စဉ်း စားချိန်တန်ပြီ

0
436

၂၀၁၅ခုနှစ် အထွေထွေရွေးကောက် ပွဲမှတစ်ဆင့် နိုင်ငံရေးအာဏာရရှိလာ သော အစိုးရအဖွဲ့အတွင်း လတ်တလော အခြေအနေတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည်ကို ထင်ထင်ရှားရှား တွေ့ရသည်။ သက်တမ်းကာလ ၂နှစ် အကြာတွင် မိမိတို့အစိုးရအဖွဲ့၏ လုပ် ဆောင်ချက်များကို ပြန်လည်သုံးသပ်ပြီး ပိုမိုစွမ်းဆောင်နိုင်ရေး လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည် ကို ကြိုဆိုရပါမည်။
ဒီမိုကရေစနစ်တွင် အချုပ်အခြာအာ ဏာ၏ ပိုင်ရှင်အစစ်အမှန်မှာ ပြည်သူ လူထုကသာလျှင် ဖြစ်သည်။ တနည်းအား ဖြင့် အစိုးရသည် ပြည်သူလူထုကိုအလုပ်အကျွေးပြုရန် သက်တမ်းကာလ တစ်ခု သတ်မှတ်၍ တာဝန်ပေးထားသော ယန္တရားတစ်ခုသာ ဖြစ်သည်။ သို့ကြောင့် ပြည်သူ့အကျိုးစီးပွားကို ထိရောက်အောင် မစွမ်းဆောင်နိုင်ပါက အချိန်မရွေး တာဝန် မှ ပြန်လည်ရုတ်သိမ်းနိုင်ကြောင်းကို အထူးပြောရန် မလိုပါ။

ထိုသို့ တာဝန်ပြန်လည်ရုတ်သိမ်းနိုင် သော အခွင့်အရေးသည် အစိုးရအဖွဲ့တွင် သာမက မိမိတို့ကို မဲပေးရွေးချယ်ထား သော ပြည်သူထံတွင်လည်း အပြည့်အဝ ရှိကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ- ၃၉၆(က)တွင် အတိအလင်း ဖော်ပြထားသည်။
ပြည်သူ့ဆန္ဒမဲဖြင့် ရွေးချယ်တင် မြှောက်ခံရသော ဒီမိုကရေစီအစိုးရတစ်ရပ် အနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်ကို ပြီးမြောက်အောင် လုပ်ကိုင်ရုံသာမက မိမိတို့၏ လုပ်ဆောင်ချက်များသည် ပြည်သူ့လိုအင်ကို မည်၍မည်မျှ ဖြည့် ဆည်း ပေးနိုင်ခြင်းရှိသည်/မရှိသည်ကို လည်း အမြဲမပြတ်လေ့လာသုံးသပ်နေ ရမည် ဖြစ်သည်။ မိမိတို့သည် ပြည်သူ တို့၏ အခွင့်အရေးများ၊ နစ်နာ မှုများကို ဆောင်ရွက်ပေးပါမည်၊ ကာကွယ်ပေးပါ မည်ဟူသော ကတိ ကဝတ်များဖြင့် အစိုးရ တစ်ရပ်ဖြစ်လာခဲ့သည်ကို မမေ့သင့်ပါ။

အစိုးရ၏ ဆောင်ရွက်ချက်တိုင်းကို ပြည်သူအားလုံးက လက်ခံကျေနပ်ရန် မလွယ်ကူပါ။ ထို့အတူ အရာခပ်သိမ်း ပြည်သူ့အားလုံး ကျေနပ်လက်ခံနိုင် အောင် အစိုးရက အကောင်အထည်ဖော် ရန်လည်း များစွာ အခက်အခဲရှိပေမည်။ သို့ရာတွင် ပြည်သူ့လိုအင်(ပြည်သူ့ဆန္ဒ)နှင့် ကင်းကွာသော လုပ်ငန်းများကို ရေရှည်အကျိုးအတွက် မဖြစ်မနေ လုပ် ဆောင်ရန်ရှိလာပါက အကြောင်းအကျိုး ခိုင်လုံစွာ အချိန်နှင့်တပြေးညီ ထုတ်ပြန် ရှင်းလင်း အသိပေးရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည်ပင်လျှင် အ စိုးရတစ်ရပ်၏ ပွင့်လင်းမြင်သာမှု၊ တာ ဝန်ယူ တာဝန်ခံမှုရှိခြင်း၊ တစ်နည်းဆို သော် အစိုးရတစ်ရပ်၏ အရည်အချင်းဟု ဆိုနိုင်ပါသည်။
ပြည်သူတို့၏ အခြေခံအခွင့်အရေး များအနက် သတင်းရယူပိုင်ခွင့် (သိပိုင်ခွင့်)သည် အနှစ်သာရဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းတွင် အပိုဒ်(၁၉)အဖြစ် ဖော်ပြထားသည့် အချက်လည်းဖြစ် သည်။ အစိုးရက ခွဲဝေချထားသုံးစွဲမည့် ဘဏ္ဍာငွေများ (ဘတ်ဂျတ်များ)၊ စီမံကိန်း များကို ပြည်သူများ သိခွင့်ရှိသည်။ အထူး သဖြင့် စီမံကိန်းများ အကောင်အထည် ဖော်မှုအပေါ် စောကြောခွင့်ရှိသည်။

