နတ်ပူးကာ မြူးသူများ

0
1030

နတ်ဝင်ပူးမည်ကို ကြောက်သူတို့ လောင်းလုံးမြို့နယ်က ပန်းတင်အင်းရွာ ရှစ်ပန်ဒတ် နတ်ပွဲသို့ လာမကြည့်သင့်ပါ။ စခန်းသစ်ဟု ခေါ်သော ရှစ်ပန်ဒတ် နတ်ဒိုးသံအောက်တွင် မည်သူမဆို နတ်ဝင်ပူးနိုင်သောကြောင့် ဖြစ်ပါသည်။
ထို့ပြင် နတ်ကိုးကွယ်ယုံကြည်မှုကို လက်မခံသူ၊ နတ်ဝင်ခြင်းကို အကဲစမ်း ချင်သူ၊ ကိုယ်နှုတ် စောင့်စည်းမှု အားနည်းသူတို့ကိုလည်း ရွာသူရွာ သား တို့က တာဝန်မယူပါ။ ရှစ်ပန်ဒတ်ရွာ ရှင်နတ် စွမ်းလှ၊ ကြမ်းလှကြောင်း ရွာသူ ရွာသားအားလုံး လက်ခံထားကြပြီး ထိုနယ် တစ်ဝိုက်တွင် နာမည်ကြီးလှသည်။

ယခုနှစ် တပို့တွဲလဆန်း ၁၅ ရက်နေ့တွင်လည်း ယင်းရွာမှ အပျိုမ လေးတစ်ဦး အအနတ် ဝင်ပူးကာကရင်း ပွဲမင်းသားလေးတစ်ဦးကို ဖက်နမ်းနေ သည်။ ရွာသူရွာသားများကတော့ ရင်ကို ဖိကာ အပျိုမလေးကို ကြည့်နေကြသည်။
“အဲဒါ အပျို နုနုထွတ်ထွတ်လေးပါ တော်၊ ဒီနှစ်မှ နတ်ဝင်ဖူးတာ” ဟု နှမြောသည့်လေသံဖြင့် ပြောသည်။
ထိုနတ်ပွဲတွင် နတ်ဝင်သူအများစုက နတ်ကတော် လုပ်စားနေသူများ မဟုတ် ပါ။ သာမန် အရပ်သားအရပ်သူများသာ ဖြစ်ပါသည်။ လာကြည့်သည့် ပရိသတ် လည်း ဝင်ပူးတတ်သည်။

“လိပ်ပြာ လှရင် ပူးတတ်တယ်” ဟု ပရိသတ်တစ်ဦးက ဆိုကြသည်။
ယင်းသို့ နတ်ကတော် မဟုတ်ပါဘဲ မထင်မှတ်သူတို့ နတ်ဝင်တတ်သည်က ရှစ်ပန်ဒတ်နတ်ပွဲ၏ သင်္ကတေ တစ်ခု။
— — —
နေ့လယ် ၁၂ နာရီကျော်ကတည်းက အထက်ပါအပျိုမလေးနှင့် အမျိုးသမီး တစ်ဦး ရွာရှင်ဘိုးဘိုးနတ်ကွန်းနှင့် မနီး မဝေးအိမ်တွင် လှဲလျောင်းနေကြသည်။ နှစ်ဦးစလုံး ပန်းတင်အင်းရွာဇာတိများ ဖြစ်ကြသည်။

‘ယှဉ်နေပြီ’ ဟု ဆိုကြသည်။ နတ်ဝင် ပူး ယှဉ်တွဲနေပြီဟု ဆိုလိုဟန်တူသည်။
နေ့လယ် ၁ နာရီခန့်တွင် မိမိစိတ် ကို မိမိ ထိန်းချုပ်ရန် မစွမ်းသာဘဲ တစ်စုံတစ်ရာက မိမိခန္ဓာကို အနိုင်ယူဦးဆောင်ခံလိုက်ရဟန်တူဖြင့် အပြင်း အထန် အော်ဟစ်လူးလိမ့်လာကြသည်။ ထိုအခါ ရွာသားများက ထိုအမျိုးသမီး ငယ်နှစ်ဦးကို နတ်ကွန်းရှိရာသို့ မချီသွား ကြသည်။
နတ်ကွန်းတွင် နတ်စင် ၄ စင်ရှိပြီး အင်္ဂတေ၊ သစ်များဖြင့် တင့်တယ်စွာ ဆောက်ထားသည်။ နတ်ကွန်းရှေ့ကွက် လပ်တွင် ယာယီမဏ္ဍပ် ဆောက်ထားပြီး ကလေးနှင့် လူကြီးအချို့ ရှိနေသည်။

