ဒုသမ္မတ တနင်္သာရီတိုင်းကို ဘာလာလုပ်သနည်း

0
488

နိုင်ငံတော်၏ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဇန်နဝါရီလ ၂၅ ရက်မှစတင်ကာ မြိတ်၊ ကျွန်းစုနှင့် ကော့သောင်းမြို့နယ်များသို့ လာရောက် ခဲ့ပြီး ၂၇ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည်။
ခရီးစဉ်အတွင်း ဒေသခံများနှင့် တွေ့ဆုံခြင်းမရှိဘဲ ကုမ္ပဏီများမှ အကောင်အထည်ဖော်နေသော လုပ်ငန်းများသို့သာ သွားရောက် ကြည့်ရှုခဲ့သဖြင့် ဒေသခံကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။

“လူထုနဲ့တွေ့ဆုံမှု မလုပ်တဲ့ အပေါ်မှာ ဘဝင်မကျပါဘူး။ ပြည်သူ့ အစိုးရ မပီသသလို ခံစားရပါတယ်”ဟု ကော့သောင်းမြို့ ရွှေပြည်သာ ရပ်ကွက်မှ ဦးနေလင်းက ပြောလာ သည်။
ဒုသမ္မတသည် ဇန်နဝါရီ ၂၇ ရက်တွင် ကော့သောင်းမြို့ ဟိုတယ် တစ်ခုတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ခဲ့ သည်။ သို့သော် ကော့သောင်းရှိ လုပ်ငန်းရှင်အချို့က မသိလိုက်ဟု ဆိုကြသည်။

မြို့ကို မွန်းမံပြင်ဆင်နေခြင်းနှင့် နီးစပ်ရာ အသိုင်းအဝိုင်းများကြားမှ ရရှိသည့်သတင်းအရ ဒုသမ္မတ ရောက် လာမည်ကိုသိရပြီး ကော့သောင်းမြို့ ခံများက ကဏ္ဍပေါင်းစုံ တင်ပြရန် များစွာ မျှော်လင့်ခဲ့ကြကြောင်း ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ဝင်းထိန်က ပြော သည်။
“တနင်္သာရီတိုင်းမှာ ခံစားနေရတဲ့ လျှပ်စစ်လို ကိစ္စမျိုးကို ပြည်ထောင်စု အစိုးရကြားအောင် အမှာစကား ပါးချင် တယ်။ အခုကတော့ လက်ရှိ အခြေ အနေတွေကို ကြားသွားနိုင်မှာ မဟုတ် ဘူး၊ အခုလို လာပြီးပြန်သွားတယ်ဆိုတော့ ရင်ထဲ ဟာတာတာကြီး ဖြစ်ကျန်ခဲ့တယ်”ဟု ဒေါက်တာဝင်းထိန်က ဆိုသည်။

မြိတ်ခရိုင်အတွင်း လှည့်လည် စဉ်တွင်လည်း ကုမ္ပဏီပိုင်ရှင်များနှင့်သာ တွေ့ဆုံကာ ပြည်သူနှင့်တွေ့ဆုံခြင်း မပြုလုပ်ခဲ့သောကြောင့် ဒေသခံများကြား မကျေမချမ်း ပြောဆိုမှုတို့ မြင့်တက် ခဲ့သည်။ ထို့အပြင် လျာထားစီမံကိန်း ဖြစ်သည့် မြိတ်ငါးလေလံဈေးသစ် ကိုသာ သွားရောက်ခဲ့ပြီး မူလရှိနှင့်ပြီး ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးလေလံဈေးဟောင်းသို့ မသွားရောက် ခဲ့သည့်ကိစ္စကိုလည်း ဝေဖန်မှုများ ရှိခဲ့ သည်။

“ခုသမ္မတလာတဲ့ ပုံစံကလည်း တွေ့ရတာ ပြည်သူနဲ့အတူဆိုတဲ့ ဆောင်ပုဒ် နဲ့ မညီဘူး ဖြစ်နေတယ်”ဟု မြိတ်ဒေသခံ ရော်ဘာခြံစိုက်သူ ဦးသန်းထွန်းက ပြော သည်။

