ကိုယ်ပိုင်မူရှိပါစေ

0
599

အစိုးရဌာနကြီးတစ်ခုတွင် အုပ်ချုပ် နေသော အရာရှိကြီးတစ်ဦး နုတ်ထွက် သည်။ သူ့နေရာရောက်လာသည့် အရာ ရှိအသစ်အား လုပ်ငန်းများ လွှဲပေးသည်။ လုပ်ငန်းများနှင့်အတူ စာအိတ် ၃ အိတ် ပေးခဲ့သည်။
“အကျဉ်းအကြပ်ထဲရောက်မှ အစဉ် လိုက်ဖွင့်ပါ”ဟု မှာခဲ့သည်။

အရာရှိသစ် စတက်ပြီး ခြောက်လ ခန့်ကြာသော် ဆက်စပ်ဌာနများ၊ ပြည်သူ များထံမှ မကျေနပ်ချက်များ၊ တိုင်စာများ တက်လာသည်။ အရာရှိဟောင်းပေး ထားခဲ့သည့် စာ ၃ စောင်ကို သတိရသည်။
ပထမစာအိတ် ဖောက်ဖတ်လိုက် သည်။

“သင်၏ရှေ့က တာဝန်ယူခဲ့သူကို သာ အပြစ်တင်လိုက်ပါ၊ အဆင်ပြေသွား လိမ့်မည်”ဟု ရေးထားသည်။
အရာရှိအသစ်က မပြေလည်မှု မှန်သမျှ အရင်လူကိုသာ အပြစ်ပုံချလိုက် သည်။
“ဒီကိစ္စတွေက၊ ဒီအကြပ်အတည်း တွေက အရင်လူကြောင့်ပါ ခင်ဗျ”
တိုင်တောသံလျော့ကျပြီး ပြန်လည် အဆင်ပြေသယောင် ဖြစ်လာခဲ့သည်။ သို့သော် မကြာလိုက်ပါ။ လုပ်ငန်းခွင် အဆင်မပြေမှုများ ဖြစ်လာပြန်သည်။

အရာရှိဟောင်း ပေးထားခဲ့သော ဒုတိယစာအိတ်ကို ဖောက်ဖတ်လိုက်ပြန် သည်။
“ဌာနကို တတ်နိုင်သလောက် ပြန် လည် ဖွဲ့စည်းပါ”ဟု ရေးထားသည်။
ယုံကြည်စွာ အကောင်အထည်ဖော် လိုက်ရာ အတော်ပင် ငြိမ်သက် အဆင် ပြေသွားသည်။ သို့သော် လအနည်းငယ် ကြာသော် ယခင်ထက် ပိုမိုကြီးမားသော အခက်အခဲများ ကြုံတွေ့ရပြန်သည်။
နောက်ဆုံး လက်ကျန် တတိယစာ အိတ်ကို အားကိုးတကြီး ဖောက်ဖတ် လိုက်ရတော့သည်။
စာဖတ်ပြီးနောက် ထိုအရာရှိ ခွေကျ သွားသည်။

