မွန်ရှိ အကြီးဆုံးသဘာဝထုံးကျောက်ဂူကို သဘာဝကြိုးဝိုင်းအဖြစ် သတ်မှတ်မည်

0
621

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဝါးပြန့်ကုန်းကျေးရွာအနီးရှိ အကြီးဆုံး သဘာဝထုံးကျောက် ဖားဘောင်ဂူ (ဖား ဘောင်တောင်)ကို သဘာဝကြိုးဝိုင်း အဖြစ် သတ်မှတ်ထိန်းသိမ်းမည်ဖြစ် ကြောင်း မွန်ပြည်နယ် သစ်တောဦးစီး ဌာနထံမှ သိရသည်။
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန် အတွက် အကျယ်အဝန်း ၄၆၆ ဧက ခန့်ရှိသည့် ဖားဘောင်ဂူ (ဖားဘောင် တောင်)ကို သဘာဝကြိုးဝိုင်းအဖြစ် သတ်မှတ်ရန် ပြည်ထောင်စုက အမိန့် ကြေညာစာထုတ်ပြန် အကောင်အထည် ဖော်လျက်ရှိသည်ဟု မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းမြင့်က ပြောသည်။

“ဖားဘောင်တောင်ကို သဘာဝ ကြိုးဝိုင်းအဖြစ် သတ်မှတ်မယ်ဆိုတာ ကိုရော၊ သတ်မှတ်နေရာမှာ ဘာမလုပ်ရ ဆိုတဲ့ တားမြစ်ချက်တွေကိုရော ဆိုင်း ဘုတ်တွေ ကပ်ထားပြီးပြီ။ အဆင့်ဆင့် လုပ်ဆောင်နေတယ်။ အခုဆိုရင် ရပိုင် ခွင့်ပေါ့ဗျာ သတ်မှတ်နေရာထဲမှာ ပါတဲ့ မြေတွေ ခြံတွေကို အထောက်အထားနဲ့ လာတင်ပြခိုင်းထားတယ်”ဟု ၎င်းက ပြောသည်။
ဖားဘောင်ဂူ (ဖားဘောင်တောင်) ၏ သဘာဝကြိုးဝိုင်းအဖြစ် သတ်မှတ် ထားသည့် နယ်မြေအတွင်းတွင် ကျူး ကျော်ဝင်ရောက်နေထိုင်ခြင်း၊ ကြိုးဝိုင်း အတွင်း သက်ရှိသက်မဲ့ ဖွဲ့စည်းမှုကို ဖြစ်စေ၊ သဘာဝအနေအထား တည်ရှိမှု တစ်ခုခုကိုဖြစ်စေ ဖျက်ဆီးခြင်းအစရှိ တို့ပါဝင်သည့် အချက် ၁၀ ချက်ကို မပြုလုပ်ရန် သစ်တောဦးစီးဌာနက တားမြစ်ထားသည်။

ဖားဘောင်ဂူ (ဖားဘောင်တောင်) သည် မွန်ပြည်နယ်အတွင်းရှိ ဂူများ အနက်မှ အကြီးဆုံး သဘာဝထုံး ကျောက်ဂူတစ်ခုဖြစ်ပြီး ဂူအတွင်းတွင် ရှေးဟောင်းဘုရားစေတီတော်များ တည်ရှိ သလို သန်းနှင့်ချီသည့် လင်းနို့များ တည်ရှိသည့် ဂူတစ်ခုလည်း ဖြစ်သည်။
အဆိုပါ ဖားဘောင်တောင်တွင် ယခုရက်ပိုင်းအတွင်း ကုမ္ပဏီတစ်ခုမှ ကျောက်တူးစမ်းသပ်မှုရှိနေကြောင်းကို ဒေသခံတို့က ပြည်နယ်အစိုးရထံ တင်ပြ ခဲ့သည့်အတွက် ဇန်နဝါရီ ၂၁ ရက်နေ့က ဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့မှ ဒေသခံတို့နှင့် သွားရောက်တွေ့ဆုံခဲ့ကာ အဆိုပါကိစ္စကို စာထုတ်တားမြစ်သွား မည်ဟု ပြောဆိုခဲ့သည်။

ကျိုက်မရောမြို့နယ်အတွင်းတွင် ဖားဘောင်ဂူ၊ ခရုံဂူ၊ စပယ်ဂူ၊ မယ်ဂရိုဂူ အစရှိသည့် သဘာဝထုံးကျောက်လိုဏ်ဂူ များစွာတည်ရှိပြီး လိုဏ်ဂူများအတွင်း၌ ရှေးဟောင်း အုတ်ခွတ်ရုပ်ပွားတော်များ ဆင်းတုတော်များ စေတီတော်များ တည် ရှိကာ ခရုံဂူတစ်ခုသာလျှင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့က ထိန်းသိမ်းထားခဲ့သည်။