လမ်းဘေးမှာ’သွားတု’စိုက်မလား

0
866

“ဆရာ … ကျွန်မမှာ စိုက်ထားတဲ့ သွားတု အဆင်မပြေလို့ လာပြတာပါ”ဆိုပြီး ဝင်လာသော လူနာကို သွားခုံပေါ် ထိုင်ခိုင်း၍ စမ်းသပ်ကြည့်၏။ သွားတု စိုက်ထားသည်မှာ သွားဆရာဝန်တစ် ယောက်စိုက်(ကုသ)ထားသော လက်ရာ မဟုတ်။ “ဘယ်က စိုက်ထားလဲ”ဟု ကျွန်တော့် အမေးမှာ “ရွာမှာ လာကုသ သော ဆရာတစ်ယောက်ဆီမှာ သူများ တွေလည်း သွားတုစိုက်နေကြတာနဲ့ ကျွန်မလည်း ဝင်ကုသခံ(သွားစိုက်)လိုက် တာပါ”ဟု လူနာအမျိုးသမီးက ပြန်ဖြေပါ သည်။
“အဲဒါ သွားဆရာဝန် မဟုတ်ဘူး လား… ကျွန်မက သွားဆရာဝန်ထင်နေ တာ”ဟု တအံ့တဩနှင့် သူက ကျွန်တော် ကို မေးနေပါသည်။

ကျွန်တော် ထိုကဲ့သော လူနာများကို တစ်လလျှင် တစ်ယောက်နှုန်းခန့်တွေ့ နေရ၍ အမြဲရှင်းပြနေရသည်။ သွားဆရာ ဝန်မဟုတ်သော သွားရမ်းကုဟု ခေါ်ဆိုရ မည့် ထိုသူတို့၏ အကြောင်းများကို မပြောချင်ဘဲ ပြောနေရ၏။ သွားရမ်းကုများ သည် ကျောပိုးအိတ်တစ်လုံးနှင့် မြို့နှင့် အလှမ်းကွာသော ရွာများသို့ သွားရောက် ကာ “သွားစိုက်ပေးသည်”ဆိုပြီး ရိုးသား သော ရွာသားများ၏သွားများကို နှုတ် သည်လည်းရှိ၊ စိုက်ပေးသည်လည်း ရှိကြ သည်။ ထိုသို့ ကုသလိုက်ခြင်းက ပေးသူ ယူသူ ကြည်ဖြူ၍ ကုပေးသူနှင့် ကုသခံသူ သဘောတူ၍ သွားတုစိုက်ကြသည်ကို စာရေးသူက မနာလိုဖြစ်နေလို့လားဟု စာဖတ်သူက မေးချင်နေပါလိမ့်မည်။ သွားရမ်းကုများက စိုက်ထားသည့် သွားတု များ ကောင်းနေ၍ကား ကျွန်တော့်အနေနှင့် ဘာမှပြောစရာမရှိပါ။

ယခုတော့ သွားရမ်းကုများ၏ ပရမ်း ပတာ ကုသချက်ကြောင့် လူနာများ၏ နဂိုမူရင်းသွားများ ထိခိုက်သွားရသည်မှာ ကြောက်စရာ ကောင်းလှသည်။ နဂို ကောင်းသော မူရင်းသွားများကို ဘက်ထရီ မော်တာစက်များဖြင့် အပေါက်ဖောက်ပြီး စတီးချိတ်နှင့် သွားများကို တွယ်၍ အသင့် စိုက်သွားတုများကိုထည့်ကာ ဖြစ်သလို အစေးမြန်သော ကော်(အမှုန့်အရည်)နှင့် ရောဖျော်ကပ်သိပ်ပြီး စိုက်ပေးကြသည်။ သူတို့သုံးသော သွားတုပစ္စည်းများသည် အမြန်ခဲစေသော အာနိသင်ရှိ၍ လတ် တလော ချက်ချင်းပြီးသွားသည်ကို လူနာ များက သဘောတွေ့ကြ၏။ ထိုပစ္စည်း များမှ ထွက်သောဓာတ်(Residual Monomer) များက သွားဖုံးသား၊ အာခေါင် များကို ရေရှည်တွင် ယောင်ရမ်းစေ တတ်ပြီး ဘေးဥပါဒ် ဖြစ်စေတတ်သည်ကို သွားတုစိုက်ခံသူတို့ မသိကြပါ။ ထို့အပြင် ဖြစ်သလို နည်းစနစ်မကျ စိုက်ထားသော သွားတု များ၏ အရှည်အတို အနိမ့်အမြင့်၊ ဒီဇိုင်းမမှန်မှုများက ခံတွင်းနှင့် သွားများ ကို ရေရှည်ထိခိုက်စေပါသည်။ ထိုသို့ ပုံမှန်မဟုတ်သော သွားတုများ ရေရှည်ရှိ နေခြင်းများကြောင့်လည်း ခံတွင်း ကင်ဆာ ဖြစ်သွားကြသည်လည်း ရှိသည်။

