တနင်္သာရီ-ဗောဓိကမ်း ကူးတို့ ကူးခနှုန်းထားများ ပြောင်းလဲမည် မဟုတ်

0
474

တနင်္သာရီမြို့နှင့် တစ်ဖက်ကမ်းရှိ တနင်္သာရီ-ဗောဓိကမ်းကူးတို့ ကူးခနှုန်း ထားများ ပြောင်းလဲမည်မဟုတ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေက ပြောသည်။

အဆိုပါ ကူးတို့လေလံ ကြမ်းခင်း ဈေးမှာ ကျပ်သိန်းတစ်ထောင်ကျော်ဖြစ် နေသည့်အတွက် ကူးတို့နှုန်းထားများ တိုးမြှင့်ပြောင်းလဲ ကောက်ခံမည်ကို တနင်္သာရီမြို့ခံတစ်ချို့က စိုးရိမ်မှုတစ်ချို့ ရှိနေသည့်အပေါ် ဦးမင်းဝေက ယင်း သို့ ပြောဆိုခြင်း ဖြစ်သည်။
“နှုန်းထားတွေ မပြောင်းပါဘူး။ မနှစ်ကအတိုင်းပါပဲ”ဟု ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဝေက ပြောသည်။
ယမန်နှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် ကြမ်းခင်းဈေးမှာ ကျပ်သိန်း လေးရာကျော်သာရှိပြီး ကျပ် တစ်သိန်း တစ်ထောင်ကျော်ဖြင့် လုပ်ငန်းရှင်တစ် ဦးက လေလံအောင်မြင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးထံမှ သိရသည်။

လက်ရှိတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်ဖြစ်သည့် ဧပြီလ ၄ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ၆ လ အတွက် ကြမ်းခင်းဈေးနှုန်းမှာ ကျပ် သိန်းတစ်ထောင်တစ်ရာတစ်သိန်း ဖြစ် ကြောင်း ယင်းရုံးထံမှ သိရသည်။
အဆိုပါ တနင်္သာရီ-ဗောဓိကမ်း ကူးတို့လိုင်စင် အပါအဝင် ကူးတို့ လိုင်စင် ၁၀ ခု၊ ဆိပ်ကမ်းရောက် ရေယာဉ်ခွန်၊ ဈေးကောက်လိုင်စင်၊ မြို့မဈေးယာဉ်ရပ် နားခလိုင်စင်နှင့် သားသတ်လိုင်စင် တို့အား ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တင်ရောင်းချသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

တနင်္သာရီ-ဗောဓိကမ်းကူးတို့နှုန်း ထားများမှာ လူကြီးတစ်ဦး ၃၀၀ကျပ်၊ ကလေးတစ်ဦးလျှင် ၁၅၀ ကျပ်၊ ဆိုင် ကယ်တစ်စီး ၄၀၀ ကျပ်၊ စက်ဘီး တစ်စီး ၂၀၀ ကျပ်၊ ကျွဲ / နွား တစ်ကောင် ၇၀၀ ကျပ် ၊ ဝက်။ဆိတ်တစ်ကောင် ၃၀၀ ကျပ် ၊ စပါး ၂ တင်း(တစ်အိတ်) ၂၀၀ ကျပ်နှင့် ဆန် ၂ တင်း(တစ်အိတ်) ၂၀၀ ကျပ် စသဖြင့် သတ်မှတ်ထားကြောင်း စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။