မေးကြည့်ပါရစေခင်ဗျား

0
408

ဒီတစ်ပတ်ထဲမှာပါပဲ။
ထားဝယ်နဲ့ရွာ သွားနေ ပြန်နေကျ လမ်းမှာ ရဲတွေ၊ ယာဉ်ထိန်းရဲတွေ ဟိုနေရာ သည်နေရာတွေမှာ တွေ့ရတယ်။
ရှင်တောက်ထိန် ဘုရားလမ်း ထိပ် တွေမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မော်တော်ပီ ကယ်သုံးလေးဦး၊ ကမြောကင်း တံတား ထိပ် မှာလည်း အဲဒီအတိုင်း၊ ကမြောကင်း လမ်း တစ်လျှောက် ဝန်ကြီးအိမ်ရာရှေ့မှာ လည်း ထိုအတိုင်း၊ ကမ်းနားလမ်းနဲ့ ကမြောကင်း လမ်းထောင့် ထန်းပင်တန်း မှာလည်း မော်တော်ပီကယ်တွေနဲ့။ တွေ့တာက ညနေ ၃ နာရီလောက်။
အော် ထားဝယ်ကို ခပ်ကြီးကြီး ပုဂ္ဂိုလ် တစ်ယောက် ရောက်နေပြန်သပေါ့။
ဒီလိုနဲ့ပဲ အိမ်ပြန်လာတယ်။

ည ကိုးနာရီလောက်ကျမှ ပွိုင့်နဲ့ ယာဉ် တန်းတစ်တန်း အိမ်ရှေ့က ဖြတ် သွား လိုက်တယ်။ မောင်းမကန်က ပြန် လာတာ ဖြစ်မှာပေါ့။
ဟိုမှာ ရဲတွေ၊ မော်တော်ပီကယ်တွေ စောင့်နေရတာက နေ့လယ်ကတည်းက။ အဲဒီထက်တောင် စောရင် စောနေဦးမယ်။
နောက်ကျတော့ သတင်းတွေမှာ ကြည့် လိုက်တော့မှ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် ခရီးစဉ် ဖြစ်နေတယ်။
ဝန်ကြီးခရီးစဉ်မှာ ရဲတွေ၊ မော်တော်ပီ ကယ်တွေ အဲလောက်လိုလားပေါ့။ နောက်ပြီးအကြာကြီး အချိန်ကုန်ခံ စောင့်နေရတယ်။ ထမင်းတောင် စားကြ ရရဲ့လား မသိ။

ဟိုရက်ကလည်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု အစည်းအဝေး လုပ် တော့လည်း လုံခြုံရေးတွေ ဒီအတိုင်း လမ်းတစ်လျှောက်မှာ စောင့်နေရတယ်။ အဲဒီ အစည်းအဝေးမှာ အကြီးဆုံးက တိုင်းဒေသကြီး ဝန်ကြီးအဆင့်ပဲ။
လူထုအတွက် လုံခြုံရေးလို့ ပြော လိုက်ရင် ရဲအင်အား မလုံလောက်ရတာနဲ့၊ ဟိုဟာ ဖြစ်ရတာနဲ့၊ ဒီဟာ ဖြစ်ရတာနဲ့ ဆိုပြီး သတင်းတွေမှာ ဖတ်ရတယ်။

အဲဒီနည်းပါတယ်ဆိုတဲ့ ရဲနဲ့လုံခြုံ ရေး အင်အားကို ပါဝါရှိသူတွေအတွက်ပဲ ပိုပို သာသာ အသုံးချပြီး ဘယ်လို အင်အား တွေ ဖြုန်းတီးနေလဲ။ မလိုဘဲ ဘယ်လိုတွေ သုံးနေကြလဲ။ မေးခွန်းတွေ ထုတ်နေ မိတယ်။
ကိုယ်က ရွာသားပဲဆိုတော့ အဆင့် ဆင့် သော လုံခြုံရေးကိစ္စတွေ နားမလည် ပါဘူး။ ဒါပေမဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ အေးချမ်းသာယာရေး လုပ် ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် အင်အားက လူဦးရေ ယှဉ်ရင် ရှိသင့်တဲ့အချိုးထက် နည်းနေတယ်ဆိုပြီး ဖတ်မိထားတော့ ဝန်ကြီးတစ်ယောက်အတွက် ဒီလိုလူများ များ သုံးစရာလိုသလား စဉ်းစားမိတယ်။