“မင်းလည်း စာအိတ် ၃ အိတ်သာ ပြင်ထားလိုက်ပါတော့”ဟူ၏။
လတ်တလော လူပြောများနေသည့် ပုံပြင် ဖြစ်ပါသည်။
မိတ်ဆွေ နိုင်ငံရေးသမားတစ်ဦးက မူ ရုရှားပုံပြင်ဟု ဆိုသည်။ ဇာတ်ကောင် များက ပြည်နယ်တစ်ခုမှ ဝန်ကြီးချုပ်များ ဟု ဆိုသည်။
ထိုပုံပြင်ကို စာရေးဖော် ရေးဖက် များ၏ အကူအညီဖြင့် အင်တာနက်တွင် မွှေနှောက်ကြည့်ရာ မူကွဲများစွာ တွေ့ရ ပါသည်။ တချို့က နိုင်ငံရေးနောက်ခံ၊ တချို့က စီးပွားရေးနောက်ခံ စသဖြင့် ဖွင့်ဆိုထားသည်။ အခြေခံကား အတူတူ ပင် ဖြစ်သည်။
နိုင်ငံရေး နယ်ပယ်ဖြစ်စေ၊ စီးပွားရေး နယ်ပယ်ဖြစ်စေ အခက်အခဲ အကြပ် အတည်းတွေက ကိုယ်ပိုင်မူ၊ ကိုယ်ပိုင် အရည်အသွေးမရှိသူတို့ လုပ်လေ့လုပ်ထ ရှိသည်များကို ပုံပြင်ဖွဲ့ထားသည်ဟု မှတ်ယူသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်း အကျင်းနှင့်လည်း အနည်းငယ် တိုက်ဆိုင် နေသဖြင့် လူပြောများနေခြင်း ဖြစ်နိုင် သည်။ ပြည်ထောင်စုအဆင့်နှင့် တိုင်း အချို့တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးများ ဖြည့်စွက်ပြင်ဆင်မှုအချို့ကို ကြည့်ကာ အချို့က “ဒုတိယ စာအိတ်ဖောက်လိုက်ပြီ”ဟု ဆိုသူများ ရှိလာသည်။
ယင်းကိစ္စ ယခုဆောင်းပါးတွင် မဆွေးနွေးလိုပါ။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်း အကျင်း၊ တိုင်းပြည်ကို ဦးဆောင်နေသူ တို့၏ နိုင်ငံရေး အကြပ်အတည်းကို မသိမီနိုင်၊ မခန့်မှန်းနိုင်ပါ။ မခန့်မှန်း ရဲပါ။ စဉ်ဆက်ဖြစ်ပေါ်နေသည့် သတင်း အချက်အလက်များအရ တိုင်းရေး ပြည်ရာတွင် ပါဝင်ပတ် သက်နေသူတို့၏ သဘောထားအပေါ် မူတည်ကာ နေ့ည မဟူ ပြောင်းလဲသွားနိုင်၊ တိုးတက် သွားနိုင်သည့် အခင်းအကျင်းမျိုးဟု သာ မြင်မိသည်။
သို့ကြောင့် မမြင်သာ၊ လက်လှမ်းမ မီသည်များကို မဆွေးနွေးလို။

အရင်လူ(တစ်ပါးသူ)ကို အပြစ်ပုံချ တတ်သူတို့အတွက် စံပြုထိုက်သူသည် မြန်မာနိုင်ငံသားများအတွက် နီးနီးလေး ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ၊ ဆွေးနွေးမှုများ၊ မှာကြားချက်များ၊ စာပေ များကို လေ့လာကြည့်ပါ။
မည်သူ့ကို အပြစ်ပုံချ ပြောဆိုဆွေး နွေးရေးသား ဖူးပါသနည်း။ ထားပါ။ အဓိက ဆွေးနွေးလိုသည်မှာ အထက်ပါ စာ ၃ စောင်နှင့် “ကိုယ်ပိုင်မူ” ပျောက် ဆုံးခြင်းကိစ္စ ဖြစ်သည်။
ထူးချွန်ထက်မြက်သူတိုင်းတွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူ ရှိကြသည်။ အိမ်ရှင်မကောင်း တစ်ဦးချင်းစီတွင်ပင် ပုံသေနည်းမှ ဖောက်ထွက်ထားသော ကိုယ်ပိုင်ချက်ပြုတ်နည်းများ ရှိနေတတ် သည်။ အိမ်ထောင်ဦးတို့တွင်လည်း ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဟန် မှုဖြင့် မိသားစုကို ဦးဆောင်နေသူ ထုနှင့်ဒေး။

ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ကုမ္ပဏီတိုင်းတွင်လည်း “ကိုယ်ပိုင်မူ” ရှိကြသည်။ မိမိပါဝင်သည့် အဖွဲ့အစည်း မှ ချမှတ်လိုက်သော မူဝါဒ၊ လုပ်ငန်း စဉ်များကို အကောင်အထည်ဖော်ရာတွင် မိမိ၏ ကိုယ်ပိုင်မူကို ထုတ်သုံးနိုင်ပါသည်။
အုပ်ချုပ်ရေးအဖွဲ့၏ အောက်ခြေ ယန္တရား ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ကိုယ်ပိုင်ဟန်မူ ထုတ်သုံးနိုင်ပါသည်။
“သင်္ချိုင်းချဲ့ပေးမယ့်အစား ဆေး ပေးခန်းဖွင့်ပေးပါ ခင်ဗျာ၊ သင်္ချိုင်းက နောက်ဆို သင်္ဂြိုဟ်စက် ဆောက်လို့ ရပါတယ်”
ဆိုင်အရောင်းဝန်ထမ်းလည်း လုပ် ငန်းခွင်အတွင်း ကိုယ်ပိုင်မူဟန်ထုတ်သုံး အကြံပြုသည်။

