ထားဝယ်တွင် ကြက်ဆူစေ့စားမိသည့် မူလတန်းကျောင်းသား တစ်ဆယ်ကျော် ဆေးရုံရောက်

0
363

ကြက်ဆူစေ့ စားမိသောကြောင့် ထားဝယ်မြို့ ပုံကျွန်းရပ်ကွက် အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသား တစ်ဆယ်ကျော်ကို ဇန်နဝါရီလ ၂၂ ရက်က ဆေးရုံတင် လိုက်ရကြောင်း ပုံကျွန်းမူလတန်း ကျောင်းအုပ်ဆရာကြီး ဦးညီညီဇော်က ပြောသည်။

နေ့လယ်ထမင်းစားကျောင်းလွှတ် ချိန်တွင် ကျောင်းဝင်းအနောက်ဘက်၌ ပေါက်နေသည့် ကြက်ဆူပင်မှ ကြက်ဆူ စေ့များကို စားပြီးနောက် ထမင်းစားပြီး ကျောင်းပြန်တက်ချိန်တွင် အော့အန်၊ ဝမ်းလျှော၊ ဗိုက်နာဖြစ်လာသည့်အတွက် အုပ်ထိန်းသူမိဘများကို ခေါ်ကာ ထားဝယ် ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း ကျောင်းအုပ်ဆရာကြီး ဦးညီညီဇော်က ဆိုသည်။

“မနက်က တစ်ယောက် သွားစား နေတာတွေ့လို့ သွားတားလိုက်သေးတယ်” ဟု ကျောင်းအုပ်ဆရာကြီးက ပြောသည်။
ဆေးရုံတက်ရသည့် ကျောင်းသား၊ ကျောင်းသူများမှာ ပထမတန်းမှ စတုတ္ထ တန်းအထိ ပါဝင်သည်။
အဆိုပါနေ့တွင် ကလေး ၁၂ ဦး ဆေးရုံတွင် လာရောက်ကုသပြီး အများစု က အော့အန်ကြကာ ဝမ်းလျှောကြသူများ လည်းရှိကြောင်း ထားဝယ်ပြည်သူ့ဆေး ရုံကြီး ကလေးကုသဆောင်မှ လက် ထောက်ဆရာဝန် ဒေါက်တာဘုန်း ကျော်စွာဦးက ဆိုသည်။
“အခြေအနေက အများစုက အန်ကြ တယ်၊ ဝမ်းလျှောတာလည်းရှိတယ်”ဟု ဒေါက်တာဘုန်းကျော်စွာဦးက ပြော သည်။
ဇန်နဝါရီလ ၂၃ရက် ညနေပိုင်း အ ချိန်ထိ ကလေး ၉ ဦးမှာ သက်သာသွား ပြီဖြစ်သည့်အတွက် ဆေးရုံမှ ဆင်းသွား ပြီဖြစ်ကာ ၃ ဦး ကျန်နေသေးပြီး ကျန်းမာ ရေးအခြေအနေ ကောင်းမွန်ကြောင်း ၎င်းက ဆိုသည်။

၎င်း၏သားက ကြက်ဆူစေ့ ၁၆ စေ့စားမိပြီး အန်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်းနှင့် ဝမ်းဗိုက်အတွင်း ပူလောင် ခြင်းများ ခံစားခဲ့ရသည်ဟု စတုတ္ထ တန်းကျောင်းသားဖခင်ဖြစ်သူ ဦးကိုကို နိုင်က ပြောသည်။
“အခြေအနေက တော်တော်ဆိုးတယ်၊ ကျောင်းတွေမှာ ကလေးတွေအတွက် အန္တရာယ်ရှိနိုင်တဲ့အပင်တွေ မစိုက်သင့် ဘူး”ဟု ဦးကိုကိုနိုင်က ဆိုသည်။

အဆိုပါ ကြက်ဆူပင်မှာ အမြင့် ၈ ပေခန့်ရှိကာ ကလေးများ စားသောက်ခဲ့ ပြီးနောက် ခုတ်လှဲလိုက်ပြီဖြစ်ကြောင်းအထက်ပါကျောင်းမှ သိရသည်။