တကယ်က တိုင်းဒေသကြီး ဝန်ကြီး အဆင့်ဆို တခါခါ ထားဝယ်က လက် ဖက်ရည်ဆိုင်မှာ မနက်ခင်း လက်ဖက် ရည်လာသောက် နေတာတောင် တွေ့ရ တတ်သေးတာကိုး။ တခါခါ ဆိုင်ကယ် တစ်စီးနဲ့ မြို့ထဲမှာတောင် တွေ့ရတတ် သေး။ ဝန်ကြီးချုပ်ကတော့ ပီးပေါ် အဲဟုတ်ပါဘူး ပွိုင့်ကားလေးနဲ့မှ သွား တတ်ပုံရတယ်။ ဒီက နယ်ခံ မဟုတ်တော့ လမ်းဘယ်သိမလဲလေ။
နောက်ပြီးတော့ ရန်ကုန်ကနေ ထားဝယ်လာလို့ လေဆိပ်ရောက်ရင် လေယာဉ်ပေါ်ကဆင်းရင် လေယာဉ် လှေကားဝမှာ ရဲမေသုံးလေးယောက်နဲ့ ရဲသားတွေ တခါခါ စောင့်နေတတ်တယ်။

လေယာဉ်မှာ အတူတူစီးလာတာ တွေ့မိသမျှတော့ အကောင်ကြီးကြီး မပါ ပါဘူး ပေါ့။
ဘယ်ကလာ နောက်တွေ့တာက လွှတ်တော် ဥက္ကဋ္ဌကတော် လေယာဉ်ပေါ် မှာ ပါလာတာကိုး။ လွှတ်တော် ဥက္ကဋ္ဌက အဆောင်ပေါ်တီကိုရှေ့ ကားနားမှာ စောင့် နေတယ်။
အမယ် လွှတ်တော် ဥက္ကဋ္ဌ ကတော် ကို ထီးတောင် မိုးပေးလိုက်သေး။ အမြဲတမ်း အဲလိုဟုတ်မဟုတ်တော့ မသိဘူးပေါ့။
စဉ်းစားမရတာက လေယာဉ်ပေါ်က အဆင်းကနေ လေဆိပ် အဆောင်ထဲထိ ထီးမိုးပေးဖို့ အခြံအရံတွေ ဘာကြောင့် လိုအပ်လာရတာလဲ။ ထီးလောက်ကတော့ ကိုယ့်ဟာကိုယ် ဆောင်းလည်း ရတာပဲ။

တစ်ခါလည်း ရန်ကုန်အသွားမှာ ဝန်ကြီးချုပ်နဲ့ လေယာဉ်တစ်စီးတည်း ကျဖူးတယ်။ အမယ်လေးဗျာ ထားဝယ် လေဆိပ်မှာ ယာဉ်တန်းတွေနဲ့ ဖွေး ဖွေး လှုပ်။ ရဲတွေကလည်းများ၊ ဘေးမှာ ပါနေကြ သူဌေးတွေကိုလည်း တွေ့ လိုက်သေးတယ်။ အဲလောက် များများ စားစား လုံခြုံရေးလိုလား၊ အဲလောက် များများစားစား ချွေရံသင်းပင်း လိုလား ဆိုတာကို စဉ်းစားမိတယ်။
မဲဆန္ဒရှင်လူထုအတွက် သုံးရမယ့် ရဲတပ် ဖွဲ့ဝင်တွေကို အာဏာစည်းထဲက လူတွေက အဆောင်အယောင်လို သဘော ထားပြီး ဘာလို့ ပေါပေါလောလောသုံးပြီး ဇာချဲ့ ချင်ကြတာလဲ။

မဲဆန္ဒရှင်ပြည်သူတွေအတွက်၊ အခွန် ထမ်းပြည်သူတွေအတွက် လုံခြုံ ရေး တပ်ဖွဲ့ဝင်တွေကို အကျိုးရှိရှိ အသုံး ချရင် ပိုမကောင်းဘူးလား။ ထားဝယ်မှာ ရဲတပ်ဖွဲ့ဝင်တွေ အဲလောက်အင်အား တောင့်နေပြီလား။ ထားဝယ်မှာ အဲလိုမျိုး ချွေရံသင်းပင်းလေးနဲ့မှ သွားရဲတဲ့ အထိ မလုံခြုံတော့ဘူးလား။
အရပ်သား တစ်ယောက်အနေနဲ့ မေးကြည့်ပါရစေ။
ဝန်ကြီး ဝန်လေးတွေ၊ ကတော်တွေ တောင် အဲလို မလုံမခြုံ ခံစားနေရရင် ကိုယ်တွေလို ရွာသား ဘယ်နားသွားနေ မလဲလို့။

သူရိန်
သောကြာပြင်ရွာ၊ လောင်းလုံးမြို့နယ်။
ဇန်နဝါရီလ ၂၇၊ ၂၀၁၈