ဦးရှင်ကြီး လုသူများ

0
1859

ကမ်းရိုးတန်းရှည်ဖြင့် ဖွဲ့စည်း ထားသော တနင်္သာရီတိုင်းတွင် ဆွမ်း တော်ကျ လုဖူးသူ ပေါလှသည်။ အထူး သဖြင့် တံငါလုပ်ငန်းလုပ်ကိုင်သည့် ပင်လယ်ရွာများတွင် ကလေးလူငယ် ဘ၀ကို ဖြတ်သန်းဖူးသူတိုင်း ဆွမ်းတော် ကျ လုဖူးကြသည်ချည်း။ ဒေသခံများ ကတော့ ဦးရှင်ကြီး လုသည်ဟု ခေါ် ကြသည်။

သူတို့ ဆွမ်းတော်ကျ လုရသည့် အချိန်က နေဝင်စညဦး။ နေရာက မြေကြီးစိုက် နှစ်ဆင့် ကွန်းစင်။ ကွန်းစင် အထက်ဆင့်တွင် ဆွမ်း ၃ ပွဲ၊ အောက်ဆင့် တွင် ဆွမ်းတော် ၁ ပွဲ။ ဆွမ်းတော်ခွက်ထဲ တွင် ကောက်ညှင်းနှင့် စားဖွယ်စုံ။
ဆွမ်းတင်ဆရာက “ရေငန်တရိုး ပိုင်စားစိုးပါတဲ့ နတ်မျိုးသခင် နတ်ဦး ရှင်ကြီးခင်ဗျ”ဟု အစချီသည်နှင့် ဆွမ်း တော်ကျ လုသူများက ထိုကွန်းစင်ကို ၀လုံးပတ် ဝိုင်းရံကာ လုရန်အသင့်။

အသက်ကြီးသူ၊ အရပ်မြင့်သူ အချို့က အပေါ် ၃ ပွဲ ကို လုရန် စိတ် မှန်းကာ ဆွမ်းခွက်ဇောင်းကို စိုက်ကြည့် နေတတ်သည်။ အသက်ငယ်သူ၊ အရပ်ပုသူ ကလေးငယ်တို့က အောက် တစ်ပွဲကို သူ့ထက်ငါဦး လုနိုင်ရန် ကျားချောင်း ချောင်းနေကြလိမ့်မည်။
အကယ်၍ မျက်လုံးဖွင့် နားစွင့်ကာ ဝိုင်းအုံနေသူတို့က လက်အုပ်ချီထား သကဲ့သို့ တွေ့ရပါက ထိုသူတို့သည် ယုံကြည်သက်ဝင်လွန်း၍ မဟုတ်ပါ။ လုရန် အချိန်ကျက သူများထက် ပိုဦးရန် လက်ကို အပေါ်အဆင်သင့် မြှောက် ထားခြင်းသာ ဖြစ်ပါသည်။ ဆွမ်းခွက် ထဲမှ ငှက်ပျောသီးမှည့်တွင် စိုက်ထား သည့် ဖယောင်းတိုင်အလင်းရောင်ကြောင့် ဆွမ်းတော်ကျလုသူတို့၏ ချစ်စဖွယ်မျက် လုံးများက ပိုမိုအရောင်တောက်နေ တတ်ပါသည်။

အရပ်ခေါ်ကား “ဦးရှင်ကြီးလု သူများ”။
ရေဖြူမြို့နယ် သစ်တိုထောင့် ကျေးရွာနေ မောင်ဖိုးကျော်က သူ့ အသက် ၁၂၊ ၁၃ အရွယ်ခန့်ကဆိုလျှင် ရွာတွင် ဦးရှင်ကြီးဆွမ်းတင်အိမ် တစ်အိမ်ရှိရင်တစ်အိမ် မလွတ်တမ်း လိုက်လုတတ်ပြီး သူငယ်ချင်းများဆုံ ပါက ဘေးရွာများတွင်ပါ လိုက်လုလေ့ ရှိကြောင်း ပြောသည်။
“အဲလို လုရတာပျော်တယ်။ သူ များမရဘဲ ကိုယ်ရသွားရင် ပိုပျော်တယ်။ လုလို့မရလို့ ငိုဖူးတယ် ကလေးဆိုတော့ လေ” ဟု ယခု အသက် ၁၈ နှစ်အရွယ်ရှိ မောင်ဖိုးကျော်က ပြောသည်။