ယင်းသို့ ဒေသခံများနှင့် တွေ့ဆုံမှု မပြုသည့်အပေါ် တနင်္သာရီတိုင်း အတွင်း မှ လွှတ်တော်ကိုယ်စားလှယ် အချို့က လည်း သဘောမတွေ့ကြပေ။
နိုင်ငံတော်အဆင့် ခေါင်းဆောင် များ တိုင်းအတွင်း ရောက်လာပါက ဒေသခံပြည်သူနှင့် တွေ့ဆုံသင့်သည် ဟုယူဆပြီး ယခုမူ လုပ်ငန်းရှင်များနှင့်သာ တွေ့ဆုံသဖြင့် ပြည်သူတို့၏ အားမလို အားမရ ပြောဆိုမှုများ ပြန်ကြားရကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

“သမ္မတက ဖွံ့ဖြိုးရေးလုပ်ငန်း အတွက် လာတယ်ပဲ ဘယ်လောက်ပဲဆို ထားဆိုထား၊ အဓိကက ရောက်တဲ့ အချိန်မှာတော့ လူထုနဲ့တွေ့ဖို့ လိုအပ် တယ်။ ဒါ နိုင်ငံတော်အဆင့်ခရီးစဉ် တိုင်းရဲ့ လမ်းကြောင်းတိုင်းကို ဆိုလို တာ၊ ခု ဒုသမ္မတမှ မဟုတ်ဘူး၊ နိုင်ငံ တော်အတိုင်ပင်ခံပဲ ဖြစ်ဖြစ်၊ အခြား ဒုသမ္မတ ဦးမြင့်ဆွေပဲဖြစ်ဖြစ် လာရင် တော့ ပြည်သူတွေရဲ့အသံကို နား ထောင်သင့်တယ်”ဟု ဦးအောင်ကျော် ဟိန်းက ပြောသည်။
အချို့က ယခုခရီးစဉ်တွင် ဒေသခံ များ တွေ့ဆုံခွင့် မရခြင်း၊ ဒေသခံအချို့ တွေ့ဆုံခွင့်ရသော်လည်း တင်ပြခွင့်မ ရခြင်းအတွက် အချို့က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုကို သံသယဝင် မေးခွန်း ထုတ်ကြသည်။

“တိုင်းအစိုးရကို မေးခွန်းထုတ်ချင် ပါတယ်။ နဂိုကတည်းက ပြည်သူနဲ့ ဘာလို့ မတွေ့ချင်တာလဲ၊ စီစဉ်သူများရဲ့ ချို့ယွင်းချက်လား၊ ပြည်သူအများနဲ့ ထိတွေ့တာကို မလိုလားသူတစ်ချို့ရဲ့ လှည့်ကွက်လားဆိုတာကို ပြည်သူ တစ်ယောက်အနေနဲ့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်”ဟု ရွှေပြည်သာရပ်ကွက် နေသူ ဦးနေလင်းက ပြောသည်။
တနင်္သာရီအပတ်စဉ်အနေနှင့် ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့ထံ ဇန်နဝါရီ ၂၇ ရက်နေ့က ဖုန်းအကြိမ်ကြိမ် ဆက် သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူ၏ ယခုတနင်္သာရီတိုင်းခရီးစဉ်သည် လက်ရှိအစိုးရ သက်တမ်း ၂ နှစ်အတွင်း ၃ ခေါက်မြောက် ခရီးစဉ် ဖြစ်သည်။
ဒုသမ္မတ တနင်္သာရီတိုင်းခရီးစဉ် ယခုအခေါက်သာမက ယခင်အခေါက် များကလည်း ပြည်သူနှင့် တွေ့ဆုံမှု မရှိခဲ့ပေ။
ခရီးစဉ်နှင့်ပတ်သက်၍ ဒုသမ္မတမှ ဒေသခံမီဒီယာများနှင့် တွေ့ဆုံပြီး သတင်း ထုတ်ပြန်ပွဲများ ပြုလုပ်ခြင်းမျိုးလည်း မရှိခဲ့ဖူးပေ။
ယင်းသို့ လူထုနှင့်မတွေ့ဆုံခြင်း၊ သတင်းထုတ်ပြန်ပွဲများ မပြုလုပ်ခြင်း ကြောင့် ဒုသမ္မတ တနင်္သာရီတိုင်းသို့ လာရောက်မှုများအပေါ် တိုင်းသူတိုင်း သားအချို့က မေးခွန်း ထုတ်ကြသည်။

