ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး တင်ဒါပိတ်ပြီးအချိန် နှစ်ပတ်ခန့် အတွင်း လုပ်ခွင့်ရ ကုမ္ပဏီကို ကြေညာမည်

0
474

ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း လုပ် ဆောင်မည့်ကုမ္ပဏီကို တင်ဒါပိတ်ပြီး အချိန်နှစ်ပတ်ခန့်အကြာတွင် ကြေညာ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း အတွက် အိတ်ဖွင့်တင်ဒါ လျှောက်လွှာ များကို ဇန်နဝါရီလ ၃ ရက်တွင် စတင် ရောင်းချနေပြီး ဖေဖော်ဝါရီလ ၁ ရက် တွင် တင်ဒါပိတ်မည်ဖြစ်သည်။

ဇန်နဝါရီလ ၁၇ ရက်အထိ တင်ဒါ လျှောက်လွှာ လာတင်ထားသည့် ကုမ္ပဏီ ၂ ခုရှိကြောင်း သိရသည်။
လက်ရှိ ထားဝယ်ခရိုင် လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းကို လုပ်ကိုင်နေ သည့်DDPCကုမ္ပဏီနှင့် ချုပ်ဆိုထား သည့် စာချုပ်မှာ ၆ လ ပြည့်ပြီ ဖြစ်သည့် အတွက် အဆိုပါလုပ်ငန်း လုပ်ကိုင်လို သည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးက ဆိုသည်။
“တင်ဒါပိတ်ပြီးတာနဲ့ တစ်ပတ် အတွင်းမှာ ရွေးမယ်။ ကျွန်တော်တို့ စိစစ်ရဦးမှာပေါ့။ စိစစ်ပြီးရင် မှတ်ချက် တွေနဲ့ ကက်ဘိနက် (အစိုးရအဖွဲ့) ကို တင်ပေးရမယ်၊ ကက်ဘိနက်မှာ ဝိုင်း ဝန်း ဆွေးနွေးမယ်၊ ဆွေးနွေးပြီးမှာမှ အတည်ပြုမှာပေါ့”ဟု ဝန်ကြီး ဦးကြည် လှိုင်က ပြောသည်။

DDPC ကုမ္ပဏီ၏ ခရိုင်အတွင်း လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ကိုင်ခွင့် သက် တမ်းကို ၆ လ သတ်မှတ်ထားပြီး နောက် ထပ် ရွေးချယ်မည့် ကုမ္ပဏီ၏ လုပ်ကိုင် ခွင့်သက်တမ်းကိုမူ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
Global Grand Service ကုမ္ပဏီ က လုပ်ကိုင်နေသည့် ထားဝယ်ခရိုင် အတွက် လျှပ်စစ်ထုတ်လုပ်သည့် လုပ်ငန်း ၏ လုပ်ကိုင်ခွင့်မှာ ၅ နှစ် သက်တမ်း ရှိကြောင်း ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းကို ဆက်လုပ်ရန် တင်ဒါဝင်ပြိုင်၊ မပြိုင် ကိစ္စကို ကုမ္ပဏီ၏ ဒါရိုက်တာ အစည်း အဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ပြီး အနည်းဆုံး ၅ နှစ်ခန့် လုပ်ကိုင်ခွင့် ရရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း လက်ရှိ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်နေသည့်DDPCကုမ္ပဏီ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဝင်းက ဆို သည်။
“တင်ထားတဲ့Deposit (စပေါ် ငွေ)ကလည်း ငွေတိုးနဲ့တွက်ရင် မကိုက် ဘူး၊ ဒေသအတွက်ဆိုပြီး အများပိုင် ကုမ္ပဏီအနေနဲ့ ဝင်လုပ်တာ”ဟု ဦးကျော်ဝင်း က ပြောသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီ အနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၏ (ထုတ်လုပ်မှုယူနစ် စုစုပေါင်း _၁၃၀ ကျပ်)၏ ၃ လစာကို တင်ဒါအာမခံ စဘော်ငွေအဖြစ် စာချုပ် ချုပ်ဆိုပြီး ၂ ပတ်အတွင်း တိုင်းအစိုးရအဖွဲ့ရုံးထံ ပေး သွင်းရမည် ဖြစ်သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၏ ထုတ်လုပ်မှု ယူနစ်မှာ ၄၃ သိန်းရှိသည့် အတွက် ငွေကျပ် သိန်းပေါင်း ၁၆၀ဝ၀ ကျော် (၁၆၇၇၀ သိန်း) ပေးသွင်းရမည် ဖြစ်သည်။

ယင်းအပြင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီသည် တင်ဒါအောင်ကြောင်း ထုတ်ပြန်ပြီး ၁၅ ရက်အတွင်း ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်း တန်ဖိုး၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသည့်ငွေကို ဘဏ် တွင် ပေးသွင်းရမည်ဖြစ်ပြီး ဘဏ်အာမခံ လက်မှတ်ကို တိုင်းအစိုးရအဖွဲ့၏ ဘဏ္ဍာရေးဌာနသို့ တင်ပြအပ်နှံရမည်ဟု တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။