“ဝန်ထမ်းတိုးတာထက် ဖုန်စုတ် စက်တစ်လုံးဝယ်တာက လုပ်ငန်းပိုတွင် ကျယ်ပြီး လူရောငွေပါ သက်သာလိမ့် မယ်”
ယင်းသို့ အဖွဲ့အစည်းတစ်ခု၏ အောက်ခြေအဆင့်တွင်ပင် ကိုယ်ပိုင် မူဟန် ထုတ်သုံး အကြံပြုနိုင်က နယ် ပယ် အသီးသီးမှ လုပ်ငန်းစဉ် များစွာကို ခန့်ခွဲနိုင်သော အကြီးအကဲများဆိုလျှင် ပြောဖွယ်ရာ မရှိ။
တချို့က မိမိပါဝင်နေသော အဖွဲ့ အစည်း၏ “မူ” အောက်တွင်သာ သေ ဝပ်ခေါက် ရိုးကျိုးစွာ နေထိုင်ရင်း မိမိ၏ နဂိုကိုယ်ပိုင်မူကို သင်းသတ် လိုက်တတ် ကြသည်။

ညံ့ဖျင်းပျင်းရိသူများက “အဖွဲ့အ စည်းမူကို မချိုးမဖောက် အကောင် အထည် ဖော်နိုင်ရန်သာ အဓိက”ဟု ဆင်ခြေပေးတတ်သည်။ ယင်းကို “မလုပ်၊ မရှုပ်၊ မပြုတ် လူမွဲစိတ်ဓာတ်”ဟု သမုတ် ပါသည်။ ထိုသူတို့သည် နောက်ဆုံးတွင် ကိုယ်ပိုင်မူ ပျောက်ဆုံးကာ အရောင်အဝါ မဲ့လာပြီး ကိုယ်ပိုင်မူ ရှိသူတို့၏လက် အောက်တွင်သာ ဘ၀သေနေတတ်ပါ သည်။
ကိုယ်ပိုင်မူ ပျောက်ဆုံးနေသူတို့ သည် စိုင်ကော်၍ ခြုံပေါ်ရောက် ဆိုသ ကဲ့သို့ ကံအကြောင်းတစ်ခုကြောင့် ရာထူး နေရာရသည့်တိုင် မမြဲတတ်ပါ။ အထက် ပုံပြင်ပါ စာ ၃ စောင်ကို နှစ်လို လက်ရ လက်ခံကျင့်သုံး နေမိတတ်သည်။ ထိုသူတို့သည် အချိန်မကြာမီ တတိယစာ ပါအတိုင်း စာသုံးစောင်ရေးကာ မိမိရာ ထူးနေရာမှ နုတ်ထွက်ပေးရတော့သည်။

သို့ဆိုလျှင် ထိုသူအတွက်သာ ဆိုး ကျိုးဖြစ်သည် မဟုတ်ပါ။ ထိုသူပါဝင် နေသည့် အဖွဲ့အစည်းအတွက် သာမက ထိုအဖွဲ့အစည်းကို ဆက်နွယ်မှီခိုသော ဝန်းကျင်တစ်ခုလုံးအတွက် ထိခိုက်နစ်နာ ရတော့သည်။
ခေါင်းဆောင်ကောင်းတို့သည် ကိုယ်ပိုင် မူဟန်ရှိသော အဖွဲ့သားများကို နှစ်သက် လိုလားတတ်ပြီး သေးနုတ်သိမ် ဖျင်းသူတို့သည် ကိုယ်ပိုင်မူဟန်ရှိသူတို့ကို (မိမိထက် ပိုအောင်မြင်ကျော်ကြားမည် စိုးသော မစ္ဆရိယစိတ်ဖြင့်) ရှောင်ရှားဖယ် ထုတ်တတ်သည်။
လက်ရှိ တိုင်းဒေသကြီးအတွင်းရှိ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ သည် သူတပါးထားခဲ့သည့် စာအိတ်များ ကို ကျော်နိုင်သော ကိုယ်ပိုင်မူများရှိကြပါ စေ၊ ကိုယ်ပိုင်မူဟန်ရှိသူအား ချီးမြှောက် ယှဉ်တွဲတတ်ပါစေဟုသာ ဆုတောင်းမိပါ သည်။

ကိုးကား၊ “”Prepare three envelopes” Originating Author: David Vellante ၊ စံ(ဘူမိဗေဒ)