တချို့လည်း ရေရှည်ဘာမှမဖြစ်ဘဲ ကောင်းသည်ဟု ထင်တတ်သူလည်း ရှိ သည်။ တချို့လည်း တစ်ရက်၊ နှစ်ရက်အ တွင်း နာလာ၍ ကျွန်တော့်ဆီ လာပြကြ သည်။
သွားများကို ပုံပန်းမကျ အညံ့စား စက်ဖြင့် ဖြစ်သလို စားချထားခြင်း၊ အ ပေါက်ဖောက်ထားခြင်းများမှတစ်ဆင့် သွားပိုးစားရောဂါများ ဖြစ်လာကြပြီး ကြာလာသောအခါမှ ပြည်တည်နာ ရောင်ရမ်းနာများအဖြစ် လာပြရသော အခြေအနေ များလည်းရှိသည်။ ပုံစံ မကျသော သွားတုများကို ဖြုတ်မရ၍ ထွေးမရ မြိုမကျနှင့် ရောက်လာသော လူနာများလည်း တွေ့နေရသည်။

သွားရမ်းကုများသည် မြို့ကြီးများ တွင်လည်း ပုန်းလျှိုးကွယ်လျှိုးနှင့် ရှိနေ ကြသည်။ တစ်လောက လူနာတစ်ယောက် ရန်ကုန်က သွားတုစိုက်လာတာ အဆင် မပြေလို့ဆိုပြီး လာပြ၏။ စစ်ဆေးကြည့် တော့ သွားရမ်းကုလက်ချက်များကို တွေ့ မိ၍ ဘယ်ဆေးခန်းက စိုက်လာတာလဲ ဟု မေးမိသည်။ ထိုအခါမှ လူနာက လှိုင် သာယာရှိ ဆွေမျိုးအိမ်မှာ တည်းခိုစဉ် ၎င်းအိမ်က ဖုန်းဆက်ခေါ်ပေး၍ အိမ်တိုင် ရာရောက် လာစိုက်ပေးသော သွားရမ်း ကုနှင့် စိုက်လာတာဟု သိရပါသည်။ ယခုအခါ သွားရမ်းကုများသည် ကျေးရွာ များကို လစဉ်နီးပါးဆင်းကာ ရွာရှိ ပေါက်ရောက်သော လူတစ်ယောက်နှင့် ခင်မင်အောင် ပြောဆိုပြီး သွားတုစိုက် မည့်သူများကို စုစည်းခိုင်းသည်။ တစ်နေ့ တည်းနှင့် သွားတုများကို စိုက်ပေးသည်။ ထိုနည်းဖြင့် တစ်ရွာပြီးတစ်ရွာပတ်ပြီး လှည့်လည် ရမ်းကုနေကြ၏။ ကုသခံ သူများမှာ အိမ်တိုင်ရာရောက် သွားတု စိုက်ခြင်းကို နှစ်သက်ကြသလို တစ်ထိုင် တည်းနှင့် တစ်နေ့တည်း သွားတုပြီး သွားသည်ကို သဘောကျကြသည်ဟု ဆို၏။ ဈေးကား မပေါ။ တစ်ချောင်းစိုက် သောင်းဂဏန်း ပေးရသည်ဟု ဆိုပါသည်။