အလှူရှင်က ငွေကြေးတတ်နိုင် အလှူအတန်း ရက်ရောကာ ကိုယ် လု၍ရသော ပန်းကန်ကို အလှူအဖြစ် အပိုင်ပေးရန် ကြေညာထားခြင်း၊ ဆွမ်းခွက်ထဲ ကလေးများ မက်လောက် သည့်အလှူငွေထည့်ထားခြင်းများရှိ ပါက ဆွမ်းတော်ကျလုပွဲက ပိုပြင်းထန် လေ့ ရှိပါသည်။
“ရတဲ့ပိုက်ဆံကို ကျောင်းသွားရင် မုန့်ဝယ်စားတယ်။ တချို့ကလည်း သိမ်းထားတဲ့သူလဲရှိတယ်။ ဦးရှင်ကြီး ပိုက်ဆံရှိရင် သူရဲမခြောက်တတ်ဘူး လို့တော့ ပြောတယ်” ဟု မောင်ဖိုးကျော် က ပြောသည်။
ဦးရှင်ကြီးလုက နေရာယူတတ်ရန် လိုပြီး အရပ်တိုင်းတွင် ဦးရှင်ကြီးလုကျွမ်း ကျင်သည့် ဆရာ့ဆရာကြီးများရှိ ကြောင်း မောင်ဖိုးကျော်က ပြောသည်။

“ဦးရှင်ကြီးလုတာ အရမ်းလျင်တဲ့ သူတွေရှိတယ်။ သူတို့မလုဘူးလို့ ထင်တဲ့နေရာနဲ့ ကိုယ်အရပ်နဲ့ လှမ်းမီ တဲ့နေရာကို ကြည့်နေရတယ်။ သူငယ် ချင်း အုပ်စုလိုက်ဆိုရင်တော့ သူက ဟိုနေရာမှာနေ၊ ငါက ဒီနေရာမှာနေ အဲလို နေရာယူပြီး လုကြတာ။ တစ်အုပ်စု လုံး တစ်ခွက်တည်းကို ဝိုင်းလုနေကြမှာ စိုးလို့” ဟု မောင်ဖိုးကျော်က ဆိုသည်။

တနင်္သာရီတိုင်းတွင်း ဦးရှင်ကြီး ဆွမ်းတော်ကျ လုပွဲများတွင် အမျိုး သားလေးများသာ လုကြသည်မဟုတ်ပါ။ အမျိုးသမီးများလည်း ပါသည်။
“၉ တန်းလောက်ထိတော့ အဲ့လိုတွေ လုဖူးတယ်၊ အပျော်သဘောမျိုး၊ ခုချိန် တော့ ကလေးတွေလုတာမြင်ရင် အမှတ် ရစရာတွေပဲပေါ့” ဟု ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်တွင်နေ မအေးအေး မြင့်က ပြောသည်။
တခါတရံ ခွက်လုနိုင်ပြီး ကိုယ် အပိုင်ရထားပြီးသည့်တိုင် သူခိုးလက် သူဝှက်လု ဆိုသကဲ့သို့ ဂတုံးပေါ် ထိပ် ကွက်ခံရသည့် အချိန်များလည်း ရှိသည်။ ထိုအခါ ဗွေမယူကြေး။ အလှည့်ကျလျှင်လည်း မနွဲ့ကြကြေး။