ယင်းနတ်ကွန်းများရှေ့တွင် အုန်းငှက်ပျောကန်တော့ပွဲများ အစီအရီ ပူဇော်ထားသည်။ အထူးသဖြင့် လှေပိုင် ရှင်တို့က လာရောက်ပူဇော်ထားခြင်း ဖြစ် သည်။ ကန်တော့ပွဲတွင် ထွန်းညှိထား သည့် အမွှေးတိုင်မှထွက်လာသော မီးခိုး ငွေ့များက နွေနေ့လယ်ကိုပင် ရီဝေအုံ့မှိင်း။
အထက်ပါ အမျိုးသမီးငယ်နှစ်ဦး နတ်ကွန်းမဏ္ဍပ်သို့ ရောက်သောအခါ တစ်ဦးက”အပါးပါး၊ အားပါအပါ”ဟု အော်ကာ ခုန်ဆွခုန်ဆွ လုပ်နေသည်။ ဆိုင်းမတီးပေး၍ဟု ဆိုကြသည်။ တစ်ဦး က တစ်ဟီးဟီးညည်းကာ သဲပြင်တွင် ခင်းထားသည့် တာလပတ်ပေါ် လူးလိမ့် နေသည်။ ဝင်ပူးနေသည့်နတ်များမှာ ထားဝယ် တောင်သုံးလုံးမှ အအနတ်နှင့် ထိုအအနတ်ခေါ်လာသော နဂါးနတ်ဟု ဆိုကြသည်။
မဏ္ဍပ်ထဲ ရောက်နေသည့် အမျိုး သမီးကြီးအချို့က နတ်ဝင်နေသူနှစ်ဦး ၏ နဖူးနှင့် ခါးတို့တွင် အနီအဖြူပိုင်းများ စည်းနှောင်ပေးခြင်း၊ ရေမွှေး၊နံသာများ ဆွတ်ဖြန်းပေးခြင်းတို့ ပြုလုပ်သည်။

နဂါးနတ်ပူးနေသည့် အမျိုးသမီးကို မူ နတ်ကွန်းနဘေး ရေကန်ငယ်တွင် ရေ မကြာခဏ နစ်ပေးနေရလေသည်။
ကလေးတစ်သိုက်က ဗုံများ၊ ကြေး မောင်းများ သယ်လာကြသည်။ ယခုနတ် ပွဲအထိမ်းအမှတ် ညဘက်ကသည့် နတ်ကွန်းအနီးရှိ ဇာတ်ပွဲမှ သယ်လာခြင်း ဖြစ်သည်။ ဆိုင်းဆရာများကလည်း ရောက်လာသည်။
ပရိသတ်လည်း တစ်စစ ပိုများလာ သည်။ နတ်ဒိုးသံ မစမီပင် အမျိုးသမီး အချို့ ခုန်က၍ တစ်မျိုး၊ ယိုင်နဲ့၍ တစ်ဖုံ မဏ္ဍပ်ဝင်းထဲ နတ်ဝင်ကာ ရောက်လာကြ သည်။ နတ်ဝင်သူတို့ အလွယ်တစ်ကူ ဝင်နိုင်ရန် ပရိသတ်က လမ်းဖောက် ပေးထားရသည်။
နတ်ဒိုးသံ စသော် နတ်ဝင်သူ လေး ငါးဦးခန့်ပင် ရှိနေပြီ။