အံ့ဩစရာကောင်းသည်က မိမိခံ တွင်းရှိ သွားများကို တွေ့ရာလူနှင့် ဖြစ်သ လို ကုသခံဝံ့တာကိုပင်။ ယခုခေတ်မှာ တစ်ခါသုံးဆေးထိုး အပ်သုံးရုံ၊ လက်အိတ် သုံးရုံနှင့် ရောဂါပိုးမွှား မကူးစက်ဟု ထင်နေကြသလား မသိပါ။တံတွေး၊ သွေးများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (ဥပမာ- ဘီပိုး၊ စီပိုး၊ HIV စသဖြင့်)အကြောင်းကို မသိကြသည် လား။ မည်သည့်ပစ္စည်းကို မည်သို့ ပေါင်းတင်ပိုး သတ်ရသည်ကိုလည်း လူအများစု စိတ်မဝင်စား။ ရေနွေးလေးနှင့် ပြုတ်ရုံ၊ အရက်ပြန်လေးနှင့် ဆွတ်ရုံ၊ တွေ့ရာ ပစ္စည်းများနှင့် ဖြစ်သလို လမ်း ဘေးမှာ မိမိခံတွင်းနှင့် သွားများကို ကုသခံဝံ့သည်မှာ ရိုးသားကြသည်လား။ “အ” ကြသည် လား စာရေးသူမပြောတတ်။ သေချာ သည်မှာ ကျေးရွာများတွင် ထိုသို့ ရမ်းကုသော သူများ၏ လက်ချက်ဖြင့် သွားတုလူနာများ ပျော်ပျော်ရွှင်ရွှင် စတေးခံကြသည်မှာ အများအပြား တွေ့ နေရပါသည်။

အကြောင်းသင့်၍ မြန်မာပြည်ရှိ သွားနှင့်ခံတွင်း ဆရာဝန်များကြောင်း ကို အနည်းငယ်ဆိုပါရစေ။
မြန်မာပြည်မှာ သွားဆရာဝန်ဖြစ်ဖို့ ဆယ်တန်း (တက္ကသိုလ်ဝင်တန်း)မှာ အ မှတ်ကောင်းကောင်း (ယေဘုယျအားဖြင့် ဒုတိယအမှတ် အများဆုံးရရန်)နှင့် အောင်ဖို့ လိုသည်။ သွားဆေးတက္ကသိုလ် တွင် ခြောက်နှစ်(နှစ်အပြည့်)စာတွေ့ လက်တွေ့သင်ကြားကာ စာမေးပွဲ အဆင့် ဆင့် အောင်မြင်ရမည်။ ဘွဲ့ယူသောအခါ သွားဆရာဝန်ကျင့်ဝတ်နှင့်အညီ နေထိုင် ပြုမူကျင့်ကြံပြောဆို လုပ်ကိုင်အသက် မွေးဖို့ သစ္စာဆိုပြီးမှ ဘွဲ့ရကြသည်။

ဘွဲ့ရပြီးလျှင် သွားနှင့် ခံတွင်းဆေး ကုသခွင့် လိုင်စင်(သ.ခ)ရဖို့ တချို့သော ကာလတွေမှာ အစိုးရ အလုပ်သုံးနှစ်အ နည်းဆုံး လုပ်ပြီးမှ ရကြသည်။ ယခုတော့ ဘွဲ့ရပြီးလျှင် သ.ခကို မြန်မာနိုင်ငံ သွား ဘက်ဆိုင်ရာ ဆေးကောင်စီ (Myanmar Dental Council)လျှောက်လို့ ရကြောင်း သိရသည်။ ဆေးခန်းဖွင့်လျှင် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေး ဦးစီး ဌာနမှာ ခွင့်ပြုချက်လျှောက်ထားရပြီး ခွင့်ပြုမှ ဆေးခန်းဖွင့်ခွင့် ရကြပါသည်။