“တစ်ခါတစ်လေ ကိုယ်က ပန်းကန် ရလို့ပျော်နေတုန်း နောက်တစ်ယောက်က ကိုယ့်ပန်းကန်ထဲက ကောက်ညှင်းတွေ ချည်းပဲ လက်နဲ့ယူပြေးတော့ စိတ်တိုရ တာလည်း ဖြစ်ဖူးတယ်” ဟု ကော့သောင်း အောင်သုခရပ်ကွက်မှ ကိုအောင်က ပြောသည်။
ဦးရှင်ကြီးလုသူများက အမြင် အကြားအာရုံများကို ကျယ်ကျယ်ဖွင့်ထား ရသည်။ ဦးရှင်ကြီးတင်ဆရာ၏ ပါးစပ်ဖျားကို ကြည့်ထား၊ အသံကိုလည်း နားစွင့်ထားရသလို ကိုယ်လုရန် မှန်း ထားသည့်ခွက်ကိုလည်း မျက်စောင်းဖြင့် ကြည့်ထားရသည်။ လက်ကလည်း လုရန် အသင့်အနေအထား ဖြစ်နေရ မည်။
လုကြပြီဆိုက ဝုန်းဒိုင်းကြဲ။

အချို့အိမ်ရှင်တွေကတော့ “လု တော့လုကြ ပန်းကန်တွေ ခွက်တွေ မကွဲစေနဲ့” ဆိုပြီး။ သူတို့ပြောရင် နာထောင်ပေးလိုက်တယ် ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး။ ပြီးရင် လုတာပဲကွဲ တာပဲဟု မောင်ဖိုးကျော်က ပြောသည်။
ယင်းသို့ အကွဲအပြဲများက အချို့ အလှူရှင်များ ပျော်ပျော်ပါးပါး ညည်း တွားတတ်ကြသည်။
အိမ်တွင် ဦးရှင်ကြီးတင်သဖြင့် ဦးရှင်ကြီးတင်ဆရာ သွားခေါ်ရာ ခေါ်မရ သဖြင့် စိတ်နာပြီး ဦးရှင်ကြီးတင်နည်း စာမရရအောင် ကျက်ရာမှ ဦးရှင်ကြီး တင်ဆရာ ဖြစ်လာသူ လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာမှ အသက် ၆၈ နှစ် ဦးမောင်သောင်းကတော့ ဦးရှင်ကြီးနတ် က ဆွမ်းတော်ကျအား ဝိုင်းလုကြမှ ကြိုက်သည်ဟူ၏။

“ခွက်တွေ ကွဲလည်း ကွဲပါစေပေါ့။ အိမ်ရှင်တွေက လာပြောလို့ မရဘူးလေ။ ဦးရှင်ကြီး(နတ်)က လုမှ ကြိုက်တာကိုး ဘာမှ မတတ်နိုင်ဘူး၊ ဦးရှင်ကြီး(နတ်)က လုမှ ပိုပျော်တယ်၊ အဲမှ စိတ်ချမ်းသာ တယ်လို့ ပြောတယ်။ ဦးရှင်ကြီး တင် နေလာတဲ့ သက်တမ်းသုံးနှစ်ထဲမှာတော့ မလုတဲ့ ဦးရှင်ကြီးတင်ပွဲဆိုတာ အခုထိ တစ်ခါမှ မတွေ့ရသေးဘူး” ဟု ဦးမောင် သောင်းက ပြောသည်။
သို့ဆို၍ ဦးရှင်ကြီး ဆွမ်းတော်ကျ လုရသည်မှာ မခက်လှဟု မမှတ်ယူ သင့်ပါ။ ဦးရှင်ကြီးတင်ပွဲတစ်ပွဲ၏ ဆွမ်း တော်ကျလုရမည့် အချိန်အတိအကျကို သိထားရသည်။ ယင်းအချိန်ကို သတ် မှတ်အခါတော်ပေးသူမှာ ဦးရှင်ကြီးတင် ဆရာဖြစ်သည်။
“ကိုယ်က လုနေကြ ဖြစ်သွားပြီဆို ရင်တော့ ဦးရှင်ကြီးတင်တဲ့သူ အထာကို သိနေပြီ။ ဘယ်သူဆို ဘယ်အချိန်လုရ မလဲဆိုတာ သိနေပြီ။ ဦးရှင်ကြီးတင် သမားကတော့ လုတော့ဆိုပြီး တစ်ခါမှ မပြောကြဘူး။ သူဆိုနေတုန်းမှာ ဝင်လုလိုက်တာပဲ။ (နတ်) ပြန်ပို့ချိန် ရောက်ပြီဆိုရင် လုကြတာပေါ့” ဟု မောင်ဖိုးကျော်က ပြောသည်။

