အတ္တ၏သားကောင်များ မဖြစ်စေဖို့ရာ

သာမန် ပုထုဇဉ်လူသားတို့သည် အတ္တနှင့်မကင်းနိုင်။ အထူ၊ အပါးသာကွာ မည်။ အတ္တ၏ညှို့ငင်၊ နှောင်ဖွဲ့မှုကို လွတ် အောင်ရုန်းနိုင်ရန် ခက်လှသည်။ တချို့ က အတ္တနှင့်ပရမျှ ခြေကိုက် အောင်ကြိုး စားကြသည်။ တချို့ကလည်း အတ္တထက် ပရကဲအောင် အားထုတ်ကြသည်။ သို့ သော် ပရထက် အတ္တကဲသူက ပိုများနေ မည်မှာ အမှန်ပင်။ တချို့က အချစ်တွက် အတ္တကြီးကြသည်။ တစ်ချို့က ငွေ အတွက် အတ္တကြီးကြသည်။ တချို့က ရာထူးဂုဏ်ဒြပ်အတွက် အတ္တကြီးကြသည်။ အမျိုးအစားသာ ကွာချင်ကွာမည်။ အတ္တ ကြီးပုံခြင်းမှာ အတူတူပင်။

အတ္တကြီးခြင်းများအနက် ပညာအ တွက် အတ္တကြီးခြင်းကား စိုးရိမ်စရာ ကောင်းလှသည်။ မိမိကိုယ်တိုင်အတွက် အတ္တကြီးခြင်းကို မဆိုလိုပါ။ သားသမီး များအတွက် ပညာနှင့်ပတ်သက်ပြီး အတ္တ ကြီးကြသော မိဘတချို့ကိုသာဆို လိုရင်း ဖြစ်သည်။ သို့သော် စေတနာဟူသော မျက်နှာဖုံးကို စွပ်ထားသဖြင့် အတ္တ၏ နောက်ကွယ်က ဆိုးကျိုးကိုမူ သတိမမူမိ ကြ။ ယခုအထိလည်း အပြစ်ဟု မမြင်ကြ သေးပေ။ သို့သော် သူတို့၏အယောင် ဆောင်စေတနာကို ခံယူနေရသည့် လူမ မယ်ကလေးလေးများမှာ အရွယ်နှင့် မမျှ အောင်ပင် ဒုက္ခကြီးလှသည်။

မိမိတို့၏သားသမီးများကို ကောင်း စားစေချင်၊ ထူးချွန်စေချင်ကြသည်မှာ မိဘတိုင်း၏ ဆန္ဒဖြစ်သည်။ သို့သော် အတ္တမလွန်ကဲရန်ကိုမူ ဆင်ခြင်ရပေမည်။ ယခုဆိုလျှင်KGတန်းမှ န၀မတန်းအထိ အတန်းတင်စာမေးပွဲများ ဖြေဆိုပြီးကြပြီ ဖြစ်သည်။ တချို့သော မြို့ပေါ်နေ ကျောင်း သားများမှာ ကျူရှင်ပြန်တက်နေကြရ ပေပြီ။ တက္ကသိုလ်ဝင်တန်းတက်ရောက် ကြမည့် န၀မတန်းဖြေဆိုထားပြီး သော ကျောင်းသားများ ကျူရှင်တက်ကြသည် ကို အပြစ်မပြောလိုပါ။ သို့သော် ကျန် အတန်းမှ ကျောင်းသားများကို ကျူရှင် တက်ခိုင်းသည်ကိုတော့ အားမပေးလိုပါ။ အလွန်သနားဖို့ကောင်းသည်။ ဆယ်လ တာမျှ ပင်ပန်းခဲ့သော ဦးနှောက်ကို နည်း နည်းတော့ အနားပေးဖို့သင့်သည်။

လူတစ်ယောက်၏ ဦးနှောက်သည် လုံးဝမနားတမ်း အလုပ်လုပ်နေရသည်။ ညဘက်အိပ်စက်ချိန်တွင်လည်း ဦး နှောက်က အလုပ်လုပ်နေရသည်။ စာ ကျက်နေကြရသော ကျောင်းသားလေးများ ၏ ဦးနှောက်သည် ကျန်သောသူများ၏ ဦးနှောက်ထက် ပိုပင်ပန်းမည်မှာ အမှန် ပင်။

