်တချို့ ရပ်နားမှု များကြောင့် ယာဉ်ကြောရှုပ်ထွေးမှုများဖြစ်ပေါ်နေကြောင်း ထားဝယ်ဒေသခံ အချို့က ဝေဖန်ပြောဆိုကြသည်။