အသက် ၂၁ နှစ်အရွယ် ကိုမင်းနိုင်ဦး က နတ်ပွဲအတွင်း စူးစူးရဲရဲစိုက်ကြည့်ပြီး တစ်ဟုန်ထိုး ခုန်ဝင်လိုက်သည်။ သူ့ကို အမွှေးနံ့သာများ ဖြန်းပေးကြသည်။ သူ့တွင် ဝင်ကသည့် ဦးရှင်ကြီးစီးသည့် ‘ကျားနတ်’။
“လူပျိုပဲဗျာ ရှက်တာပေါ့..၊ ရှက်လို့ လည်း သတိရတာနဲ့ ချက်ခြင်း အိမ်ပြန် ပြေးလာတာပေါ့” ဟု ကိုမင်းနိုင်ဦးက နတ်ပွဲအပြီးတွင် ပြောသည်။
ကိုမင်းနိုင်ဦး ကျားနတ်ဝင်သည်က ယခုနှစ်သည် ဒုတိယမြောက်နှစ် ဖြစ် သည်။ သူလည်း အများနည်းတူ နတ်ဝင် သူဖြစ်မည်ဟု ထင်မှတ်မထားခဲ့ကြောင်း ဖွင့်ဟသည်။ နတ်ဝင်မည့်နေ့ နံနက် ၄ နာရီခန့်တွင် မောင်ရှင်(ဦးရှင်ကြီးနတ်)က မွန်းတည့်ချိန် နတ်ပွဲသို့ ဆင်းခဲ့ရန် အိပ်မက်လာပေးသည်ဟု သူက ပြော သည်။ နေမွန်းတည့်လာလျှင် ဝေမှိုင်းကာ နေထိုင်မကောင်း ဖြစ်လာပြီး ကိုယ့် ကိုယ်ကို သိလာသဖြင့် နတ်ကွန်းရှိရာ ဘက်သို့ သွားခဲ့ရာ နတ်ကွန်းကို မမြင်မီ ပင် သတိလွတ်သွားခဲ့ကြောင်း ဆိုသည်။

နတ်ဝင်နေချိန်တွင် အသိစိတ် လုံးဝ လွတ်သွားခြင်းမျိုးမဟုတ်ဘဲ ကိုယ်အသိအားလုံးကို မှတ်မိသိရှိ နေကြောင်း၊ တစ်ခါတစ်ခါ သတိကောင်း စွာရစဉ် ရေမွှေးဆွတ်လိုက်က သတိ လုံးဝနည်းနည်းပြန်လွတ်သွားတတ် ကြောင်း ၎င်းက ပြောသည်။
ထိုနေ့နတ်ပွဲတွင် သူက ပါးစပ်တွင် စတီးဇလုံကြီးကိုက်ကာ ပရိသတ်ကြား ငွေ အလှူခံခဲ့သည်။
မောင်ရှင်(ဦးရှင်ကြီးနတ်)ဝင်သော အခါ ကျားက မောင်ရှင်အနီးတွင် ကပ်နေ လေသည်။ မောင်ရှင်က စောင်းတီးသည်။
“မောင်ရှင်မှာက မယ်ဒလင်လည်း မရှိဘူး”ဟု လူငယ်တစ်ဦးက ပြောသည်။

မောင်ရှင်နတ် ထွက်ခါနီးတွင် ရွာသားနှစ်ဦးက စောင်းကြီးတစ်လက် ဆိုင်ကယ်ဖြင့် သယ်လာသည်။ သို့သော် မောင်ရှင်နတ်ဝင်သူက မောင်ရှင်နတ် ထွက်ကာ ရွာရှင်မောင်ထွန်းအောင်နတ် ဝင်နေလေပြီ။
ရွာရှင်မောင်ထွန်းအောင်နတ်ကား ဝင်သည်နှင့် စကြမ်းတော့သည်။
“စောင်းလည်း ပြန်ယူသွား။ ဆိုင်ဝိုင်းလည်း သိမ်းလိုက်တော့။ ဇာတ်ပွဲ လည်း မကနဲ့တော့ အားလုံးဖျက်လိုက် တော့” စသဖြင့် အမိန့်ပေးတော့သည်။
ဆိုင်းဝိုင်း နောက်ကျခြင်း၊ စောင်းနောက် ကျခြင်း၊ မင်းသမီးမင်းသားများ ယခု ကနေသည့် မဏ္ဍပ်သို့ လာရောက် မကခြင်းတို့ကြောင့် စိတ်ဆိုးနေခြင်း ဖြစ်ကြောင်း သိရသည်။ သူနှင့်တကွ သူ့ရွာသို့ လာရောက်ပျော်ပါးသည့် နတ်အပေါင်းကို မလေးမခန့်ပြုသည်ဟု ကြိမ်းမောင်းနေသည်။

ရွာသားများ ချော့ကြရသည်။ မင်းသမီးမင်းသား ပြေးခေါ်ကြရသည်။
“ခေါင်းဆောင်မင်း သမီးတစ် ယောက်ခေါ်ခဲ့ဖို့ (နတ်အချင်းချင်း) တိုင်ပင်နေကြလို့ မလုပ်ပါနဲ့လို့ တားခဲ့ ရသေးတယ်”ဟု နတ်ပွဲတွင် ကူညီနေသူ တစ်ဦးက ပြောသည်။
ယင်းမောင်ထွန်းအောင် နတ် မတိုင်မီ ဖိုးဘဝေးနတ် ရွာရှင်ဖြစ်နေစဉ် က ခေါင်းဆောင်မင်းသမီးတစ်လက် ခေါ်ခဲ့ ဖူးကြောင်း ရွာသားများက ဆိုကြသည်။