ထိုဦးနှောက်လေးများကို အနားပေး ဖို့ မိဘများအနေဖြင့် အဘယ့်ကြောင့် မေ့လျော့နေကြသနည်း။ အတ္တက အ မှောင်ချထား၍လော။ ကလေးတွေက စာမေးပွဲဖြေနေတုန်း ရှိသေးသည်။ မိဘ များက ကျူရှင်တက်ခိုင်းရန်အတွက် ပုံနှိပ်စာအုပ် အဆင်သင့်ဝယ်ထားပြီး နေ လေပြီ။ နွေကျောင်းပိတ်ရက်များသည် ကလေးများအတွက် မဟုတ်တော့ဘဲ မိဘ များအတွက် ဖြစ်သွားတော့သည်။

နောက်ထပ်မိဘတစ်မျိုးမှာ အင်္ဂ လိပ်စာ တစ္ဆေအခြောက်ခံနေကြရသူများ ဖြစ်သည်။ အင်္ဂလိပ်စာသည် ကမ္ဘာသုံးဖြစ် သည်။ အိုင်တီခေတ်တွင် အင်္ဂလိပ်စာ တတ်ထားရန် အရေးကြီးသည်။ မိခင်ဘာ သာစကားမဟုတ်သည့် တစ်ခြားဘာသာ စကားတစ်ခုကို တတ်မြောက်ထားခြင်း သည် ဘ၀တိုက်ပွဲအတွက် လက်နက် ကောင်းတစ်ခုဖြစ်သည်။ အင်္ဂလိပ်စာ သည် မတတ်မဖြစ်တတ်ထားရမည့် ဘာ သာစကားတစ်ခုဖြစ်သည်။ ဘ၀၏တိုး တက်ရာတိုးတက်ကြောင်း အခွင့်အလမ်း များကို ရယူရန်အတွက် အင်္ဂလိပ်စာ တတ်ထားဖို့လိုသည်။ သို့သော် အင်္ဂလိပ် စာတတ်ထားလျှင် အားလုံးပြီးပြည့်စုံပြီလားဆိုသည်ကို မေးခွန်းထုတ်ကြည့်ချင် သည်။

အင်္ဂလိပ်စာတတ်ထားလျှင် ဘ၀ မှာ အောင်မြင်ရန်ရာနှုန်းပြည့် သေချာ သွားပြီလား မေးကြည့်ချင်သည်။ တိကျ သည့်အဖြေပေးနိုင်ရန်၊ အာမခံရန် ခက် လှပေမည်။
ကျွန်တော် ဤကဲ့သို့ပြောခြင်းသည် အင်္ဂလိပ်စာသင်ကြားခြင်းကို အပြစ်ပြော လို၍၊ တိုက်ခိုက်လို၍မဟုတ်။ အင်္ဂလိပ်စာ တတ်ထားရန် အရေးကြီးသကဲ့သို့ မိခင် ဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင် ကျင်တတ်မြောက်ထားရန် အရေးကြီး သည်ကို သတိပြုကြစေလို၍ဖြစ်သည်။ ထို့အပြင် အရွယ်မတိုင်ခင် ဒုတိယဘာ သာစကားတစ်ခုကို သင်ကြားပေးမိလျှင် မိခင်ဘာသာစကား တတ်ကျွမ်းမှုတွင် ပြဿနာရှိလာနိုင်သည်။ အသက် ၇နှစ် မပြည့်မီ ဒုတိယဘာသာစကားကို သင် ကြားပေးမိပါက မိခင်ဘာသာစကားတွင် စကားလုံးကြွယ်ဝမှု အားနည်းခြင်း၊ စ ကားမပီခြင်း စသည့်ပြဿနာများ ရှိလာ နိုင်သည်။ အသက် ၇ နှစ်ပြည့်မှ ဒုတိ ယဘာသာစကားကို မိမိတို့၏ ရင်သွေး ငယ်များအား သင်ကြားပေးစေလိုပါသည်။