မြန်မာနိုင်ငံ၌ သွားဆေးကောလိပ် ကို ၁၉၆၄ခုနှစ်တွင် စတင်တည်ထောင် ပြီး ယခုအခါ ဆေးကုသခွင့်(သ.ခ)ရှိသော သွားဆရာဝန်ပေါင်း ၄၀၀၀ကျော်ရှိနေပြီ ဟု သိရသည်။ မြန်မာနိုင်ငံ၏ မြို့နယ်အ များစုတွင် သွားဆရာဝန်များကို နိုင်ငံ တော်က ခန့်ထားကြတာ တွေ့ရသည်။ ၁၉၆၄ မတိုင်မီ မြန်မာနိုင်ငံတွင် မိရိုးဖ လာ သွားစိုက်ဆိုင်များ၊ သွားစိုက် လုပ်ငန်းများ ရှိကြသည်။ ထိုသူများကို သွားဘက်ဆိုင်ရာဆေးကောင်စီ (နိုင်ငံ တော်မှ) လိုအပ်သလို လေ့ကျင့်ပေးပြီး CDP ဆိုသော လက်မှတ်များ ထုတ်ပေး ခဲ့ဖူးပါသည်။ ထိုမျိုးဆက်များသည် ယခုအခါ အသက်အရွယ် ခုနစ်ဆယ် ကျော်တန်းများ ရှိနေကြပါပြီ။ ထိုနောက် ပိုင်းတွင် သွားစိုက်ဆိုင်နှင့် ပတ်သက် သော CDP လက်မှတ်များ ထုတ်မပေး တော့ကြောင်း သိရပါသည်။ ယခုအခါ မြို့ကြီးများအများစုတွင် သွားစိုက်ဆိုင် များ မရှိတော့ပါ။ သွားစိုက်ခြင်းသည် အဖေက သွားစိုက်တတ်၍ သားကိုသင် ပေးပြီး လက်ဆင့်ကမ်းကုသရသော ပညာမဟုတ်ပါ။ မြန်မာနိုင်ငံဥပဒေအရ သွားနှင့်ခံတွင်း ဆေးပညာဘွဲ့ရထားသော သွားဆရာဝန်များကသာ ကုသခွင့်ရှိကြ ပေသည်။

နိဂုံးချုပ်ရလျှင် ကျေးရွာများ၌ သွား တုစိုက်သည်ဆိုသည်မှာ လျှို့ဝှက်စွာ လုပ်၍ မရပါ။ သွားတုစိုက်သော သူဦးရေ များများရမှ များများ အလုပ်ဖြစ်ကြသည်။ ထိုအခါ မိမိရွာတွင် လူစုလူဝေးနှင့် သွား တုစိုက်ခြင်း များတွေ့ရှိသော် ရာအိမ်မှူး များက ထိုသူဆီမှာ သွားဆရာဝန်ဘွဲ့ (သ.ခ) ရှိမရှိ လက်မှတ်တောင်းကြည့်ပြီး မရှိပါက နီးစပ်ရာကျန်းမာရေးဦးစီးဌာန သို့မဟုတ် ရဲစခန်းသို့ ဖုန်းဆက်အ ကြောင်းကြားသင့်သည်။ ပြည်သူတစ်ဦး ချင်းစီကလည်း မိမိခန္ဓာကိုယ်ကိုမိမိပိုင် သည်။ ဘယ်သူနှင့်ပဲကုသကုသဟု သဘောထားကိုတော့ မငြင်းလိုပါ။

သို့သော် မိမိကိုကုသသော သူကို သွားဆရာဝန် ဟုတ်မဟုတ်စိစစ်၍ ရွေး ချယ်ကြပါဟု တိုက်တွန်းလိုပါသည်။ ယခုလို ရောဂါပေါင်းစုံ စုပြုံနှိပ်စက်နေ သော ခေတ်ကာလမျိုးမှာ မိမိ၏ ရွေး ချယ်မှုက မြင်ရသော သွား၊ သွားတု တစ်ခုတည်းကိုသာမက မမြင်ရသော ကူးစက်ရောဂါများကိုပါ ထည့်စဉ်းစားဖို့ ထပ်မံ သတိပေးရင်း လမ်းဘေး၌ သွားတု စိုက်ခြင်းများကို ဆင်ခြင်နိုင်ကြပါစေ။