ယေဘူယျအားဖြင့် လူတို့၏လို အင်ဆန္ဒ(လိုအပ်ချက်)များသည် အတိုင်း အတာ အကန့်အသတ်မရှိသော်လည်း ၄င်းတို့ကို ဖြည့်ဆည်းပေးရမည့် အရင်း အမြစ်များမှာ အတိုင်းအတာ အကန့် အသတ်ရှိသည်။ ထို့ကြောင့် မည်သို့ မည်ပုံ အကောင်အထည်ဖော်ဆောင်ရွက် မည်၊ မည်သည့်အချိန်တွင် စတင်ဆောင် ရွက်မည်၊ အရင်းအနှီးကို မည်သူတွေက မည်မျှထည့်ဝင်ကြပြီး အကျိုးအမြတ်ကို မည်သို့ခွဲဝေ ခံစားကြမည် စသည့် အသေးစိတ် တွက်ချက်ရေးဆွဲစီမံထား သော စီမံကိန်းများကို ပြည်သူများ သိပိုင်ခွင့်ရှိသည်။ သဘောထားကွဲလွဲ ခွင့်ရှိသည်။

လက်ရှိအခြေအနေတွင် ကျွန်တော် တို့ဒေသကို တာဝန်ယူနေသော အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများအကြား စီမံ ကိန်းများအပေါ် မကျေမလည်ဖြစ်နေကြ သည်ကို တွေ့ရှိရသည်။ မီဒီယာများ၏ဖော်ပြချက်အရ လွှတ်တော်ကိုယ်စားလှယ် များပင် အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများကို သေချာ စွာ မသိရှိကြကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့၏ ယူဆချက်များမှာ တစ်ယောက်တစ်မျိုးစီ ဖြစ်နေကြကြောင်း ကြားသိရသည်မှာ ကောင်းမွန်သော လ က္ခဏာ မဟုတ်ပါ။ ဒီမိုကရေစီ သဘော တရားအရ အချိန်မရွေး ပေါက်ကွဲနိုင် သော အနေအထား ဖြစ်ပါသည်။
စီမံကိန်းများနှင့်ပတ်သက်ပြီး ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၅၁တွင်
“တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စု အစိုးရက ချမှတ်ထားသည့် မူဝါဒများ နှင့်သော် လည်းကောင်း၊ ပြည်ထောင်စု ဥပဒေများနှင့်သော်လည်းကောင်း မဆန့် ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ် လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘောတူ ညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရမည်”
ဟုဖော်ပြထားသည်။

ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ- ၃၃ တွင်လည်း စီမံကိန်းများနှင့် ပတ်သက်၍ ထိုနည်းအတိုင်းပင် ပြဌာန်းဖော်ပြထား သည်။
ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ် များပင် မသိရှိရသော စီမံကိန်းများသည် မည်မျှပင် အကျိုးရှိစေကာမူ သီအိုရီအရ ရော ဥပဒေအရပါ လုံးဝမှားယွင်းပါသည်။ ပွင့်လင်းမြင်သာမှုမရှိသော၊ တာဝန်ခံ မှုမရှိသော စီမံကိန်းများသာ ဖြစ်သည်။ အကောင်အထည်ဖော်ပြီးမှ (ဝေဖန်သံ ကျယ်လောင်လာမှ) ရှင်းလင်းပြမည်ဆို ပါက မရိုးသားခြင်းသာ ဖြစ်ပါမည်။

အများအားဖြင့် စီမံကိန်းများသည် နိုင်ငံတော်၏အရင်းအမြစ်များကို တစ် နည်းနည်းဖြင့် သုံးရတာချည်းပင် ဖြစ်ပါ သည်။ တိုက်ရိုက်အသုံးချခြင်းနှင့် သွယ် ဝိုက်အသုံးချခြင်း (သို့မဟုတ်) နည်းနည်း အသုံးချခြင်းနှင့် များများအသုံးချခြင်း သာ ကွာပါသည်။ ပြည်သူ့ဘဏ္ဍာငွေဖြင့် နိုင်ငံတော်၏အရင်းအမြစ်ကို တိုက်ရိုက် သုံးစွဲဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ဆိုပါက ဆိုဖွယ်ရာ မရှိတော့ပါ။
ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏အရင်းအနှီးဖြင့် ဆောင်ရွက်မည့် အများပြည်သူနှင့် သက်ဆိုင်သော စီမံ ကိန်းများအတွက် လွှတ်တော်သို့ တင်ပြ ရန် မလိုအပ်သည့်သဘောမျိုး အစိုးရအ ဖွဲ့ဝင်များ ကိုယ်တိုင်က ပြောဆိုနေ ကြောင်း ကြားသိရသည်မှာ အလွန်ဝမ်း နည်းဖွယ် ဖြစ်ပါသည်။

