ထိုင်း-မြန်မာနယ်စပ် မယ့်သမီးခီးစက်မှုဇုန် စီမံကိန်းလေ့လာသုံးသပ်ရေး ကော်မရှင်စဖွဲ့

0
359

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ရှိ မယ့်သမီးခီး(ထီးခီး) စက်မှုဇုန်စီမံကိန်း လေ့လာသုံးသပ်ရေးကော်မရှင်ကို ပြီးခဲ့ သည့် ဇန်နဝါရီလ ၂၄ ရက်က ကျင်းပ သည့် တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် ကော်မရှင်အဖွဲ့ဝင် ၁၄ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့သည်။

KNU (ကရင်အမျိုးသားအစည်း အရုံး)က ထားဝယ်မြို့နယ် ထီးခီးဒေသ ရှိမြေဧက ၆၆၇၆ ဧကပေါ်တွင် အထွေ ထွေစက်မှု ကုန်ထုတ်လုပ်ငန်းဇုန်၊ အကောက်ခွန် အာမခံ ကုန်လှောင်ရုံ ဇုန် နှင့် စက်မှုအခြေခံမြို့တော်ဇုန် စသည့် လုပ်ငန်း ၃ ခုပါဝင်သည့် စက်မှုဇုန် တစ်ခု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက် နေခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းအကောင် အထည် ဖော်မည်ဆိုပါက ဒေသခံကရင်အမျိုး သားအားလုံးကို အကျိုးပြုခြင်းရှိ / မရှိ၊ အဆိုပြုထားသည့် စက်မှုဇုန်မြေနေရာနှင့် နယ်စပ်မျဉ်းနှင့် ပတ်သက်ပြီး သေချာမှု ရှိ/မရှိ အစရှိသည့် အချက်များကို လေ့လာ သုံးသပ်သွားမည်ဖြစ်ပြီး KNU နှင့် လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင် မောင်အေးက ဆိုသည်။
“မတ်လ အစောပိုင်းလောက်မှာ လွှတ်တော် အစည်းအဝေးရှိတယ်၊ ဒီမှာ အစီရင်ခံစာကို ဖတ်ကြားအတည်ပြုပြီး တင်ပေးမှာ”ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

အစီရင်ခံစာကို လာမည့်မတ်လ တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
ကော်မရှင်အနေဖြင့် မြေပြင်ကွင်း ဆင်းလေ့လာသုံးသပ်မှုများကို လာမည့် ဖေဖော်ဝါရီလတွင် စတင်နိုင်ရန် မျှော် မှန်းထားကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးတိုးလွင်က ဆိုသည်။
မယ့်သမီးခီးစက်မှုဇုန်ဖော်ဆောင်မည့် Mae ThaMeeKhee Region Industrial ကုမ္ပဏီမှာ တပ်မဟာ၎ KNU (မြိတ်-ထားဝယ်ခရိုင်) ၏ စီးပွား ရေးလုပ်ဆောင်ပေးနေသည့်Noble Prince ကုမ္ပဏီနှင့် KNU ကိုယ်စားပြု ကုမ္ပဏီတစ်ခုဖြစ်သည့် Sun and Rainbow ကုမ္ပဏီပေါင်းထားခြင်းဖြစ် သည်။

“တိုင်းလွှတ်တော်က အတည်ပြု လိုက်မယ်ဆိုရင်တော့ အားလုံးက လမ်း ကြောင်းပေါ် ပြန်ရောက်သွားပြီပေါ့ဗျာ၊ ဘာမှ အခက်အခဲ မရှိတော့ဘူးပေါ့၊ ကျန်တာတွေကတော့ သူ့စည်းမျဉ်း စည်းကမ်းအတိုင်း သွားမှာဆိုတော့ သွားတဲ့အချိန်လေးတော့ ပေးရမှာပေါ့”ဟု Sun and Rainbow ကုမ္ပဏီ ဒါရိုက်တာဖြစ်သူဦး ရဲမြင့်က ဆိုသည်။

ခွင့်ပြုမိန့်ရသည်နှင့် မြေပြင်တွင် လုပ်ကိုင်ရမည့် လုပ်ငန်းများ စတင်နိုင် ရန် ပြင်ဆင်ထားသည်ဟု ဦးရဲမြင့်က ပြောသည်။
ယင်းစီမံကိန်းကို တိုင်းအစိုးရက ပြီးခဲ့သည့်နှစ် အစိုးရအဖွဲ့အစည်းအဝေး တွင် သဘောတူပြီးနောက် တိုင်းလွှတ် တော်သို့ အတည်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်သည်။

တိုင်းလွှတ်တော်က အတည်ပြုချက် ရရှိပြီးပါက အပြီးသတ်ခွင့်ပြုချက်ရ သည်အထိ လုပ်ငန်းစဉ် အဆင့်များကို ထပ်မံလုပ်ဆောင်ရဦးမည် ဖြစ်သည်။