ထားဝယ်တက္ကသိုလ်ဝင်းအတွင်း လုံခြုံရေးကင်မရာ ၁၇ လုံး တပ်ဆင်

0
436

ထားဝယ်တက္ကသိုလ်ရှိ ပင်မဆောင် နှင့် ဝင်ထွက် ဂိတ်ပေါက်ဝ စသည့် အရေးကြီး နေရာအချို့တွင် လုံခြုံရေး ကင်မရာ ၁၇ လုံးကို ယခုလအတွင်း တပ်ဆင်ခဲ့ကြောင်း ယင်းတက္ကသိုလ် တာဝန်ခံပါမောက္ခထံမှ သိရသည်။
ယင်းတက္ကသိုလ်ဝင်းတွင်းရှိ ရွှေ ဝယ်သီရိလမ်းမကြီး( ထားဝယ် တက္က သိုလ် အဓိပတိ လမ်းမကြီး)တွင် ည ဘက် အရက်သေစာ သောက်စားမှုများ ရှိခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ များကို အတတ်နိုင်ဆုံး လုံခြုံမှုရှိစေရန် တပ်ဆင်ခြင်းဖြစ်ကြောင်း တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက ပြောသည်။

“ကျောင်းထဲကို လူစိမ်းဝင်လာရင် တစ်ခုခုcase (ဖြစ်ရပ်) ဖြစ်သွားရင်၊ CCTV မှာ Record (မှတ်တမ်း) တင်ထားတာကိုး။ ဘယ်နေ့က ဘယ်သူ ဝင်သွားတယ်ဆိုတာ ပြန်ကြည့် လိုက် တာနဲ့ သိတယ်လေ”ဟု ဒေါက်တာ သိင်္ဂီရွှေက ဆိုသည်။
တက္ကသိုလ်အတွင်း လုံခြုံရေး ကင်မရာ အလုံး ၅၀ ခန့် တပ်ဆင်ရန် ရည်မှန်းထားသော်လည်း ဘဏ္ဍာရေး အခြေအနေအရ ယခုပညာသင်နှစ်တွင် ၁၇ လုံးသာ တပ်ဆင်နိုင်ခဲ့ကြောင်း တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက ပြောသည်။

ယင်းကဲ့သို့ လုံခြုံရေး ကင်မရာ တပ်ဆင်သကဲ့သို့ ကျယ်ဝန်းသည့် ကျောင်းဝင်းတစ်ခုလုံး လွှမ်းခြုံနိုင်ရန် လုံခြုံရေးဝန်ထမ်းများ တိုးမြှင့် ခန့်ထားမည့် အစီအမံများလည်း ချမှတ်သင့်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုဝေယံကျော်က ပြော သည်။
ထားဝယ်တက္ကသိုလ် ပင်မဆောင် တွင် ၂၀၁၀ ခုနှစ်က လုံခြုံရေးကင်မရာ ၄ လုံး တပ်ဆင်ခဲ့ဖူးပြီး လက်ရှိတွင် အသုံးမပြုတော့ကြောင်း အင်ဂျင်နီယာ ဌာနထံမှ သိရသည်။