ကော့သောင်း ဘုရင့်နောင်ကုန်းပေါ် ယာဉ်တက်ခွင့် တားမြစ်

0
378

မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ဘု ရင့်နောင်ကုန်းပေါ် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ တက်ခွင့်ပိတ်ပင် လိုက်ပြီဖြစ်ကြောင်း ကော့သောင်းမြို့ နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ ထံမှ သိရသည်။
ကော့သောင်းမြို့၏ အထင်ကရ လည်ပတ်ရာနေရာတစ်ခုဖြစ်သော ဘု ရင့်နောင်ကုန်းပေါ်သို့ ဇန်နဝါရီ ၁၅ ရက်မှစ၍ လမ်းလျှောက်၍သာ တက် ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဘဂွမ်က ပြောကြားသည်။

“တာဝန်အရလာတဲ့ ယာဉ်တွေက လွဲပြီး ဘယ်ယာဉ်မှ တက်ခွင့် မပေး တော့ဘူး။ ကား /ဆိုင်ကယ်ပါကင်ထိုးဖို့ နေရာရှိပြီးမို့လမ်းလျှောက်တက်လို့ ရပါတယ်။ သိပ်မဝေးပါဘူး”ဟု ၎င်းက ဆိုသည်။
လမ်းလျှောက်သွားလာသူများ ယာဉ်အန္တရာယ် မကျရောက်စေရန် ထို သို့ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်တွင် သက်ဆိုင်ရာအဖွဲ့ ပေါင်းစုံ ကွင်းဆင်းစစ်ဆေးပြီးနောက် အများ ဆန္ဒဖြင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်းပေါ်သို့ ကားနှင့် ဆိုင် ကယ်များ အရှိန်ဖြင့် တက်ရောက်ခြင်း၊ မူးယစ်ဆေးဝါး မကြာခဏ ရောင်းဝယ် ခြင်း၊ ထိုင်းနိုင်ငံတွင် ဘုရင့်နောင်ကုန်းကဲ့ သို့သော အထင်ကရနေရာများကို ဝင် ထွက်ရန် စည်းကမ်းသတ်မှတ်လေ့ရှိခြင်း တို့ကြောင့်ထိုသို့လုပ်ဆောင်မှုမှာ ကောင်းမွန်ကြောင်း ကော့သောင်းမြို့ ပိတောင်ရွှေဝါရပ်ကွက်နေ ဦးတင်အောင် က ပြောကြားသည်။

ကော့သောင်းမြို့သို့ လာရောက် လည်ပတ်သော ပြည်တွင်းပြည်ပခရီး သွားများသည် ဘုရင့်နောင်ကုန်းပေါ်သို့ လာရောက်လေ့ရှိသည်။
ဘုရင့်နောင်ကုန်းပေါ် အများပြည် သူ လာရောက်လည်ပတ်ခွင့်ပြုချိန်မှာ နံနက် ၆ နာရီမှ ည ၈ နာရီ အထိ ဖြစ်သည်။