မကြုံကလက်ကျေးရွာ ကမ်းခြေမြေနေရာကိစ္စ ဒေသခံများ စိတ်ပူပန်

0
353

ကော့သောင်းမြို့နယ်၊ စူငယ်ပါ လိုင်းကျေးရွာအုပ်စု မကြုံကလက် ကျေးရွာရှိ ကမ်းခြေမြေများပေါ် စီးပွား ရေးလုပ်ငန်းများက လုပ်ကိုင်ခွင့်ရရန် ကြိုးပမ်းလာသည့်ကိစ္စကို ဒေသခံများက စိတ်ပူလျက် ရှိသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က CB ဘဏ်အုပ်စုနှင့်အတူ ခရိုင် မြေယာစီမံခန့်ခွဲရေးနှင့်မြေစာရင်း ဦးစီးမှူးတို့အဖွဲ့က မကြုံကလက် ကျေးရွာ မြေ ၅၉ ဒဿမ ၈၇ ဧက အတွင်း CB ဘဏ်အုပ်စုက လုပ်ကိုင်ခွင့်ရထားသည် ဆိုသော မြေဧရိယာ ၁၁ ဧကကျော်အား လာရောက် တိုင်းတာခဲ့ပြီးနောက် ယင်း သို့ ပူပန်လာကြခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။

ထို့ကြောင့် မည်သို့မည်ပုံ လုပ် ကိုင်ခွင့် ရရှိထားသည်ကို စိစစ်ပေးပါရန် ကျေးရွာရာအိမ်မှူး ဦးဆောင်ကာ ဒေသခံ ၃၀ ဦး လက်မှတ်ထိုးကာ ကော့သောင်း ခရိုင်မြေယာ စီမံခန့်ခွဲမှုကော်မတီထံ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက စာပို့ထားကြောင်း လက်မှတ်ထိုးရာတွင် ပါဝင်သူများက ပြောသည်။
“ကျေးရွာ အရန်မြေတွေကိုသာ ပိုင်ဆိုင်မှု အထောက်အထား လုပ်ပေးပြီး မြေယာပိုင်ဆိုင်မှု ပေးနေမယ်ဆိုရင် နောက် တိုးလာမယ့် အိမ်ထောင်စု ဦးရေတွေရဲ့ အနာဂတ်အတွက် စိုးရိမ်မိတယ်”ဟု စိစစ်ပေးရန် တောင်းဆိုသူများအနက် တစ်ဦးဖြစ်သည့် ဦးချိုလွန်းက ဆိုသည်။

အဆိုပါမြေကိစ္စနှင့် ပက်သက်၍ မြို့နယ် မြေစာရင်းဌာနသို့ သွားရောက် မေးမြန်းရာ ဖြေကြားခွင့်မရှိကြောင်း မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးအောင်ကျော်မိုး က ပြောသည်။
“မကြုံကလက်ကျေးရွာမှာ လယ်ယာ မြေလုပ်ကိုင်ခွင့်လက်မှတ် ဘယ်သူတွေ ရထားတယ် လျှောက်ထား တယ်ဆိုတာ သိချင်ရင် (တိုင်းအစိုးရထံ ၎င်းတို့ဌာနမှ အစီရင်ခံစာ တင်ပြီးတဲ့အခါ) တိုင်း အစိုးရဆီမှာ ယူတောင်းကြည့်ပါ။ အခုချိန် မှာ ကျွန်တော့်အနေနဲ့ ဖြေကြားခွင့် မရှိလို့ပါ”ဟု ဦးအောင်ကျော်မိုးက ဆို သည်။

မကြုံကလက်ကျေးရွာသည် လန်ပိ အမျိုးသားအဏ္ဏဝါဥယျာဉ် အတွင်းရှိ ဘိုချိုကျွန်းပေါ်တွင်တည်ရှိပြီး ၂၀၁၅ ခုနှစ် ဧပြီလ ၂၈ရက်တွင် မြန်မာ နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ အမိန့်ကြေညာ စာအမှတ် (၄၇၀/၂၀၁၅)ဖြင့် ဧရိယာစုစု ပေါင်း ၅၉ ဒဿမ ၈၇ ဧကကို သဘာဝ နယ်မြေအဖြစ်မှ ပယ်ဖျက်၍ ကျေးရွာပိုင် မြေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း မကြုံ ကလက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။မကြုံကလက်ကျေးရွာတွင် အိမ်ထောင်စု ၂၀၀ နီးပါး(လူဦးရေ ၁၀၀၀ နီးပါး) နေထိုင်ကြောင်း သိရသည်။