လက်ရှိအချိန်တွင်မူ မူကြိုအရွယ်က တည်းက မိမိတို့၏သားသမီးများကို အင်္ဂ လိပ်စာ တတ်စေချင်နေကြသည့် မိဘ များက ပိုများနေသည်။ ထိုအထဲတွင် ကျွန်တော်လည်း တစ်ဦးအပါအဝင်ဖြစ် သည်ကို ဝန်ခံရပေမည်။ ကျွန်တော် ကိုယ်တိုင်က အင်္ဂလိပ်စာသင်သော ဆရာ တစ်ဦးဖြစ်သည်နှင့်အညီ ကျွန်တော့်သမီး လေးကိုလည်း အင်္ဂလိပ်စာမြန်မြန်တတ် စေချင်နေမိသည်။ အခုအသက် ၄ နှစ်ပြည့် ပြီးသည်နှင့် အင်္ဂလိပ်စာသင်သော စာ သင်ဝိုင်းအပ်ရန် အဆင်သင့်ဖြစ်နေပေပြီ ။ သို့သော် ယခုအချိန်တွင်တော့ ကျွန် တော်၏ အစီအစဉ်ကို ပြောင်းလိုက်ပါပြီ။ အသက် ၇နှစ်ပြည့်ပြီးမှ မိခင်ဘာသာစ ကားမဟုတ်သည့် ဒုတိယဘာသာစကား ကို သင်ကြားပေးတော့မည်။ ယခုအချိန် တွင်ပင်လျှင် ထားဝယ်စကားနှင့် ဗမာ စကားအကြား ဗျာများနေရလေသည်။ ထိုအထဲ အင်္ဂလိပ်စာထပ်ပေါင်းထည့်မည် ဆိုလျှင် . . . . . ။

မိဘများအနေဖြင့် မိမိတို့၏သားသ မီးများကို ပြုစုပျိုးထောင်ရာတွင် ဘာသာ စကားတစ်ခုတည်းကိုသာ ဖွံ့ဖြိုးတိုး တက်စေခြင်းဖြင့် လုံလောက်မှုမရှိဆိုသည် ကို သတိချပ်သင့်သည်။ ကလေးတစ် ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုI(physical deve-lopment)၊ စဉ်းစားတွေးခေါ်မှုပိုင်းဆိုင် ရာဖွံ့ဖြိုးမှု (cognitive (thinking) development)၊ လူမှုဆက်ဆံရေးနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (social and emotional development)ဟူ၍ catergories သုံးခု ပါဝင်ပေသည်။catergory တစ်ခုချင်းစီအောက်တွင် အသက်အရွယ်အပိုင်းအခြား လေးခုစီ သတ်မှတ်ထားသည်။
အသက် ၄ နှစ်မှ ၆ နှစ်အထိကို တစ်အုပ်စု။ အသက် ၇ နှစ်မှ ၁၁ နှစ် အထိကို တစ်အုပ်စု။ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကို တစ်အုပ်စု။ အသက် ၁၅ နှစ်မှ ၁၈ နှစ်အထိကို တစ်အုပ်စု အသီး သီးခွဲခြားထားသည်။