ခေါင်းဆောင်မင်းသမီးအမည်က ‘ရှမ်းမလေး မထွေးကြည်’။
ထိုစဉ်က နတ်ကွန်းမှာ ချောင်း တစ်ဖက်ကမ်းတွင်ဖြစ်ပြီး ဇာတ်ပွဲကို လှေဖြင့် ကူးရသည်။ လှပလွန်းသော ‘ရှမ်းမလေး မထွေးကြည်’အား ဘဝေးက မျက်စိကျပြီး ယူမည်ဟုကြွေးကြော် ခဲ့သည်။
ဇာတ်ပွဲအပြန်တွင် လှေမှောက်ကာ ရှမ်းမလေး မထွေးကြည်တစ်ဦးတည်း သေဆုံးခဲ့သည်။ ထို့ကြောင့် ရွာသား များက ဘဝေးယူလိုက်ပြီဟု ဆိုကြသည်။

ဘဝေးနတ်က ကြမ်းသည် စွမ်း သည်။ တစ်နှစ်တွင် ပွဲပါမစ် (ခွင့်ပြုချက်) မရသဖြင့် ဘဝေးနတ်က “ပါမစ်ရစေရ မည်၊ ပါမစ်ပေးသူဆီ သွားသာ သွားပါ”ဟု ရွာသားများကို ပြောသည်။ ရွာသား များက ပွဲပါမစ်ပေးသူ (ထားဝယ်မှ ဗျူဟာ မှူးဟု ဆိုကြသည်) ထံ သွားရာ ထိုသူ၏ လည်ပင်းတစ်ဖက် လိမ်နေသည်ဟု ဆိုကြ သည်။ ပါမစ်လက်မှတ် ထိုးပေးမှ လည်ပင်း ပြန်တည့်သည်ဟု ပြောကြသည်။
ယုံသည်မယုံသည်အပထား၊ မေးမိ သည့် ရွာသားအားလုံး ရှစ်ပန်ဒတ်နတ် ကြမ်းသည် စွမ်းသည်ကို အသိအမှတ် ပြုကြသည်။ သူခိုးပင် ဖမ်းပေးနိုင်သည် ဆိုကြသည်။

ယခုနတ်ပွဲတွင် ရှမ်းမလေး မထွေး ကြည်နတ်လည်း လာကသည်။ ယခင်က ကတတ်ဟန်မတူသော သူတို့ရွာသူထံ မင်းသမီးနတ်ဝင်ပူးကာ ကွေးနေအောင် ကသည်ကို ရွာသားများက ပါးစပ် အဟောင်းသားဖြင့် ကြည့်ကြသည်။
ပွဲမင်းသမီး၊ မင်းသားများလည်း အိပ်မှုန်စုံဖွားဖြင့် လာကကြသည်။
အအနတ်၏ခေါ်လာသည်ဆိုသော နဂါးနတ်ကလည်း လူးလိမ့်ရင်း မင်းသား ကို နှင်းဆီပန်း လိုက်ပေးနေသည်။ အအနတ်(အပျိုမလေး)က မင်းသား၏ပါးကို တရွှတ်ရွှတ် နမ်းသောအခါ ရွာသား များက ပါးစပ်ဟောင်းကြရသလို မင်းသားလေးကလည်း ရှက်ရွံ့ရွံ့။
မင်းသမီးတစ်ဦးက မထင်မှတ်ဘဲ ကျားနတ်ဝင်ကာ ဘဝေးနတ်ထံမှ အမွေဆက်ခံထားသော ရွာရှင်နတ်မောင် ထွန်းအောင်အပါးတွင်ကပ်နေလေရာ မောင်ထွန်းအောင်နတ်က ရှုတည်တည်။

