မြိတ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေး တင်ဒါလျှောက်သည့် ကုမ္ပဏီ ခြောက်ခုရှိ

0
408

မြိတ်မြို့နယ်အတွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း အိတ် ဖွင့်တင်ဒါပိတ်သည့် အချိန်ထိ လျှောက် လွှာတင်သည့် ကုမ္ပဏီခြောက်ခုရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောသည်။
လျှပ်စစ်ထုတ်လုပ်ရေးအတွက် တင်ဒါလျှောက်လွှာများကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က စတင်ရောင်းချခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် တင်ဒါ ပိတ်ခဲ့သည်။

တင်ဒါလျှောက်လွှာဝယ်ယူသည့် ကုမ္ပဏီ ၂၆ ခုရှိခဲ့ပြီး ကုမ္ပဏီ ၆ ခုသာ လျှောက်လွှာပြန်တင်ခဲ့ကြောင်း တိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။
လျှောက်ထားသည့် ကုမ္ပဏီများကို တင်ဒါကော်မတီအစည်းအဝေးဖြင့်စိစစ် မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

“(တင်ဒါ)ကော်မတီ အစည်း အဝေးခေါ်ပြီး စိစစ်မယ်၊ ပြီးရင်Cabinet (အစိုးရအဖွဲ့) တင်ပြသွားမယ်”ဟု ၎င်း က ဆိုသည်။
လျှပ်စစ်ထုတ်မည့် ကုမ္ပဏီအနေ ဖြင့် မည်သည့် အရင်းအမြစ်မှ လျှပ်စစ် ထုတ်ရမည်ဟု သတ်မှတ်ထားခြင်းမရှိဘဲ အရင်းအမြစ်ကို တင်ဒါဆွဲမည့် ကုမ္ပဏီ ကသာ ရွေးချယ်ရမည်ဟု ဝန်ကြီးက ပြောဆိုခဲ့ဖူးသည်။

လက်ရှိ မြိတ်မြို့နယ်တွင် လျှပ်စစ် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း ၉ ခုက ဒီဇယ်အသုံးပြုကာ လျှပ်စစ်ဓာတ် အားဖြန့်ဖြူး ပေးလျက်ရှိပြီး ဒီဇယ်ဈေး နှုန်း အတက်အကျအပေါ် မူတည်ကာ ဈေးနှုန်း အပြောင်းအလဲ ရှိသည်။