လူမှုရေးပင်စင်အတွက် အသက်ကိုးဆယ်ပြည့်တော့မည့် ဘိုးဘွားများ စာရင်းပေးနိုင်

0
398

လူမှုရေးပင်စင် စတုတ္ထအကြိမ် ထောက်ပံ့နိုင်ရန်အတွက် မတ်လ ၃၁ ရက်တွင် အသက်ကိုးဆယ်နှစ်ပြည့် မည့် ဘိုးဘွား အမည်စာရင်းများကို သက်ဆိုင်ရာ ရပ်/အုပ် ချုပ်ရေးမှူးများ ထံတွင် စာရင်းပေးသွင်းနိုင်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

အသက် ၉၀ နှစ်နှင့် အထက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် ၁သောင်းနှုန်းဖြင့် ၃ လ တစ်ကြိမ် ထောက်ပံ့နေခြင်းဖြစ် သည်။
လက်ရှိတွင် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များထံ အသက် ၉၀ နှစ်ပြည့်မည့် ဘိုးဘွားများစာရင်း တောင်းခံထား ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ဦးက ဆိုသည်။

တတိယအကြိမ် ထောက်ပံ့ငွေများ ကို ပြီးခဲ့သည့် ဒီဇင်ဘာလက ဘိုးဘွား ၁၄၆၁ ဦးကို ပေးအပ်ခဲ့ပြီးဖြစ်ကာ နောက်ထပ် အသက် ၉၀ နှစ်ပြည့်ကာ ထပ်တိုးလာမည့် ဘိုးဘွားများစာရင်းကို တောင်းခံထားခြင်းဖြစ်သည်။
“နောက်သုံးလအတွက် တိုးမယ့် စာရင်းကို တောင်းထားတာ၊ အသက် ပြည့်တဲ့ ဘိုးဘွားတွေ ရပ်ရွာထဲမှာ ရှိတယ်ဆိုရင် ရပ်^ကျေး အုပ်ချုပ်ရေး မှူးတွေကို စာရင်းပေးနိုင်တယ်”ဟု ဒေါ်ခိုင်ခိုင်ဦးက ပြောသည်။

ယခင်က ဘိုးဘွားများ အသက် ၉၀ နှစ်ပြည့်ကြောင်း ထောက်ခံချက်ဖြင့် လူမှုရေးပင်စင် ထုတ်ပေးခဲ့ပြီး လာမည့် စတုတ္ထအကြိမ်တွင်မူ မှတ်ပုံတင် (သို့) အိမ်ထောင်စုစာရင်းရှိမှသာ ထုတ်ပေး တော့မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်စန်းရီက ဆိုသည်။

အသက်ပြည့် ဘိုးဘွားများကို လူမျိုးဘာသာမရွေးဘဲ မြန်မာနိုင်ငံသား ဖြစ်က လူမှုရေးပင်စင်ကို ထောက်ပံ့နေ ခြင်းဖြစ်ပြီး စတုတ္ထအကြိမ် ထောက်ပံ့ ငွေကို လာမည့် မတ်လတွင် ပေးနိုင်ဖွယ် ရှိကြောင်း ဒေါ်ခင်စန်းရီက ပြောသည်။
မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် တိုင်း အတွင်း အသက် ၉၀ နှစ်နှင့် အထက် ဘိုးဘွား ၂၆၃၂ ဦးရှိပြီး ကျေးလက်တွင် နေထိုင်သူ ၁၈၆၃ ဦးနှင့် မြို့ပြတွင် နေထိုင်သူ ၇၆၉ ဦးရှိကြောင်း ဖော်ပြ ထားသည်။