ဒုသမ္မတ တနင်္သာရီတိုင်းသို့ ဘာလာ လုပ်သနည်း။
“နှစ်ခါလောက် လာတာတော့ သိတယ်။ ဘယ်ကိုလာတယ်ဆိုတာတော့ မသိဘူး။ တီဗီသတင်းကနေ လာတယ် ဆိုတာပဲ သိတယ်။ ဘာတွေ လာလုပ် တယ်ဆိုတာတော့ မသိဘူး။ ဘာလာ လုပ်တယ်ဆိုတာတော့ သိလို့ရ မယ်ဆို ရင်တော့ သိချင်တာပေါ့”ဟု ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်နေ မဇာဇာက ပြော သည်။
လောင်းလုံးမြို့နယ် စစ်ပြဲကျေး ရွာမှ ဦးစိုးမင်းဦးကလည်း ဒုသမ္မတ မည်သည့်ကိစ္စလာသည်ကို မသိရခြင်း က သမ္မတ မလာသည်နှင့် အတူတူပင် ဖြစ်ကြောင်း ပြောသည်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ တနင်္သာရီတိုင်းခရီးစဉ် ပထမဆုံး အခေါက် ၂၀၁၆ ခုနှစ် စက်တင်ဘာ လတွင် ထားဝယ်အထူး စီးပွားရေးဇုန်နှင့် မောင်းမကန်ကမ်းခြေသို့ သွားရောက် ခဲ့သည်။ ဒုတိယအခေါက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၄ရက်တွင် ထားဝယ် အထူး စီးပွားရေးဇုန်၊ ထားဝယ်မြို့ One Stop Shop ရုံး၊ ထားဝယ်မြို့နယ် မေတ္တာ တံတား၊ မောင်းမကန်ကမ်းခြေ၊ သရက် ချောင်းမြို့အနီးတွင် အကောင်အထည် ဖော်နေသည့် ငါးလေလံဈေးများသို့ သွားရောက်ခဲ့သည်။

ယခု နောက်ဆုံးအခေါက်ဖြစ်သည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင်စတင်သော တတိယအခေါက်ခရီးစဉ်တွင် မြိတ် အများပိုင် ကော်ပိုရေးရှင်းလီမီတက် ငါးလေလံဈေး၊ မြိတ်One Stop Shop ရုံး၊ ကျွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် ပုဇွန်မွေးမြူ ရေးကန်နှင့် ငါးလေလံတံတား၊ သစ်အချောထည် စက်ရုံ၊ ဂဏန်းမွေးမြူရေး ကန်လုပ်ငန်း များ၊ မြိတ် အဆောင်ကောင်းကုမ္ပဏီ၊ ပုလဲကျွန်း၊ မကြုံဂလက်ကျွန်းရှိ ဆလုံ တိုင်းရင်းသားဘော်ဒါဆောင် ဖွင့်ပေး ခြင်း၊ ဆလုံများအား အဝတ်အထည် များ ထောက်ပံ့ခြင်း၊ ခရင်းခွကျွန်း၊ သူဋ္ဌေး ကျွန်၊ ပလုံးတုံတုံး၊ မလိဝမ်း ရွှေဖြူ ကုမ္ပဏီ၏ အရည်အသွေးမြင့် ရာဘာ အလုပ်ရုံ၊ ကော့သောင်း One Stop Shop ရုံး စသည့်နေရာများသို့ သွားရောက် ခဲ့ကြောင်း အစိုးရမှ သတင်းထုတ်ပြန်ခဲ့ သည်။ အသေးစိတ်အချက်အလက်များ ကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