နတ်ဒိုးသံအောက်တွင် ပျော်ပါးစွာ ခုန်ကနေသည့် နတ်ဝင်သူရွာသူရွာသား တို့က အချိန်ကြာလေ ပိုများလာလေလေ။ အချို့က နတ်ပြန်ထွက်သွားလျှင် နတ်ပွဲ မှ ဝေးရာသို့ ထွက်ပြေးသွားတတ်သည်။ ရှက်၍ဟူ၏။
ရှစ်ပန်ဒတ်နတ်ကွန်းတွင် နတ်ဝင် သူနှင့် နတ်အမျိုးအစားတို့ တစ်နှစ် ထက်တစ်နှစ် နည်းပါးလာကြောင်း ရွာသားတို့က ဆိုကြသည်။ ယခင်က ရွှေဖျင်းညီနောင်မှအစ ပင့်ဖိတ်ခဲ့ဖူး သော်လည်း ယခုတွင် နတ်အဝတ် အစားဖိုးမတတ်နိုင်ခြင်း၊ ရပ်ရွာမှ စိတ်ဝင် စားမှု အားနည်းလာခြင်းများကြောင့် ဆုတ်လျော့လာခြင်းဖြစ်ကြောင်း ရွားသားများက ပြောကြသည်။

ထို့ပြင် နတ်တို့ကလည်း အစွမ်း ပြမှု နည်းလာကြောင်း အသက် ၄၁ နှစ်အရွယ် ပန်းတင်အင်းရွာသား တစ်ဦးက ပြောသည်။
“ငယ်ငယ်ကဆို ဓါးနဲ့ ကိုယ်ကို လှီးပြီး လက်နဲ့ သပ်လိုက်ရင် ဒဏ်ရာ ချက်ချင်း ပျောက်တာတို့ လုပ်ပြတာတွေ၊ သူခိုး ဖမ်းပေးပါတိုင်ရင် သူခိုးကသွေးအန်ပြီး ပြေးလာဝန်ခံရတာတွေ ရှိခဲ့တယ်”ဟု အထက်ပါရွာသားက ပြောသည်။
ထားဝယ်ခရိုင်အတွင်း ရွာရှင် နတ်ပွဲအချို့တွင် ရွာသားတို့ နတ်ဝင် မှုများရှိခဲ့သော်လည်း ယခုမူ တဖြေးဖြေး ပါးလာကာ အချို့ရွာများတွင် လုံးဝ နတ်မဝင်တော့ပေ။
မြိတ်တွင်လည်း အလားတူ။

နတ်လာရောက်ကကြသူတွေ လွန်ခဲ့သော ၁၀ နှစ်ကထက် နည်းပါး လာပြီး ကန်တော့ပွဲပေးသူမှာ ပုံမှန် အတိုင်းပင်ရှိကြောင်း မြိတ်မြို့ထားဝယ် ကမ်း ရပ်ရွာရှင်နတ်ကွန်းနံဘေး ထီးပြင် ဆိုင်ဖွင့်ထားသူ ဦးမြင့်စန်းကပြောသည်။
“ဒီတစ်ရပ်ကွက်လုံးက တံငါသည် တွေဆိုတော့ လှေဝင်လှေထွက်ပွဲလာ ဆက်ကြတဲ့ သူတွေက ပုံမှန်အတိုင်း ပဲရှိနေသေးတယ်”ဟု ဦးမြင့်စန်းက ပြောပြသည်။

ကော့သောင်းမြို့ရှိ ရှင်ကြီးမော်ရွာ ရှင်နတ်ကွန်းတွင်မူ သူ့အုပ်စုနှင့်သူ လာရောက်ကကြပြီး ပွဲကြည့်ပရိသတ် များ နတ်ဝင်ကြသည်များလည်း ရှိနေဆဲဖြစ်ကြောင်း ယင်းနတ်ကွန်းမှ နတ်ကသူ ဒေါ်နုနုဆွေ က ပြောသည်။
“ဒီနတ်နန်းမှာတော့ မြို့တော်ရှင်ဘိုးဘိုးနတ်ကမြို့ခံအနေနဲ့ ဦးစား ပေးကကြတာ။ ဘိုးဘိုးနတ်က နတ်တော် လဆို စကကြပြီး၊ ရပ်ကွက်ထဲက လာကချင်လည်း ဒီနတ်နန်းမှာ ကကြတယ်။ ၃၇ မင်းလည်း ကတယ်၊ အရင်နဲ့ဘာကွာလဲဆို တော့သိသိ သာသာမပြောင်းပါဘူး”ဟု အသက် ၆၃ နှစ်အရွယ်ရှိ ဒေါ်နုနုဆွေက ပြောသည်။

မည်သို့ဆိုစေ တနင်္သာရီတိုင်း အတွင်း နတ်ကတော်မဟုတ်သည့် ရွာသားနတ်ဝင်သူတို့၏ နတ်ကပွဲများ ကြည့်နေရဦးမည်သာ။