ရဲကင်း ရုတ်သိမ်းပြီးနောက် သိဒ္ဓိအောင်ကျောင်းလမ်းဝန်းကျင်တွင် မူးယစ်ဆေးဝါးရောင်းသူများ ပြန်လှုပ်ရှား

0
333

မြိတ်မြို့နယ် အလယ်ကျွန်းနယ်မြေ နှင့် ကန်ခေါင်းရပ်ကွက်အကြားရှိ ရဲကင်း ကို ရုတ်သိမ်းပြီးနောက် သိဒ္ဓိအောင် ကျောင်းလမ်း ဝန်းကျင်တွင် မူးယစ်ဆေးဝါး ရောင်းချသူများ ပြန်လည်လှုပ်ရှားလာ ကြောင်း အလယ်ကျွန်း နယ်မြေ အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ပြောသည်။
ရပ်ကွက် နှစ်ခုစပ်ကြားတွင် မူးယစ် ဆေးဝါးများကို လက်လီ/လက်ကားရောင်း ချမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရဲကင်း တစ်ခုရှိခဲ့ပြီး ရဲကင်း ရုတ်သိမ်းပြီး တစ်နှစ် နီးပါးအကြာတွင် မူးယစ်ဆေးဝါး ရောင်းသူ များ ပြန်လည်လှုပ်ရှားလာကြောင်း အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ပြောပြသည်။

“အဲဒီနေရာမှာ ရဲကင်းတစ်ခုကို (ရဲ)အရာရှိ အပါအဝင် ချပေးစေချင် တယ်”ဟု ဦးဝင်းခိုင်က ပြောသည်။
ရဲကင်းတစ်ခု ချထားပေးနိုင်ရန် အတွက် ဇန်နဝါရီလ ၁၃ ရက်က မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာ ခန်းမတွင် ပြုလုပ်သည့် တနင်္သာရီ တိုင်းဒေသကြီး ဒေါက်တာလဲ့လဲ့မော်နှင့် ရပ်/ကျေးအုပ် စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲတွင် လည်း တင်ပြခဲ့ကြောင်း ဦးဝင်းခိုင်က ပြောပြသည်။

“မနေ့ကလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ဝင်စစ်ဆေးတာ အားလုံး ပြေးကုန်တယ်”ဟု အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ပြောသည်။
အဆိုပါ ရပ်ကွက်နှစ်ခု စပ်ကြား သည် လူအသွားအလာနည်းပြီး လမ်း ကျဉ်းသဖြင့် မူးယစ်ဆေးဝါး ရောင်း သူများ လှုပ်ရှားခြင်းဖြစ်နိုင်ကြောင်း ယင်းရပ်ကွက် အနီးနေထိုင်သူ များက မှတ်ချက်ပြုကြသည်။
“ဒီလမ်းက ဖြတ်ရင် လူငယ်တွေ မူးယစ်ဆေးဝါးရောင်းနေတာ သိသာလွန်း တယ်။ ယူမလားဆိုပြီး အမေးလည်း ခံရ ဖူးတယ်”ဟု ပါရမီရပ်ကွက်နေ အသက်(၃၀) ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းနေရာတွင် ရဲကင်းထားရန် အစီအစဉ်မရှိဘဲ ကန်ဖျားနယ်မြေ အမှတ် ၂ ရဲကင်းစခန်းက လှည့်ကင်း တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း မြိတ်မြို့နယ် ရဲမှူးအေးမင်းက ပြောပြသည်။
“ကန်ဖျားနယ်မြေရဲကင်းကနေပြီး နယ်မြေစိုးမိုးရေး ပြန်လုပ်သွားမယ်”ဟု မြိတ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးချိုလွင် က ပြောသည်။