ခရီးစဉ်အတွင်း ဒေသခံအချို့က ဒုသမ္မတနှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း တစ်စုံတရာ တင်ပြခွင့် မရခဲ့ကြောင်း မီဒီယာများသို့ ရင်ဖွင့်ခဲ့သည်။
ယခင် ဦးသိန်းစိန်အစိုးရ လက် ထက်က ယင်းသို့သော နိုင်ငံတော် ခရီးစဉ်များတွင် ပြည်သူများနှင့် မြို့တော်ခန်းမကဲ့သို့သော နေရာများ၌ တွေ့ဆုံပွဲများ ကျင်းပလေ့ရှိကြောင်း သိမီသည့် မြို့မိမြို့ဖများ၊ ဒေသခံများက ပြောကြသည်။
ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော ခရီးစဉ်တစ်ခု ဖြစ်စေရေး ပြည်သူ့ ကိုယ်စားလှယ်များနှင့် ပူးပေါင်း ရေးဆွဲ သင့်ကြောင်း ကျွန်းစုမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ထောက်ပြ သည်။
“သမ္မတတစ်ယောက်က အများပိုင် လုပ်ငန်းတွေလိုက်ကြည့်တာက သမ္မတ ကတော့ ဒီခရီးစဉ် အာဂျင်တာကို မသိ လောက်ဘူးပေါ့၊ သမ္မတ တစ်ယောက် အနေနဲ့ ရွေးချယ်ပြီး လိုက်ကြည့်မှာ မဟုတ်ဘူး။ တကယ်တမ်းဆို ဒီလို ခရီးစဉ်ဆွဲမယ်ဆိုရင် တိုင်ပင်သင့် တာ ပေါ့၊ ဒေသခံကိုယ်စား လှယ်တွေ ရော ပြည်သူတွေရောပါဝင်ပြီး အာဂျန်ဒါ တစ်ခု ရေးဆွဲမယ်ဆိုရင် ပြည်သူတွေ ကျေနပ်တဲ့ ခရီးစဉ်တစ်ခု ဖြစ်မှာပေါ့”ဟု ဒေါက်တာထူးနေအောင်က ပြော သည်။
ဒုသမ္မတ၏ ယခု တတိယအကြိမ် ခရီးစဉ်အထိ ပြည်သူနှင့် တွေ့ဆုံခြင်း၊ တနင်္သာရီတိုင်းအတွင်း လုပ်ဆောင် မည့်ကိစ္စရပ်များကို တိုင်းသူတိုင်းသား များအား ရှင်းပြခြင်းမျိုး မရှိသေးသော် လည်း အချို့က နောက်ပေါ်ပေါက် လာနိုင်သည့် နိုင်ငံတော်ခရီးစဉ်များတွင် တွေ့ဆုံတင်ပြခွင့်၊ ဆွေးနွေးမေးမြန်းခွင့် လိမ့်မည်ဟု မျှော်လင့်နေကြသည်။

“ဒုသမ္မတနဲ့ တွေ့ခွင့်မရလိုက် ပေမယ့် နောက်တချိန်မှာ ပြည်ထောင်စု အဆင့်အကြီးအကဲတစ်ဦး လာခဲ့မယ် ဆိုရင် ပြည်သူလူထုနဲ့ တွေ့ဆုံနိုင်ဖို့မျှော်လင့်ပါတယ်”ဟု ဖိုးသီးချိုလျှပ်စစ် ဝန်ဆောင်မှုကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာဝင်းထိန်က ဆို သည်။