ထိုအသက်အရွယ်အုပ်စု အပိုင်းအ ခြားအရ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ ခြင်း ကွဲပြားနိုင်သည်။ အားလုံးအတွက် တစ်ပြေးညီ ဖွံ့ဖြိုးခြင်းမဖြစ်နိုင်သော် လည်း အများစုအတွက် မှန်ကန်မှုရှိပေ သည်။မည်သည့်အသက်အရွယ်အပိုင်းအခြားတွင် မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက် သည်ကို ဖော်ပြမည်ဆိုလျှင် စာရှည်မည် စိုးသဖြင့် ဤနေရာတွင် မဖော်ပြတော့ပါ။ မိဘများအနေဖြင့် စိတ်ဝင်စားမည်ဆိုပါ က အွန်လိုင်းတွင် ရှာဖွေဖတ်ရှုနိုင်သကဲ့သို့၊ ကလေးငယ်များ ဖွံ့ဖြိုးမှုအကြောင်းရေးသားထားသည့် စာအုပ်များကို ရှာဖွေ ဝယ်ယူဖတ်ရှုနိုင်ပါသည်။ ဤနေရာတွင် ကလေးတစ်ဦး၏ဖွံ့ဖြိုးခြင်းဟု ဆိုရာတွင် ဒုတိယဘာသာစကားဖွံ့ဖြိုးမှုသည် အ ရေးကြီးသည်မှန်သော်လည်း အဓိကမကျ ဆိုသည်ကို မိဘများအနေဖြင့် သတိပြု စေလိုသည်။
ဘာသာစကားဖွံ့ဖြိုးမှု နောက်လိုက် ရင်း ကျန်အပိုင်းတွင် ဖွံ့ဖြိုးမှုအားနည်း သွားမည်ကို စိုးရိမ်မိသည်။ နွေရာသီ ကျောင်းပိတ်ရက်များတွင် စာတစ်ခု တည်း မဟုတ်ဘဲ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုဆက်ဆံရေးအပိုင်းများပါ တိုးတက် မှုရအောင် မိဘများအနေဖြင့် လေ့ကျင့် ပေးရပေမည်။ ငွေကြေးတတ်နိုင်သည့် မိဘများအနေဖြင့် မိမိကလေးများကို စာ မေးပွဲဖြေပြီးသည်နှင့် ကျူရှင်တန်းမပို့ဘဲ မိသားစုအပန်းဖြေခရီးထွက်ခြင်းမျိုးကို ရှေးဦးစွာ ဆောင်ရွက်သင့်သည်။ ခရီး ထွက်ခြင်းသည် စိတ်အပန်းပြေမှုရနိုင်သ လိုဒေသန္တရဗဟုသုတများလည်း ရနိုင်သ ဖြင့် ကလေးများအတွက် များစွာအကျိုးရှိ နိုင်သည်။ မိဘများအနေဖြင့်လည်း လုပ် ငန်းဆောင်တာများကို ခဏတာထားခဲ့ပြီး ခရီးထွက်ခြင်းအားဖြင့် စိတ်အပန်းပြေနိုင် သကဲ့သို့ စီးပွားရေးအတွက် အတွေးအမြင် သစ်များလည်း ရနိုင်ပေသည်။

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအ တွက် နွေရာသီအားကစားသင်တန်းများ ကို ပို့ပေးသင့်သည်။
အားကစားနည်းတစ်မျိုးမျိုးကို က စားခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုး တက်မှုအပြင်၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှု ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာတွင် ပါ ဖွံ့ဖြိုးတိုးတက်မှုရှိလာနိုင်သည်။ ထို့ အပြင် ယဉ်ကျေးမှုသင်တန်း၊ သင်္ကြန်တ ရားစခန်းကဲ့သို့သော နေရာများကိုလည်း ပို့ပေးသင့်ပေသည်။

တရားထိုင်ခြင်းကစိတ်ကူးစိတ်သန်းပိုင်း၊ စဉ်းစားတွေးခေါ် မှုအပိုင်းကို အားကောင်းလာစေနိုင်သည်။ ပန်းချီဆွဲခြင်းကြောင့်လည်း စိတ်တည် ငြိမ်မှုရနိုင်သလို၊ စိတ်ကူးစိတ်သန်း ကောင်းများလည်း ဖြစ်ပေါ်စေနိုင်သည်။

တစ်ခြားနည်းလမ်းကောင်းများလည်း များစွာရှိပေမည်။ မိမိကလေးနှင့် သင့် တော်ရာကို ရွေးချယ်ကာ သင့်တော်သော သင်တန်းတစ်ခုခုကို တက်ရောက်စေနိုင် သည်။
အချုပ်အားဖြင့် ပြောရမည်ဆိုလျှင် မိဘများအနေဖြင့် မိမိတို့၏အတ္တများကို တတ်နိုင်သလောက်လျှော့ပြီး မိမိတို့၏သားသမီးများကို ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် ပြုစုပျိုးထောင်သင့်ပေသည်။ နိုင် ငံ၏ အနာဂတ်ခေါင်းဆောင်လောင်းများ ဖြစ်ကြသော မျိုးဆက်သစ်လူငယ်များ သည် ဗလငါးတန်ဖွံ့ဖြိုးသူများ ဖြစ်ဖို့လို သည်။ ထိုတာဝန်သည် မိဘများ၏ပခုံး ပေါ်တွင် အဓိကကျရောက်နေပေသည်။

Related Posts