မြိတ်နည်းပညာတက္ကသိုလ်ဝင်းထဲပါ နေအိမ် ၅၀ ကျော်ကိစ္စ ၁၀ နှစ်ကျော်သည်အထိ မပြီးပြတ်သေး

0
405

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု ကဘင်းကျေးရွာရှိ နည်းပညာတ က္ကသိုလ်ဧရိယာအတွင်း ပါဝင်နေသည့် နေအိမ် ၅၀ ကျော်ကိစ္စသည် ၁၀ နှစ်ကျော် ကြာသည်အထိ မပြီးပြတ်သေးကြောင်း ယင်းနေအိမ်ပိုင်ရှင်များမှ သိရသည်။
ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်က နည်းပညာ တက္ကသိုလ် တည်ဆောက်ခဲ့စဉ်က နေအိမ် ၄၀ကျော်နှင့် ဥယျာဉ်များအပါဝင် စုစုပေါင်း မြေဧရိယာ ၁၀၀ ဧက ကျော်မှာ တက္ကသိုလ် သတ်မှတ် ဧရိယာထဲတွင် ပါဝင်သွား ခဲ့ကြောင်း နေအိမ်တချို့က ဆိုသည်။

တက္ကသိုလ်ဧရိယာအတွင်းနေအိမ် ၄၀ ကျော်ပါခဲ့ပြီးနောက်တွင် နေအိမ်များ ဆက်မဆောက်ကြရန် တားမြစ်မှုတချို့ ရှိခဲ့သော်လည်း နေအိမ်များ ထပ်မံတည် ဆောက်ခြင်းနှင့် အင်္ဂတေ၊ အုတ်တို့ဖြင့် အခိုင်အမာ တည်ဆောက်ခဲ့သည်ကို ဟန့်တားမှုများမရှိခဲ့သည့်အတွက် လက်ရှိ တွင် နေအိမ် ၅၀ ကျော်ခန့်ရှိနေဖြစ် ကြောင်း ၎င်းတို့က ပြောပြသည်။
ကျောင်းနယ်နိမိတ်ထဲ ပါဝင်နေ သည့် အတွက် မြေယာပိုင်ဆိုင်မှုအထောက် အထား၊ မြေဂရန်နှင့် ဥယျာဉ်ခြံ များတွင် ပုံစံ ၇ မရရှိသည့်အတွက် ချေးငွေမရ သည့် ပြဿနာများရှိ နေသည့်အတွက် မြေယာကိစ္စကို အမြန်ဆုံးဖြေရှင်းစေလို ကြောင်း နေအိမ်တချို့က ပြောပြသည်။

“ကြံစိုက်ခင်းတွေလည်း စိုက်ထား တာတွေရှိတယ်။ ဒီမှာပဲ အခြေချနေပါပြီ ဘိုးဘွားအစဉ်အဆက်က နေထိုင်လာ တာဆိုတော့ ကိုယ်မြေနေရာလေးမှာပဲလုပ်ကိုင်စားသောက်ချင်တာ”ဟု မြေ ၁ ဧကခန့်ပိုင်ဆိုင်သူအသက် ၇၀ အရွယ်ရှိ ဦးမြင့်အောင်က ပြောသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်/ကျေး အုပ်ချုပ် ရေးမှူး၊ နေအိမ်များနှင့် တက္ကသိုလ်မှ ကျောင်းအုပ်ဆရာကြီးတို့ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့်နှစ် အတွင်းက ၂ ကြိမ်တိုင် လုပ်ပြီးဖြစ်သော် လည်း လက်ရှိအချိန်ထိ တိကျသည့်အဖြေတစ်ခုမရရှိသေးကြောင်း နေအိမ်ပိုင် ရှင်များက ဆိုသည်။

ကားလမ်းမကြီးကနေ အတွင်း ဘက် ကို ၂၅၅ ပေဆုတ်ပေးပြီး ကျောင်း ဧရိယာကို သတ်မှတ်ပေးမည်ဆိုပါက နှစ်ဦးနှစ်ဖက် အဆင်ပြေမည်ဖြစ်ကြောင်း ကဘင်းကျေးရွာရာအိမ်မှူး ဦးတင်ကိုလတ် က ပြောပြသည်။
“နစ်နာထားတာတွေကို လျော်ဖို့ အတွက် ဘတ်ဂျက်က လျာထားနေပြီလို့ ကြားထားတယ်၊ အတိအကျတော့ မသိ သေးဘူးပေါ့” ဟု တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောသည်။
“နစ်နာကြေးတွေပေးမယ်ဆိုရင် ခု ခေတ်မြေဈေးနဲ့ဆိုရင် အခြားနေရာကို ပြောင်းလို့အဆင်မပြေဘူး” ဟု ဒေါ်သီ တာထွန်းက ပြောသည်။