ဦးမောင်သောင်းဆွမ်းတင်လျှင် နတ်ပို့ပြီး(စာ ဆုံးခန်းတိုင်)မှ လုစေချင် သည်။ သူက “နတ်မင်းရာဇာ..တေဇာ ရိုင်ဟီး .. တန်းခိုကြီးပါတဲ့ နတ်ဦးရှင် ခင်ဗျား…” ဟု ဆိုပြီးချိန်လုကြလျှင် ပိုသဘောကျသည်။
ဦးရှင်ကြီး လုချိန် နေရာဒေသ တစ်ခုနှင့် တစ်ခု၊ ဆရာတစ် ယောက်နှင့် တစ် ယောက် မတူပါ။
အချို့က “ကွန်း စင်မှာ ဆွမ်းတင် လို့ ပြီးပါပေါ့ နတ်ဦးရှင်ကြီး ခင် ဗျာ..”ရောက်လျှင် လုကြရသည်။ လက်သွက် သူတို့က “ကွန်းစင်မှာ ဆွမ်းတင်လို့ ပြီး” ဆို၍ “ပြီး”ကို ဆိုသည်နှင့် လုလျှင် ဆွမ်းတင်ဆရာ စိတ်မဆိုးပါ။
အချို့နေရာများတွင်ကား နတ်ပို့ ပြီးသည်အထိ မစောင့်ကြတော့ပါ။

“ဦးရှင်ကြီးတင်တဲ့ဆရာကိုလည်း လန့်နေရတယ်၊ သူက ကလေးတွေဆို အော်ငေါက်နေတာ “ဟကောင်တွေ နေဦးနော်” ဆိုပြီး၊ ဒါပေမဲ့ သူမျက်စိမှိတ် ပရိတ်ရေဖျန်းပြီးဆိုတာနဲ့ လုကြတာပဲ”အောင်သုခရပ်ကွက်မှ ကိုအောင်ကပြော သည်။
ယခုအချိန်တွင် အချို့ရွာများ၌ ဦးရှင်ကြီးလုပွဲများ ပိုပိုသရုပ်ပျက် လာသည်။ ဆွမ်းတင်စ၊ နတ်ပင့်စတွင်ပင် သူ့ထက်ငါဦး ညာသံပေး ဝိုင်းလုလာ ကြသည်။ ဆွမ်းခွက်ဗလာဖြစ်သွားသော ကွန်းစင်မှောင်မှောင်တွင် ဖယောင်းတိုင် လေးတစ်တိုင်ထွန်းငြှိကာ ဦးရှင်ကြီး ဆရာဆွမ်းတင်နေသည့် မြင်ကွင်းများ တွေ့လာရသည်မှာ စိတ်မကောင်းစရာ။
“တချို့ဆို လုတာ တအားညစ်ပတ် တယ်၊ တင်တာနဲ့ လုကြတာ၊ တုတ်တစ် ချောင်းရှာထားပြီး ကလေးတွေကို ကြိမ်းမောင်းထားရတယ်၊ တင်တာနဲ့ လုမှာ စိုးလို့၊ တင်တာနဲ့ လုလိုက်ရင် ဦးရှင်ကြီးက စားမှမစားရဘဲ လိမ်ညာ ပြီး ခေါ်(ပင့်)လိုက်သလို ဖြစ်သွားတာ ပေါ့” ဟု ဦးမောင်သောင်းက ပြောသည်။

မည်သို့ဆိုစေ ပင်လယ်ကမ်းရိုး တန်း ရှည်ကြီးပိုင်ဆိုင်ထားသော တနင်္သာရီတိုင်းတွင် ဦးရှင်ကြီးတင်ပွဲများ ရှိနေသ၍ ဦးရှင်ကြီးလုသူများကား ရှိနေဦးမည်သာ။