အစိုးရနှင့် လွှတ်တော်အကြား ပွတ် တိုက်တတ်သည်မှာ ဒီမိုကရေစီစနစ်၏ သဘာဝတစ်ခု ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး အားပြိုင်မှုမျိုး မဖြစ်စေရန်သာ သတိပြုရ ပါမည်။ ပုဂ္ဂိုလ်ရေးအားပြိုင်မှုသည် ဒီမို ကရေစီမဟုတ်ကြောင်း၊ တိုင်းပြည် အတွက်၊ အဖွဲ့အစည်းအတွက်၊ မိမိတို့ ကိုယ်တိုင်အတွက်ပါ နစ်နာဖွယ်သာ ဖြစ် ကြောင်းကို ပြီးခဲ့သော အစိုးရ၏ ထိပ်သီး ခေါင်းဆောင်များက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့ဒေသတွင် အစိုးရနှင့် ပြည်သူအကြား စီမံကိန်းများကိုအ ကြောင်းပြုကာ မကျေလည်မှုများ မကြာ ခဏ ဖြစ်ပေါ်နေခြင်းသည် အစိုးရအဖွဲ့က ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ အပေါ် နားလည်မှု စွမ်းရည်ကြောင့်ဟု ယူဆနိုင်ပါသည်။ ထားဝယ်ဒေသတွင် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်ခွင့်ချထား ပေးခြင်း၊ ငါးလေလံဈေး အကောင်အ ထည်ဖော်ခြင်းတို့နှင့် ပတ်သက်ပြီး အတိုင်း အတာတစ်ခုအထိ ပွက်လောရိုက်ခဲ့ ပါသည်။ ထိုစီမံကိန်းများသည် အများ ပြည်သူနှင့် တိုက်ရိုက်သက်ဆိုင်သော စီမံကိန်းများ ဖြစ်သည်။ ပြည်သူတို့ ၏ နေ့စဉ်လူနေမှုဘဝနှင့် ဆက်နွယ်မှု ရှိပါ သည်။ နောက်ဆက်တွဲ မေးခွန်းပေါင်း များစွာ ရှိသည်။

ပိုပြီးစိတ်ပျက်ဖွယ်ကောင်းသည်မှာ အစိုးရရော လွှတ်တော်ပါ အရေးကိစ္စများ ကြုံလာတိုင်း အချင်းချင်းနှီးနှောတိုင်ပင် ခြင်းမရှိကြဘဲ အထက်လူကြီးကို ပြော ပြီးပြီဆိုသည့် ကိစ္စဖြစ်ပါသည်။ အထက် လူကြီးများသည် မူဝါဒချမှတ်သူများ ဖြစ်ကြပြီး မိမိအား ပေးအပ်သော တာ ဝန်များ အောင်မြင်လျှင် ချီးကျူးမည်၊ မအောင်မြင်ဘဲ ပြဿနာပေါ်လျှင် အပြစ် တင် အရေးယူမည်။ မူဝါဒနှင့်အညီ လက်တွေ့အကောင်အထည်ဖော်ကြ မည့်သူများမှာ မိမိတို့ကိုယ်တိုင် ဖြစ်ပါ သည်။ ချောမောစွာ အောင်မြင်ပြီး မြောက်ခြင်းသည် မိမိတို့၏ အရည်အချင်း သာဖြစ်ပါ သည်။ ဥပဒေနှင့်ညီညွတ်မှုမရှိ၊ လုပ်ဖော် ကိုင်ဖက်များကလည်း သဘောမတူ၊ ဒေသခံ ပြည်သူကလည်း မထောက်ခံသော လုပ်ငန်းစီမံကိန်း များသည် အထက်လူကြီးများက မည်မျှ ပင် ခွင့်ပြုစေကာမူ အောင်မြင်ရန် မလွယ် ကူပါ။

အချိန်ကာလသတ်မှတ် ချက်ရှိ သော မိမိတို့၏အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အရင်းအမြစ်များကို သုံးစွဲ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်း များသည် နောင်အချိန်ကာလများစွာ တိုင်အောင် ပြည်သူအများစုကို အမှန် တကယ် အကျိုးပြုမှုရှိရန် လိုအပ်ပါ သည်။ ထိုသို့မဟုတ်ဘဲ ပြည်သူတို့၏ ထောက်ပြဝေဖန်မှုကို မျက်ကွယ်ပြု၍ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆောင်ရွက်ကြမည်ဆိုပါက ပြောင်းလဲ ချိန်တန်ပြီဟုြွေကးကြော်လာခဲ့ကြသူ များကို ပြည်သူများကလည်း အားနာ ပါးနာ ပြန်လည်ပြောကြရမည်မှာ “စဉ်း စားချိန်တန်ပြီ”ဟုသာ ဖြစ်ပါသည်။